ကိုဝိုင်း | သောကြာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၅၀ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကွန်ယက်ဖွဲ့ရေး အယူအဆ ထွက်ပေါ်လာပြီးနောက် လူငယ်ကွန်ယက်အချို့ ပေါ်လာသော်လည်း တခုနှင့် တခု ချိတ်ဆက်မှု အားနည်းနေသေးသည်ဟု ကွန်ယက်အဖွဲ့ဝင်များ က ဆိုသည်။
ပြည်တွင်း လူငယ်အစုအဖွဲ့များအနက် NLD လူငယ်၏ ဗမာတနိုင်ငံလုံးဆိုင်ရာ လူမှုရေး လူငယ်ကွန်ယက် The Whole Burma Social Youth Network SYN ၊ ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်းနှင့် ပါတီအချို့မှ လူငယ်များ ပါဝင်သည့် အမျိုးသားလူငယ်ကွန်ယက် National Youth Network-NYN၊ ပြည်ပအခြေစိုက် မြန်မာနိုင်ငံသားများဆိုင်ရာ နိုင်ငံတကာလူမှု ကွန်ယက် International Network for Burma တို့အကြား လက်တွေ့ ပူးပေါင်းဆောင်ရွက်ရာတွင် အားနည်းနေသည်။
SYN ကို ယခင်လ ၈ ရက်က NLD ပါတီဝင်မဟုတ်သူများနှင့် NLD လူငယ်များ စတင်ဖွဲ့စည်းခဲ့သော်လည်း ကျန်ကွန်ယက်များမှာမူ NLDခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတဝန်းမှ လူငယ် ၂ဝဝ ကျော်တို့ ယခင်လ ၂၈ ရက်တွင် တွေ့ဆုံပြီးမှ ဖွဲ့စည်းကြကြောင်း ကွန်ယက်ခေါင်းဆောင်များထံမှ သိရသည်။
NLD ရန်ကုန်တိုင်းအကူအညီပေးရေးနှင့် NYN တို့အကြား လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုမရှိသေးပဲ စိစစ်ဆဲဖြစ်ကြောင်း အဖွဲ့ဝင် ၁၅ ဦးပါ NLD ရန်ကုန်တိုင်းအကူအညီပေးရေး အဖွဲ့ဝင် ကိုမင်းဟန်က မဇ္ဈိမကို ပြောသည်။
“NYN နဲ့ ထိစပ်ထားတယ်ဆိုတဲ့ အနေအထားပဲရှိပါတယ်။ အဖွဲ့တခုကို သိတယ်ဆိုတဲ့ အနေအထားနဲ့ပဲ မခိုင်မာသေးဘူးလေ။ ဘေးကင်းခြင်း မကင်းခြင်းဆိုတာ ဂရုစိုက်ရအုံးမယ်လေ။ အာဏာပိုင်မှာလဲ လူငယ်ရှိတာပဲ။ လူငယ်ဆိုတိုင်း အကုန်ရောပြီး ဆက်ဆံလို့ရမယ် မထင်ဘူး” ဟု သူက ပြောသည်။
NLD ရန်ကုန်တိုင်းအကူအညီပေးရေးအနေဖြင့် SYN နှင့်ဆက်စပ်နေသည့် အဖွဲ့ငယ် ၇ ဖွဲ့ခန့်နှင့် သွေးအကူအညီပေးရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေးကြေညာချက် ကဲ့သို့ အများသိ သင့်သည့် ကြေညာစာတမ်းများဝေငှခြင်းတို့ လုပ်ကိုင်နေသည်။ SYN နှင့် ဆက်စပ်ထားသည့် အစုအဖွဲ့များတွင် “BG သွေးအလှူပေးရေး”၊ ဆင်းရဲသားများကို ဖန်မီးချောင်းများ လှူသည့် “Light for Public”၊ သွေးစစ်ပေးသည့် “အလင်းသစ်ဦးတည်ရာ” တို့ ပါဝင်ကြောင်း သိရသည်။
NLD လူငယ်အဖွဲ့နှင့် ဆွေးနွေးဆဲသာဖြစ်သည်ဟု ယခုလ ၆ ရက်က ဖွဲ့စည်းခဲ့သော အမျိုးသား လူငယ်ကွန်ယက် (NYN) ကလည်း ပြောသည်။
ကိုမျိုးရန်နောင်သိန်းက “ဆွေးနွေးနေဆဲပါ။ NLD လူငယ်တွေက ကျနော်တို့ လက်ဦးမှုယူတယ်လို့ ထင်ကြတယ်။ တကယ်က မဟုတ်ပါဘူး။ ကျနော်တို့ ဆီမှာ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌဟောင်း ကိုအောင်ဇေယျ၊ ကရုဏာလက်၊ ကရုဏာဖောင်ဒေးရှင်း တို့လဲ ပါပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ကိုမျိုးရန်နောင်သိန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယခုလ ၁၂ ရက်က တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ကွန်ယက် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး လူငယ်များထံမှ အမြင် သဘောထား မေးမြန်းထားသည်ဟု NYN ၏ facebook စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။
“ကျနော်ကပြောပါတယ်၊ အမျိုးသား လူငယ်ကွန်ယက်နဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။ ကွန်ယက် ဘာကြောင့်လိုအပ်တာလဲပေါ့။ ကွန်ယက်ကို ဘယ်လိုကျယ်ပြန့်အောင် လုပ်မလဲပေါ့။ ဒီမေးခွန်းကို လူငယ်တွေ ဖြေပါတဲ့။ လောလောဆယ် ကျနော်တို့ ဖေ့ဘွတ်မှာ တင်ထားတယ်။ အီးမေလ်းဖွင့်ထားတယ်” ဟု မျိုးရန်နောင်သိန်းက ပြောသည်။
NLD ပါတီ၊ NYN တို့နှင့် ဆက်စပ်ထားသော်လည်း ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးသည့် အခြားကွန်ယက်တခုမှာ ပြည်တွင်းမှ နှစ်ဦးအပါအဝင် အမေရိကန်၊ အိန္ဒိယ၊ ထိုင်း၊ ကနေဒါ၊ ဂျပန် နိုင်ငံအခြေစိုက် မြန်မာ စုစုပေါင်း ၂၉ ဦးပါသော မြန်မာနိုင်ငံသားများဆိုင်ရာနိုင်ငံတကာ လူမှုကွန်ယက် International Network for Burma ဖြစ်သည်။
“အခုတော့ သူတို့နဲ့ NYN နဲ့ အကြမ်းဖျဉ်းပဲ သဘောတူညီမှု ရသေးတယ်။ ဦးဇင်းတို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် မဆောင်ရွက်သေးဘူး ဆိုတာ တရားဝင်ထုတ်ပြန်ပါလိမ့်မယ်” ဟု ၂ဝဝ၇ သံဃာ့အရေးအခင်းတွင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ အရှင်ထာဝရက ပြောသည်။
ယခင်လ ၃၁ ရက်က အမေရိကန် ဖို့ဝန်းမှ မြန်မာများအပါအဝင် လူ ၁ဝ ဦးခန့်က လူမှုကွန်ယက်ဖွဲ့ရန် အင်တာနက်မှတဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တင်ပြဆွေးနွေးကာ နိုင်ငံတကာရောက် မြန်မာများထံမှ လူတယောက်ကို တဒေါ်လာ စုဆောင်းပြီး မြန်မာ့ဒီမိုကရေစီရေး ကူညီသွားရန် ရည်ရွယ်ကြောင်း သိရသည်။
ယခုလို NLD အပါအဝင် NLD ကို ဝန်းရံရေးနှင့် ဒီမိုကရေစီအရေးအတွက် ကွန်ယက်များ စတင် ပေါ်ပေါက်လာသကဲ့သို့ နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ၅ ဖွဲ့ကလည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် မနက်ဖြန် ရန်ကုန်၌ တွေ့ဆုံကြမည် ဖြစ်သည်။
Friday, January 14, 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment