ကျော်သူ | တနင်္လာနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၀ မိနစ်
လွန်ခဲ့သော ၂၀၀၉ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော် ရဲဖက်၊ လက်တွဲဖော် လက်တွဲဖက် ထူးခြားသော မိတ်ဆွေကြီး တဦး၏ မိခင်ဖြစ်သူ ဒေါ်လှကြည် (ခ) စာရေးဆရာမ ဒေါ်ကြည်ဦး အသက် ၈၄ နှစ်သည် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားပါသဖြင့် ကျွန်ုပ်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အင်တိုက်အားတိုက် စည်းလုံးညီညွတ်စွာဖြင့် နောက်ဆုံးခရီးအား အဆင်ပြေ ချောမွေ့စွာ၊ စည်ကား သိုက်မြိုက်စွာ ပို့ဆောင်ကူညီ သဂြုင်္ိဟ်
ပေးခဲ့ရသည်။
အမေ ဒေါ်ကြည်ဦး၏ သားဖြစ်သူ ကျွန်ုပ်၏ ထူးခြားသော မိတ်ဆွေကြီးမှာ ပြင်ပလောကနှင့် ဝေးကွာ အဆက်ပြတ်
နေကာ မြစ်ကြီးနား အကျဉ်းထောင်တွင် လူမှုရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် ပေးမှုကြောင့် ပြစ်ဒဏ် ၃၅
နှစ် အကျဉ်းကျခံနေရသူ ဖြစ်သည်။ ထို့ကြောင့် ထူးခြားသော မိတ်ဆွေကြီးမှာ မိခင်ဖြစ်သူ၏ နောက်ဆုံး ခရီးအား လိုက်ပါပို့ဆောင်ခွင့် မရခဲ့ချေ။
ထိုစဉ်က ထူးခြားသော မိတ်ဆွေကြီးနှင့် အလားတူ ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင် ဖြစ်သူ
ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေအိမ် အကျယ်ချုပ်ဖြင့် ပြင်ပလောကသို့ ထွက်ခွာခွင့် မရရှိသေးချေ။ သို့သော် အမေစုသည် လူမှုရေး စိတ်ဓါတ် ပြည့်ဝစွာ၊ လူသားချင်း စာနာစိတ်ဖြင့် ကျွန်ုပ်၏ ထူးခြားသော မိတ်ဆွေကြီး၏ မိခင် ဈာပန အခမ်းအနားတွင် “ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ရပါကြောင်း” စာတမ်းပါ နှင်းဆီ ပန်းခြင်းအား ဖဲကြိုးအနက်ရောင်ဖြင့် ကျွန်ုပ်ထံသို့ လူကြုံတဦးဖြင့် မရောက်ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။
ထို့ပြင် ထိုလူကြုံမှ ကျွန်ုပ်အား “အမေက မှာလိုက်တယ်။ ဒီပန်းခြင်းကို ကာယကံရှင်ထံ အရောက်ပို့ပေးပါ” တဲ့။ ကာယကံရှင်မှာ ကျန်ရစ်သူ ထူးခြားသော မိတ်ဆွေကြီး၏ ဖခင်နှင့် အကိုများသာ ရှိတော့သည်။ ကျွန်ုပ်ယုံကြည်မှု တခုရှိသည်။ ကျွန်ုပ်မသေခင် ကျွန်ုပ်၏ ထူးခြားသော မိတ်ဆွေကြီးသည် အကြောင်း အမျိုးမျိုးကြောင့် ပြင်ပသို့ ပြန် လည် ရောက်ရှိကာ ကျွန်ုပ်နှင့် ပြန်လည် တွေ့ဆုံလိမ့်မည်ဟု ယုံကြည်ထားသည်။ အမေဆိုလိုသော ကာယကံရှင်ဟု ဆိုရာ၌ ကျွန်ုပ်၏ ထူးခြားသော မိတ်ဆွေကြီးသာ ဖြစ်တော့သည်။ ထို့ကြောင့် အမေ့၏ မှာကြားချက်အား တာဝန်
ကျေစွာ ထမ်းဆောင်နိုင်ရန်အတွက် ကျွန်ုပ်ဆုံးဖြတ်လိုက်သည်။
ဤတွင် မိခင်ကြီး ဒေါ်ကြည်ဦး၏ ဈာပန အခမ်းအနားသို့ ကျွန်ုပ်ကိုယ်တိုင် နိဗ္ဗာန် မော်တော်ယာဉ်ပေါ် တင်ဆောင်၍
ရေဝေးသုဿန်တွင် ဈာပန အခမ်းအနား ပြီးဆုံးသည့် အချိန်အထိ ကျွန်ုပ်၏ လက်မှ အောက်သို့မချဘဲ ကိုင်ဆောင် ထားခဲ့သည်။ အခမ်းအနား ပြီးဆုံးသည်နှင့် ကျွန်ုပ်သည် ဤလွမ်းသူ ပန်းခြင်းအား ကျွန်ုပ်၏ နေအိမ်သို့ သယ်ဆောင် ထားခဲ့သည်မှာ ယခုဆိုလျှင် နှစ်နှစ်နှင့် ခုနှစ်လခန့် ရှိခဲ့ပြီ ဖြစ်သည်။
ယခု အချိန်တွင် ထူးခြားသော မိတ်ဆွေကြီးသည်လည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြင်ပသို့ လွတ်မြောက်လာပြီ ဖြစ် သည်။ သို့သော် ယခုအချိန်အထိ ထူးခြားသော မိတ်ဆွေကြီးနှင့် တွေ့ဆုံခွင့် မရသေး။ ကျွန်ုပ် တယ်လီဖုန်းဖြင့် အကြိမ် ကြိမ် ဆက်သွယ်ခဲ့သော်လည်း နှစ်ကြိမ်ခန့် လေလှိုင်းထဲမှ စကားပြောခွင့်သာ ရခဲ့သည်။ လူကိုယ်တိုင် တွေ့ဆုံခွင့် ကား မရသေးချေ။
ကျွန်ုပ်တို့၏ နာရေးကူညီမှု အသင်း(ရန်ကုန်)သည် တရားဝင်မှတ်ပုံတင် မကျသေး၍ ကျွန်ုပ်တို့၏အသင်းသို့ ထူးခြား
သော မိတ်ဆွေကြီး မလာရောက်ခြင်းတော့ မဖြစ်နိုင်။ ထူးခြားသော မိတ်ဆွေကြီးမှာ အလုပ်အလွန် များပြားလွန်း လှသောကြောင့်ပင် ဖြစ်မည်ဟု ကျွန်ုပ်ယုံကြည်သည်။ ထို့ကြောင့် ဤစာကို ထူးခြားသော မိတ်ဆွေကြီး ဖတ်မိသည့် အချိန်၌ ကျွန်ုပ်ထံသို့ အလျင်အမြန် ရောက်ရှိလာမည်ဟု မျှော်လင့် မိပါသည်။
* ယင်း လွမ်းသူ့ပန်းခြင်း၏ ထူးခြားချက် *
၂ဝဝ၉ ခုနှစ်၊ မတ်လ ၂ဝ ရက်နေ့မှစ၍ ကိုးရက်တိုင်တိုင် မတ်လ ၂၉ ရက်နေ့ အထိ
နှင်းဆီပန်း ပွင့်များသည် ညှိုးနွမ်းသွားခြင်း လုံးဝမရှိ။ ယနေ့တိုင် ညှိုးနွမ်း သွားသော
နှင်းဆီပန်းခြောက်များသည် ကြွေကျသွားခြင်း လုံးဝမရှိ။
(ယခုစာကို နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌဖြစ်သူရုပ်ရှင်သရုပ်ဆောင် ကျော်သူမှ ရေးသား
ပေးပို့ ခဲ့ခြင်း ဖြစ်သည်။)
Monday, October 17, 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment