Saturday, June 2, 2012

ဒေါ်စု အကျိုးသက်ရောက်မှုကို ကမ္ဘာက သိပြီ


မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ရှေ့လတွင် နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူအပြီး အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်တွင် မိန့်ခွန်းပြောလျှင် ယင်းသည် အရှေ့တောင်အာရှ ဒေသကြီးအတွက် သမိုင်းဝင် နေ့တနေ့ ဖြစ်လိမ့်မည်။

မည်သည့် အတိုက်အခံ ခေါင်းဆောင်မျှ ထိုသို့သောဂုဏ်ပြုမှုမျိုးကို မရရှိခဲ့ဖူးသေး၍ ပင်ဖြစ်သည်။ လွန်ခဲ့သော လပေါင်း အတော်များများကပင် ထိုသို့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းများ ပြည်တွင်းပြည်ပ မီဒီယာ များ၌ လွှမ်းမိုးနေခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်များ မြန်မာပြည်သို့ လာရောက် လည်ပတ်ကြရာတွင်လည်း
နေပြည်တော် ရှိ အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံသည့် သတင်းထက် သူနှင့် တွေ့ဆုံသည့် သတင်းက ပိုအရေးပါ ကာ မီဒီယာများ တွင် အသားပေး ဖော်ပြခြင်း ခံခဲ့ရသည်။ အချို့သော ဥရောပနိုင်ငံ ခေါင်းဆောင်များဆိုလျှင် အစဉ်အလာ သံတမန် ထုံးတမ်းများကိုပင် ဘေးချိတ်ကာ အိမ်ရှင် အစိုးရ ခေါင်းဆောင်များထက် သူ၏ အင်းယားကန် နံဘေး အိမ်တွင် ပိုမိုအချိန်ပေးကာ အသားပေး တွေ့ဆုံခဲ့ကြသည်။

သူ လျှောက်နေသော လမ်းမှာ နိုင်ငံရေးအရ တိုက်ပွဲဝင်မှုပုံစံ မတူသော်လည်း သူ့ရှေ့က နိုဘယ်ဆုရှင် နယ်လ်ဆင် မင်ဒဲလား လျှောက်လှမ်းခဲ့သည့် ပုံစံအတိုင်းပင် ဖြစ်သည်။
calintonmeetdassk
မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက်ကလင်တန်တို့ ရန်ကုန်မြို့၌ တွေ့ဆုံစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

သူကလည်း ဒီမိုကရေစီပန်းတိုင်ကို အကြမ်းမဖက် လမ်းကြောင်းဖြင့် သွားလိုသည်။ နယ်လ်ဆင် မင်ဒဲလားကလည်း လူဖြူလူမဲ ခွဲခြားမှု စနစ်ဆိုးကြီးကို ထိုသို့ပင် အကြမ်းမဖက် ပုံစံဖြင့် သွားလိုခဲ့သည်။ ယခုလို အချိန်မျိုးတွင် သူ့အနေဖြင့် နယ်လ်ဆင် မင်ဒဲလားလို သြဇာမျိုး၊ အောင်မြင်မှုမျိုး ရနိုင်ပါ့မလားဆိုသည်မှာမူ ပြောဘို့ရန် စောပါသေးသည်။

ငြင်း၍ မရသည့် အချက်မှာ ကမ္ဘာနှင့် အာဖရိကတိုက်တွင် တောင်အာဖရိကနိုင်ငံ၏ အရေးပါမှုနှင့် သူ့နိုင်ငံရေးစန်း၊
စေ့စပ်ကြေအေးလိုသည့် စိတ်ဓါတ်တို့က နယ်လ်ဆင် မင်ဒဲလားကို ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင် အဆင့်အတန်းသို့ တွန်းတင်ပေးခဲ့သည်။ ပရီတိုးရီးယားရှိ အစိုးရကလည်း မင်ဒဲလား၏ စန်းနှင့် ကမ္ဘာ့ထောက်ခံမှုကို အမြော်အမြင်ရှိရှိ အသုံးချကာ နယ်ပယ်စုံတွင် ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အသုံးချနိုင်ခဲ့သည်။ ၂ဝ၁ဝ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် သာမက ဂျီ ၂ဝ အုပ်စု အစည်းအဝေးတွင်လည်း တောင်အာဖရိက နိုင်ငံ ထည်ထည်ဝါဝါ ရပ်တည်နိုင်ရေးနှင့် ဘရစ်(BRICS)ဟု ခေါ်သော ဘရာဇီး၊ ရုရှ၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိက
နိုင်ငံတို့ ပါဝင်သည့် ကမ္ဘာ့အင်အားစုကြီး တရပ် ပေါ်ထွက်လာရေးတို့တွင်လည်း မင်ဒဲလားက အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့သည်။

အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး တိုက်ပွဲများနှင့် ခွင့်လွှတ် ကြေအေးလိုသော သဘောထား တို့ကြောင့် ပထမဆုံး
တောင်အာဖရိက လူမဲသမ္မတကြီးသည် ကမ္ဘာ့ ရောက်လေရာ နေရာတိုင်း၌ ချီးကျူးဂုဏ်ပြုမှုကို ခံယူခဲ့ရသည်။ တိုင်းပြည်အတွက် နိုင်ငံတကာ၏ စာနာထောက်ခံမှုကို အရယူ ပေးနိုင်ခဲ့သည်။

ထိုအတိုင်းပင် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာအရှိန်အဝါသည်လည်း တက်လာနေပါသည်။ သူသည်လည်း
ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တဦးအနေဖြင့် သူ၏ စန်း၊ သူ၏ ငြိမ်းငြိမ်း ချမ်းချမ်း ဒီမိုကရေစီတိုက်ပွဲဝင်ရေး လမ်းစဉ်တို့ကို သယ်ဆောင်ကာ ၂၄ နှစ်အတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်း၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေ နှင့် အိုင်ယာလန်နိုင်ငံများသို့ ခရီး လှည့်လည်ပါလိမ့်မည်။

သူ၏ ထိုင်းခရီးစဉ်မှာ အလွန်နက်ရှိုင်းသော အဓိပ္ပါယ်များ ရှိနေပါသည်။ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံမှာ ကီလိုမီတာ ၂,၄ဝဝ ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေပြီး အတိုက်အခံ တိုင်းရင်းသားအဖွဲ့များ အခြေစိုက်ရာ နေရာလည်း ဖြစ်နေပါ သည်။ လူနည်းစု လူမျိုးစုများနှင့် အောင်မြင်သည့် ရင်ကြားစေ့ရေး အစီအစဉ်တရပ် ပေါ်ပေါက်ရေးတွင် ထိုင်းနိုင်ငံ၏
ထောက်ခံမှုကို လိုအပ်ပါလိမ့်မည်။
dcmeds
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းအား ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ခြံဝင်းအတွင်း လိုက်လံပြသနေသည်ကို ဧပြီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

ထို့ပြင် ဂုဏ်သိက္ခာကြီးမားသော ကမ္ဘာ့စီးပွါးရေးဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့
နှစ်ဦးလုံး တက်ရောက်လာခြင်းကလည်း မြန်မာနိုင်ငံရှိ ဆောင်ရွက်ဆဲ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများအပေါ်
နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို တိုး၍ ရရှိစေပါလိမ့်မည်။

သူတို့ နှစ်ဦးအကြား တဦးနှင့်တဦး ယုံကြည်မှု ရှိနေသမျှ တချိန်က အစွန့်ပယ်ခံနိုင်ငံအပေါ် စိတ်စေတနာကောင်း ထားမှုများကို မပျက်သွားရအောင် ထိန်းသိမ်းထားနိုင်ပါလိမ့်မည်။ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လက်နက်ကိုင် တိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ ဖြစ်သော်ငြားလည်း ထိုပုဂ္ဂိုလ်နှစ်ဦးက မြန်မာနိုင်ငံကို
ဒေသတွင်းနှင့် ကမ္ဘာ့ အသိုင်းအဝိုင်း အကြား ဝင်ဆံ့အောင် လုပ်နိုင်ခဲ့ကြပါသည်။

ဘန်ကောက် ခရီးစဉ်အပြီးတွင် သူ ဥရောပခရီးစဉ် ဆက်လက်ထွက်ခွါသွားပါလိမ့်မည်။ သူ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ထင်ရှားမှုကို ပိုမိုရရှိစေပါလိမ့်မည်။ ဂျီနီဗာရှိ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်၌ မိန့်ခွန်းပြောခြင်း အပြင် ဇွန်လ ၁၆ ရက်နေ့၌ နိုဘယ်ငြိမ်းချမ်းရေး ဆုပေးရေး ကော်မတီက အော်စလိုတွင် ပြုလုပ်မည့် ဆုပေးပွဲ အခမ်းအနားသို့လည်း သူ တက်ရောက်ပါလိမ့်မည်။ ၁၉၉၁ နှစ်က ထိုဆုကို ရရှိအပြီး ၂၁ နှစ်ကြာမှ ထိုအခမ်းအနားသို့ တက်ရောက်နိုင်ခြင်းဖြစ်ပါလိမ့်မည်။

ထိုအချိန်က သူသည် နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်ပြီး နိုင်ငံခြားသို့ ခရီးထွက်ခွင့် မရှိခဲ့ပါ။ နော်ဝေပွဲ အပြီး၌ သူသည် ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောပြီး အိုင်ယာလန် နိုင်ငံသို့ ရက်တိုခရီးစဉ် ဆက်လက် ထွက်ခွါမည် ဖြစ်ပါ သည်။ ပထမဆုံး အာဆီယံနိုင်ငံ တနိုင်ငံမှ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်တဦး အနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ အထူးတလည် လိုအပ်နေသော ဒီမိုကရေစီ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်မျှော်မှန်းချက်များကို ရရှိရေးအတွက် စွမ်းဆောင်
ပေးနိုင်ပါလိမ့်မည်။ အဖွဲ့ဝင် အင်ဒိုနီးရှား နိုင်ငံလိုပင် တချိန်က ဒီမိုကရေစီရေး၌ အနိမ့်ကျဆုံး ဖြစ်ခဲ့ရာမှ အဖွဲ့ကြီး၏ အဓိက မောင်းနှင်အား ဖြစ်ခဲ့သလိုပင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း မြန်မာနိုင်ငံ၏ အနေအထားကို အာဆီယံအ ဖွဲ့ကြီး အတွင်းသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကြား၌လည်း ဂုဏ်သတင်း မွှေးပျံ့အောင် စွမ်းဆောင်ပေးနိုင် ပါလိမ့်မည်။

အကောင်းဆုံးရလဒ် ထွက်ပေါ်လာရေးအတွက်ဆိုလျှင် အာဆီယံအဖွဲ့ကြီး၏ လက်သုံးစကားကို ငှါးရမ်းသုံးစွဲရမည် ဆိုပါက ဒေသတွင်းနိုင်ငံများနှင့် သန်းပေါင်း ၆ဝဝ မျှသော ထိုနိုင်ငံသားများနှင့် “ဆက်သွယ်မှု”ကို သူ ကြိုးစား တည်ဆောက်ရပါဦးမည်။ ယခု လောလောဆယ်တွင်တော့ သူသည် အနောက်နိုင်ငံများ၏ စံသတ်မှတ်ချက် ထုံးတမ်း စဉ်လာများနှင့်သာ အသားကျနေပါသေးသည်။ အချိန် ကြာလာသည်နှင့်အမျှ တချိန်က သူ့ကို စွန့်ပစ်ထားခဲ့သော
ဒေသတွင်း နိုင်ငံများနှင့် ပိုမိုနီးစပ် လာပါလိမ့်မည်။

တဘက်တွင် ရီစရာကောင်းသည်မှာ အာဆီယံအဖွဲ့ကြီးသည် တချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ပုံသွင်းပုံဖော်နိုင်မည့် အဖွဲ့အစည်း အမျိုးအစားတခု ဖြစ်နေခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ယူရသည့်အခါ နေပြည်တော်ရှိ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အနေဖြင့် သူတို့သာဆန္ဒရှိလျှင် အာဆီယံ၏ ပေါင်းစည်းမှုနှင့် ပွင့်လင်းမှု တို့အတွက် တာဝန်ကို ထမ်းဆောင်ပေးနိုင်ပါလိမ့်မည်။ သူ၏ နိုင်ငံရေး အနာဂါတ် ယခုအတိုင်း ဆက်လက် ပွင့်လန်းနေဦးမည် ဆိုလျှင် နိုင်ငံ၏ အနာဂါတ် ခေါင်းဆောင်တဦးလည်း
ဖြစ်လာနိုင် ပါသေးသည်။ ထိုသို့ဆိုလျှင် အာဆီယံအဖွဲ့ကြီး၏ ရှေ့လုပ်ငန်းစဉ်များကို သူကိုယ်တိုင် ချမှတ်လာနိုင် ပါလိမ့်မည်။

သူသည် တဖြေးဖြေးနှင့် အာဆီယံ၏ လူကြိုက်အများဆုံး အထင်ရှားဆုံး နိုင်ငံရေး သမားတဦး ဖြစ်လာနေပါသည်။
dsmeetGiulioTerzi6
အီတလီနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Giulio Terzi နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ဧပြီလ ၂၆ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)

လွန်ခဲ့သောနှစ် သြဂုတ်လ သမ္မတ ဦးသိန်းစိန်နှင့် သူတွေ့ဆုံပွဲ အပြီးကတည်းက အာဆီယံ အဖွဲ့ကြီးသည် သူ၏ ဒီမိုကရေစီရေး တိုက်ပွဲကို ပိုမိုထောက်ခံလာခဲ့ပါသည်။ ၁၉၉ဝ နှင့် ၂ဝ၁၁ အကြား ကာလတွင် သူနှင့် အာဆီယံ
ခေါင်းဆောင်များ အကြား ဆက်ဆံရေးမှာ အတော် ဆိုးရွားခဲ့ပါသည်။ ရန်ကုန် အခြေစိုက် အာဆီယံနိုင်င်ငံများမှ သံတမန်များနှင့် သူ တွေ့ဆုံရန် စီစဉ်ထားခဲ့သော ၁၉၉၅ ဂျူလိုင်ပွဲ ပျက်သွားပြီးကတည်းက နှစ်ဘက်လုံးက မတွေ့ဘဲ ရှောင်နေခဲ့ကြသည်။ ထိုအချိန်က အာဆီယံ အဖွဲ့ကြီးသည် မြန်မာအစိုးရ၏ ဖိအားကြောင့် အထီးကျန် အတိုက်အခံခေါင်းဆောင်နှင့် တွေ့မည့် အစီအစဉ်ကို အစိုးရအလိုကျ ဖျက်သိမ်းခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလကျမှ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ် နှင့် တွေ့ဆုံကာ နှစ်ဘက်အကြား
အေးခဲနေခဲ့သော ဆက်ဆံရေးကို ပထမဆုံး အကြိမ်အဖြစ် ပြန်လည် နွေးထွေးလာအောင် လုပ်နိုင်ခဲ့သည်။ ဒေါ်စုနှင့်
တွေ့ပြီးကတည်းက ဒေါက်တာ ဆူရင် တယောက်ကတော့ ဒေါ်စု၏ အခန်းကဏ္ဍအပေါ် ချီးကျူးခန်း ဖွင့်နေခဲ့သည်။

“သူသည် မြန်မာတနိုင်ငံလုံး လူထုကို နိုးကြွလာအောင် လုပ်နိုင်သည့်သူဖြစ်ပြီး အာဆီယံ အဖွဲ့ကြီး အတွင်းရှိ ပြည်သူ များ၊ အထူးသဖြင့် အပယ်ခံ အောက်ဆုံးအလွှာအတွက် မျှော်လင့်ချက်လည်း ဖြစ်ပါသည်။”

ထိုအချိန်ကတည်းက စ၍ ဒေါ်စုကလည်း အာဆီယံနှင့်စပ်လျဉ်းပြီး မိမိ၏အမြင်သဘောထားများကို ထုတ်ဖော် ပြောဆို
နေခဲ့ပါသည်။ အာဆီယံ အခြေစိုက် ထိပ်တန်း စီးပွါးရေးသမားများနှင့် ဖေဖော်ဝါရီလ အတွင်း တွေ့ဆုံစဉ်က သူ၏ “ရိုးရှင်းသော ရည်မှန်းချက်” ဖြစ်သော မြန်မာနိုင်ငံ ထပ်မံဖွံ့ဖြိုး တိုးတက်လာပြီး နောက် ၁ဝ နှစ်အတွင်း အာဆီယံ
နိုင်ငံအချို့ကို ကျော်တက် သွားသည်ကို မြင်လိုကြောင်း ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော် ပြောဆိုခဲ့ပါသည်။ လက်ရှိ
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ နောက်ပြန်မလှည့်ဘူး ဆိုလျှင်၊ လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း အတိုင်း ဆက်သွားနေမည်ဆိုလျှင် အနောက်နိုင်ငံက ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို ထိထိရောက်
ရောက် ပြန်လည် ရုပ်သိမ်းလိုက်မည်ဆှိုလျှင် ဒေါ်အောင်ဆန်း စုကြည်၏ အိပ်မက် အမှန်တကယ် အကောင်အထည်
ပေါ်လာပါလိမ့်မည်။

နောက်ကြောင်းကို ပြန်လည် သုံးသပ်ရမည်ဆိုလျှင် အာဆီယံခေါင်းဆောင်အချို့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို
ပြန်လည်တောင်းပန်ဘို့ လိုပါသည်။ ယခုလက်ရှိ သူ၏ အခန်းကဏ္ဍနှင့် အဆင့်အတန်းကို ထောက်ထားလျှင် သူ အကျယ်ချုပ်ကျနေစဉ် သူ့အပေါ် တချိန်က ပြောဆိုခဲ့သော ခြိမ်းခြောက်သည့် သဘောဆောင်သည့် မှတ်ချက်များ အတွက် တောင်းပန်ရန် လိုအပ်ပါသည်။ သူ မလွတ်မီကဆိုလျှင် အာဆီယံ ခေါင်းဆောင်များသည် သူနှင့်တွေ့ဆုံရန် ကိစ္စကို ရှောင်ရှားခဲ့ကြပါသည်။ ဝန်ကြီးချုပ် ချွမ်လိပိုင် တဦးတည်းသာလျှင် သူ၏ ဝန်ကြီးချုပ်သက်တမ်း ၁၉၉၇ မှ ၂ဝဝဝ ခုနှစ်အတွင်း သူ့ကို ဒေါ်စုနှင့် တွေ့ခွင့်မပြုသည့် အတွက်ဆိုကာ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရန်
ငြင်းဆန်ခဲ့သည့် တဦးတည်းသော ထိုင်းဝန်ကြီးချုပ် ဖြစ်ပါသည်။ ၁၂ နှစ် ကြာပြီးမှသာ ချွမ်လိပိုင်သည်
ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုနှစ်မှ ရန်ကုန်တွင် တွေ့ဆုံနိုင်ခဲ့ပါသည်။
william-hague-and-suu-kyi-speak-to-the-press-1
မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ် William Hague နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် သတင်းထောက်များအား သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)။

အခက်အခဲနှင့် ပြဿနာများ ရှိနေခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပင်ကိုယ် အားဖြင့် သူသည် အသွင်
ပြောင်းလဲရေးအတွက် လုပ်ဆောင်နိုင်သော ခေါင်းဆောင်တဦး ဖြစ်ကြောင်း၊ ဥပဒေ စည်းကမ်းအတိုင်းသာ လုပ်တတ် သူတဦးဖြစ်ကြောင်း၊ ရန်ဘက်များအပေါ် ရန်မလိုဘဲ စေ့စပ် ကြေအေးလို စိတ်သာရှိသူဖြစ်ကြောင်း ပြသနိုင်ခဲ့ပါသည်။ သူသည် အခြား အာဏာ ဆာလောင် မွတ်သိပ်နေသော အာဆီယံခေါင်းများနှင့်မတူ တမူခြားနားသူ ဖြစ်ပါသည်။ ထိုခေါင်းဆောင်များက မကြာခဏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီအခွင့်အလမ်း ပိတ်ပင်မှုများ ပြုလုပ်
လေ့ ရှိကြပြီး မိမိတို့ တင်းတင်းကြပ် ကြပ်ချုပ်ကိုင်ထားသော အာဏာကို စီးပွါးရေးဖွံ့ဖြိုးမှုဖြင့် ကာကွယ် ထိန်းသိမ်းထား လိုသူများ ဖြစ်ကြပါသည်။

အာဆီယံ အဖွဲ့ကြီး၏ ဦးစီးပဲ့ကိုင် ခေါင်းဆောင်တဦးကို ဒေသတွင်းနိုင်ငံများ မြင်တွေ့ခွင့် ရမရ ဆိုသည်မှာမူအခြေအနေ များကို သူဘယ်လောက် လေ့လာနိုင်စွမ်းရှိသည် သူ၏ အခန်းကဏ္ဍကို နိုင်ငံ နယ်နိမိတ်ကို ကျော်လွန်၍ တည်ဆောက် ထားနိုင် မနိုင်ဆိုသည့် အချက်များပေါ်တွင် မူတည်နေပါသည်။

မည်သို့ပင်ဖြစ်စေ အတိုက်အခံ ခေါင်းဆောင်တဦးအနေဖြင့် သူ့ အဓိက လုပ်ကိုင်ရမည်မှာ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းကို တကယ် လုပ်ဆောင်နိုင်စွမ်းရှိသူ ဖြစ်ကြောင်း ပြသနိုင်ရမည်ဖြစ်ပြီး သူ၏ နိုင်ငံသားများအတွက်လည်း စားဝတ်နေရေး ဖူလုံမှုကို ဆောင်ကြဉ်းပေးနိုင်ရမည် ဖြစ်ပါသည်။

ထိုမှတဆင့်တက်၍သာ ဒေသတွင်း နိုင်ငံများနှင့် ပြည်သူများအတွက် သူ စွမ်းဆောင်နိုင်လိမ့်မည် ဖြစ်ပါသည်။ ။

ကာဝီ ချုံကစ်တာဝုန် သည် အာရှရေးရာနှင့် အာဆီယံရေးရာ ကျွမ်းကျင်သူဖြစ်သည်။

အတိုက်အခံနှင့်အလုပ်သမားများ မဲဆောက်မှာ ဒေါ်စုနှင့် မတွေ့လိုက်ရ

ဖနိဒါ | တနင်္ဂနွေနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၂ ခုနှစ် ၀၀ နာရီ ၁၈ မိနစ်

ချင်းမိုင်(မဇ္စျိမ)။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်မရလိုက်၍ ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများနှင့် အလုပ်သမားများက စိတ်ကောင်းဖြစ်ရကြောင်း ပြောသည်။

စနေနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မဲဆောက်မြို့ လေဆိပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာဒုက္ခသည် အများအပြား နေထိုင်နေသော မယ်လဒုက္ခသည် စခန်းသို့ တိုက်ရိုက် သွားရောက်ခဲ့သော်လည်း ဒုက္ခသည်များနှင့် နုတ်ဆက်ခွင့် မရဘဲ စခန်းလူကြီးများနှင့်သာ တွေ့ဆုံခဲ့သည်ဟု သိရသည်။

ပြည်ပ အတိုက်အခံအဖွဲ့အစည်း ခုနှစ်ဖွဲ့မှ ကိုယ်စားလှယ်များက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့် မရခြင်းမှာ မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့အကြာ မျက်နှာပျက်မှာ စိုးရိမ်သဖြင့် တွေ့ဆုံမည့် အစီအစဉ်ကို ဖျက်လိုက်ရခြင်း ဖြစ်နိုင်ကြောင်း ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD မှ အတွင်းရေးမှူး
ဒေါက်တာနိုင်အောင်က ပြောသည်။

“မနက်က တွေ့ဖို့ ကျနော်တို့ ခုနှစ်ဖွဲ့ လူစာရင်းပေးထားတာ ရှစ်ယောက် သွားပါတယ်။ မြန်မာအစိုးရနဲ့ မျက်နှာပျက်မှာဆိုးလို့ ထင်တယ်။ သူတို့နိုင်ငံဆိုတော့ ဒေါ်အောင်ဆန်း စုကြည်လည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ တွေ့မရတော့ ကျနော်တို့ တင်ပြချင်တာတွေ မရဘူးပေါ့။ စိတ်မောလူမော ဖြစ်သွားတာပေါ့” ဟု မဇ္စျိမကို ပြောသည်။

NDD၊ လူ့အခွင့်အရေး ပညာပေးရေးဌာန-မြန်မာနိုင်ငံ(HREIB)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ဗကသ နိုင်ငံခြားရေး ကော်မတီ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တို့ စသည့် ပြည်ပရောက် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခွင့် မရခဲ့ခြင်း ဖြစ်သည်။

ထိုအဖွဲ့အစည်းများက ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် NLD ထံ တောင်းဆိုခဲ့သေးသည်။

NLD အလံများ ကိုင်ဆောင်ခြင်း၊ မယ်တော်ဆေးခန်းတွင် NLD သီချင်းများဖွင့်လှစ်၍ ကြိုဆိုနေခြင်း၊ အလုပ်သမား အခွင့်အရေး ရရှိရေး၊ အမေစုကျန်းမာပါစေ၊ ဒီမိုကရေစီ အမြန်ဆုံး ရရှိပါစေ ဟူသော
ကြွေးကြော်သံများဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လူပေါင်း ၄,၀၀၀ ကျော်ခန့် လာရောက် ကြိုဆိုခဲ့သည်ဟု မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ရုံးအဖွဲ့မှူး ကိုမျိုးဇော်က ပြောသည်။

“ကျနော်တို့က အရမ်းဝမ်းသာတယ်။ စိတ်ထဲမှာလည်း စိတ်ခွန်အားတွေ ဖြစ်မိတယ်။ နောက်ပြီးတော့ ဝမ်းလည်း ဝမ်းနည်းတယ်။ ဝမ်းနည်းတာက တခြားမဟုတ်ဘူး။ မနက်မိုးလင်း ကတည်းက တနေကုန်စောင့်နေတာ။ ကျနော်ဆို မျက်နှာလေးပဲ တွေ့လိုက်ရတယ်။ စိတ်ထဲမှာ မကောင်းဘူး။ ကျနော်တို့ထင်တာက ဆေးခန်းကို လာမယ်။ ဒေါ်စု မိန့်ခွန်းစကားတွေ နားထောင်မယ်။ အဲဒီလို မတွေ့လိုက်ရတော့ စိတ်ထဲမှာ ဝမ်းနည်းတယ်”ဟု မဇ္ဈိမကို ဆက်ပြောသည်။

မယ်လ ဒုက္ခသည်စခန်းရှိ ဆေးရုံမှ လူနာများအား တနာရီခန့်ကြာ ကြည့်ရှု အားပေးခဲ့သော်လည်း ဒုက္ခများနှင့် နုတ်ဆက်ခွင့် မရသလို၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို ကြားခွင့် မရလိုက်သဖြင့် ဝမ်းနည်းရသည်ဟု မယ်လဒုက္ခစခန်းတွင် နေထိုင်နေသော မမြတ်သူက ပြောသည်။

“ကျမကတော့ လာတာကိုပဲ အရမ်းပျော်တယ်။ သေပျော်ပြီလို့တောင် ခံစားရတယ်။ အရမ်းဝမ်းသာနေပြီ။ စကားပြောခွင့်လည်း မရလိုက်ဘူး။ ဒီလောက်နဲ့တော့ ကျေနပ်တယ်။ ဖြစ်နိုင်ရင် စတိတ်စင်မှာ ဒေါ်စုကို စကားပြော စေချင်တယ်။ ဒါပေမယ့် မရလိုက်ဘူး၊ မရတော့ အရမ်း ခံစားရတယ်။ ကျမတို့ ဆုံးရှုံးလိုက်တာပေါ့” ဟု မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို မကြားလိုက်ရသဖြင့် အတိုင်းမသိ ခံစားရသည်ဟု မဲဆောက်မြို့မှ
မြန်မာစေတနာ့ဝန်ထမ်း အသင်းမှ ကိုအောင်ဒင်က ပြောသည်။

“တမနက်လုံး ပန်းစည်းပေးဖို့ ဆိုပြီး လုပ်နေကြတာ။ တွေ့လိုက်တော့လည်း စက္ကန့်ပိုင်းလေးသာသာလေးပဲ။ တံခါးကို ဖွင့်ပြီးလက်ရမ်းနုတ်ဆက်တော့ ပုလိပ်တွေက အတင်းမောင်းပြီးထွက်သွားလိုက်တာလေ။ ဘာမှ မပေးလိုက်ရဘူး။ ဒါပေမယ့် တော်တော်လေး ခံစားရတယ်။ မယ်လက ပြန်လာရင်လည်း
လေယာဉ်ကွင်းနားမှာ လူတွေကို လက်ပြ နှုတ်ဆက် တာလောက်နဲ့ ပြီးသွားတယ်။ အတိုင်းအတာ မရှိ ခံစားရတယ်” ဟု မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မြို့နယ်သို့ သွားရောက်ခဲ့သည့် အစီအစဉ်နှင့် ကွာခြားမှု ရှိနေပြီး လက်ရှိ မဲဆောက်မြို့သို့ ရောက်ရှိလာသော တွေ့ဆုံမည့် အစီအစဉ်များအားလုံးကို ထိုင်းအာဏာပိုင်များအနေဖြင့် တမင်သက်သက် ဖျက်သိမ်းသည့် ပုံစံမျိုး သက်ရောက်နေသည်ဟု HREIB ဒါရိုက်တာ ကိုအောင်မျိုးမင်းက
ပြောသည်။

“ကျနော်တို့ကတော့ တွေ့ချင်တယ်ဆိုပြီး အစောကြီးကတည်းက စာပို့ထားတယ်။ လူသိရှင်ကြား
ပြောထားတာပဲ။ ဆက်လည်း ဆက်သွယ်ထားတာပဲ။ ဒါပေမယ့် တွေ့ခွင့်မရတာက စိတ်မကောင်းဘူး။ ကျနော်တို့ မတွေ့ရတာမကပဲ။ ဒီမှာ လေယာဉ်ကွင်းရှေ့မှာ မြန်မာပြည်သား အလုပ်သမားတွေ ထောင်နဲ့ချီ
စောင့်နေတယ်။ ကျနော်တို့ဘက်က ဒေါ်စုနဲ့ တွေ့ဖို့ တခြားနည်းလမ်း ရှာလို့ ရပေမယ့် အလုပ်သမားတွေ အနေနဲ့ ဒီလိုမျိုးဖြစ်နိုင်မယ်ဆိုတဲ့ အခြေအနေမျိုး မတွေ့ရတဲ့အတွက် သူတို့ကို ကြည့်ပြီးတော့ စိတ်ထဲမှာ မကောင်းဘူး” ဟု မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ အရှေ့အာရှဆိုင်ရာ စီးပွားရေးညီလာခံသို့ တက်ရောက်ခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးများကို ထိုင်းဒုဝန်ကြီးနှင့်တွေ့ဆုံကာ မြန်မာအလုပ်သမား အများအပြားနေထိုင်သည့် မဟာချိုင်တွင်လည်း
နှစ်ကြိမ်သွားရောက်စဉ် မိန့်ခွန်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဘန်ကောက်မြို့သို့ ထွက်ခွာသွားပြီး တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့သို့ ပြန်မည် ဖြစ်ကြောင်း သိရသည်။

Wednesday, May 30, 2012

ဒီပဲယင်း သမိုင်းမှန် ပေါ်ချင်သူ


(ဒီပဲယင်း ၉ နှစ်ပြည့် အထူးအင်တာဗျူး)

ရန်ကုန် (မဇ္ဈိမ) ။ ။ ၂ဝ၁၂ ခုနှစ်၊ မေလ ၃ဝ ရက်နေ့သည် ဒီပဲယင်း အရေးအခင်း ၉ နှစ် ပြည့်မြောက်သည့်နေ့
ဖြစ်သည်။ ၂ဝဝ၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းမြို့နယ် ကျီရွာတွင် တိုက်ခိုက် ခံခဲ့ရသည့် ယင်းဖြစ်ရပ် တွင် မည်သူက အကွက်ချစီမံ၍ မည်သူ ဦးဆောင်ခဲ့သည်၊ မည်သူများ ပါဝင်ခဲ့သည် ဆိုသည် ကို ယနေ့တိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ဖြစ်ရပ်မှန်သမျှ သမိုင်းချည်းပင် ဖြစ်သည်။ သမိုင်းသည် အကောင်းဆုံး ဥပမာ ဖြစ်သည်။ သမိုင်းမှ သာဓကယူ ဆန်းစစ်ရသည်။ ခေတ်အဆက်ဆက် သမိုင်းစစ်ကို ရှာဖွေတူးဆွသူများ ရှိခဲ့သလို သမိုင်းကြောင်း၌ ကမ္ဗည်းတင် မခံဝံ့သူတို့က ဖြစ်ရပ်ဟောင်းကို ဖုံးဖိပြောင်းလဲရန် ကြိုးစားခဲ့ကြသည်။

ဒီပဲယင်း အရေးအခင်းကို သမိုင်းအဖြစ်မှန်အဖြစ် တရားဝင် ပေါ်ပေါက်စေလိုသူများအနက် ဒီပဲယင်းလုပ်ကြံမှု၏ အဓိကပစ်မှတ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အားထုတ်ခဲ့သူ တဦးဖြစ်သည့် ထိုစဉ်က
ဒေါ်အောင်ဆန်းစုကြည် စီးနှင်းသည့် ကားကို မောင်းနှင်ခဲ့သူ ကိုကျော်စိုးလင်းလည်း ပါဝင်နေသည်။
kyawsolwin
သမိုင်းကို အဖြစ်မှန်အတိုင်း ဖြစ်စေချင်သူ ကိုကျော်စိုးလင်း (၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကားကို မောင်းနှင်ခဲ့စဉ်က ကိုကျော်စိုးလင်းသည် ဒုတိယနှစ် ဥပဒေကျောင်းသား အရွယ်ဖြစ်သည်။)

ဒုတိယနှစ် ကျောင်းသားအရွယ်သာ ရှိခဲ့သော်လည်း လုပ်ကြံမှု ဖြစ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးဆုံး
နေရာတွင် ရှိခဲ့ပြီး မျက်မြင်သက်သေလည်း ဖြစ်သည့် ကိုကျော်စိုးလင်းနှင့် ဒီပဲယင်း ကိုးနှစ်ပြည့်အဖြစ် မဇ္ဈိမသတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့ပါသည်။


ဒီပဲယင်းကိစ္စ ၉ နှစ်ပြည့်တော့မယ် ဒီအချိန်မှာ ဘယ်လိုခံစားရလဲ။

ပြန်ပြီးတော့ သတိရနေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စ
ကျနော့်စိတ်ထဲမှာ သူတို့ကို ပြန်ပြီး ထိခိုက်ပါစေ၊ နစ်နာပါစေ၊ ဟိုဟာဖြစ်ပါစေဆိုတဲ့ ဆန္ဒမရှိဘူး။ ဒါပေမယ့် အဖြစ်မှန်လေးကိုတော့ ပေါ်ပေါက်
စေချင်တယ်။ တနေ့ထက် တနေ့တော့ အဲ့ဒီ ခံစားချက်လေးတော့ ရှိနေတာပေါ့။

ကြီးကတရားဝင် ဖော်ထုတ်နိုင်ခြင်းလည်း မရှိခဲ့ဘူး။ အဲ့တာ
ကြောင့် လည်း ဒီ ဒီပဲယင်းကို အမြဲတမ်းပဲ သတိရနေစေဖို့ အတွက်ရယ်၊ နောက်ပြီးတော့ ပြဿနာအရပ်ရပ်ကို
ဘယ်သူက ဘယ်လို စလုပ်တယ် ဆိုတာကို ပြည်သူအားလုံး
က သိစေချင်တဲ့ ဆန္ဒနဲ့ ဒီနှစ်ကို ကျီရွာမှာ သွားပြီး အလှူ
လုပ်ဖို့ စီစဉ်ထားပါတယ်။

အန်တီ့ကားကို မောင်းဖြစ်သွားပုံလေးက စပြီး ပြန်ပြောပြပါဦး။

ကျနော့်အဖေ ဦးကိုကြီး က မန္တလေးတိုင်း NLD တိုင်းဦးစီးမှူး(ဘဏ္ဍာရေး) လုပ်တော့ အဖွဲ့ချုပ်က ကိစ္စတွေဘာတွေ ရှိရင် ကျနော့်အိမ်က ကားတွေဘာတွေ သုံးလေ့ရှိတယ်။ ကျနော်ရယ်၊ ကျနော့်အကိုရယ်က အဲ့လိုကိစ္စတွေမှာ လိုက်ပို့တာရှိတော့ တိုင်းက လူကြီးတွေက ကျနော်တို့ ကား ကောင်းကောင်းမွန်မွန် မောင်းတတ်တာ သိနေတယ်။ အဲ့ဒီမှာ အန်တီ့ခရီးစဉ် ရောက်လာတယ်။ အဲ့ဒီတုန်းက ကျနော်က ဒုတိယနှစ်ပဲ ရှိသေးတယ်။ ဥပဒေ မေဂျာနဲ့။ အစကတော့ ကျနော်တို့က လူငယ်အနေနဲ့ လုံခြုံရေးပဲ လိုက်ရတာ။

အန်တီ့ခရီးစဉ် ဒုတိယတခေါက်အနေနဲ့ ရောက်လာတော့ ကား ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ် တဲ့ လူ လေးဦး လိုတယ်ဆိုလို့ ကျနော်တို့ ညီအကို နှစ်ယောက်ရယ်၊ စက်မှုထဲက ဦးကံရယ်၊ မောင်ကိုလေးရယ် ဆိုပြီး လေးယောက်
ပေးလိုက်တယ်။ ဒါပေမယ့် တကယ်တမ်း လိုက်ဖြစ်တာက ဦးကိုလေးနဲ့ ကျနော်နဲ့ နှစ်ယောက်ပဲ။

စမောင်းတော့ ဦးကိုလေး မောင်းတာ။ နောက် ကချင်ပြည်နယ် ခရီးစဉ်တခုလုံး ကျနော် ဆက်မောင်းတယ်။ ကချင်ပြည်နယ် မိုးကုတ်၊ သပိတ်ကျင်းဘက်ကနေ မန္တလေးကို ဝင်တယ်။ မန္တလေးကနေ မုံရွာခရီးစဉ်ဘက် တွေလည်း ကျနော်ပဲ ဆက်မောင်းတာ နောက်ဆုံး ပြဿနာ ဖြစ်တဲ့နေ့အထိပဲ။

မေ ၃ဝ ရက်နေ့ အနေအထားတွေကို မှတ်မိသလောက် ပြန်ပြောပြပါဦး။

တောက်လျှောက် သူတို့ လိုက်နှောင့်ယှက်နေတဲ့ကိစ္စတွေကို သတင်းတွေ ရတယ်။ သိလည်း သိတယ်။ ဘာတွေလဲ ဆိုတော့ ကြံ့ခိုင်ရေးဝတ်စုံတွေနဲ့ လိုက်ပြီး နှောင့်ယှက်နေတယ်ဆိုတော့ ဆိုးဆိုးဝါးဝါးကြီး နှောင့်ယှက်လိမ့်မယ်တော့ မထင်ဘူး။ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ၊ နှောက်ယှက်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားတယ်။ နောက် ဘုတလင်နဲ့ မုံရွာက ခရီးစဉ်ကို လိုက်ပို့တဲ့ ကျောင်းသားလေးတွေ အပြန်မှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းလည်း ကြားတယ်။ ရှေ့ပြေး လွှတ်တဲ့သူကလည်း ပြန်မလာနိုင်ဘူး။ ပြန်မလာနိုင်ပေမယ့် သတင်းကတော့ အဆက်မပြတ် ကြားနေတာ။

အဲ့ဒီနေ့က လမ်းကြောင်းတခုလုံးမှာ အန်တီရှိနေတဲ့ နေရာအထိ သတင်းတွေ ရောက်လား။ သတင်းပို့မှု အစပ်အဆက် ရှိနေလား။

ရှိတယ်။ ဒါပေမယ့် နှောက်ယှက်မယ်လို့ပဲ ကြားနေတာ။ နောက်ပြီး ဘုန်းကြီးအတုတွေ၊ အတုတွေဆိုတာက သင်္ကန်း
တောင် မဝတ်ရသေးဘူး။ ကတုံးစိမ်းတွေနဲ့ ကားကြီးတွေနဲ့ ထွက်သွားတယ်။ သွားလိုက်လာလိုက် လုပ်နေတယ် ဆိုတဲ့ သတင်းလည်း ကြားရတယ်။ ဒါပေမယ့် အန်တီကတော့ အဖွဲ့တွေအားလုံးနဲ့ သွားမယ့် ခရီးစဉ် ဆက်ထွက်တယ်။

အဲ့ဒီအချိန်က သူတို့ဘက်က အနှောက်အယှက်ပေးရင် ညပိုင်းတွေများတယ်။ မိုးကုတ်၊ သပိတ်ကျင်း ဘက်မှာဆိုရင် လာကြည့်တဲ့ ပြည်သူတွေကို လေးဂွတွေ၊ ခဲတွေနဲ့ ထုတာ၊ မီးမောင်းတွေထိုးတာ၊ သံပုံးတွေရိုက်တာ မျိုးပေါ့နော်။
နေ့လည်ပိုင်းဆို သူတို့က သိပ်ပြီးတော့ မလုပ်ကြဘူး။ ဆန္ဒပြသလို သာမန် နှောင့်ယှက်တာလေးတွေလောက်ပဲ လုပ်တယ်။ အဲ့တော့ ကျနော်တို့က ညကို အရောက်မခံဘဲ မောင်းတာ များတယ်။ နောက်တချက်က အဲ့ဒီနေ့က ကျနော်တို့ဘက်က ခရီးစဉ် မိုင်တွက်တာလည်း မှားတယ်။ မိုင်အကွာအဝေးကို ၁၄ မိုင်လို့ ရေးထားတဲ့ နေရာမှာ ၁ ပြုတ်ပြီး ၄ မိုင်လို့ ဖြစ်နေတာလည်း နောက်ပိုင်းမှာ ကျနော်တို့ သွားတွေ့ရတယ်။

ကျီရွာကို ရောက်တဲ့အချိန်မှာ ဘုန်းကြီး နှစ်ပါးက “ဒကာမကြီး မနက်ကတည်းက ကျနော်တို့ စောင့်နေလို့ပါ။ ရပ်ပြီး
နှုတ်ဆက်စကားလေး ပြောပေးပါ”လို့ ပြောလာတယ်။ အချိန်က ငါးနာရီခွဲ ခြောက်နာရီလောက် ရှိပြီ။ မမှောင်သေး ဘူး။ မှောင်ရီပျိုးပြလေး။ ဘုန်းကြီးက တောင်းတောင်း ပန်ပန်နဲ့ ပြေးပြီးတော့ လိုက်ပြောတဲ့ အခါကြတော့ အန်တီက “ငါ့သားရယ် ရပ်ပေးလိုက်ပါဦး” ဆိုတော့ ကျနော်က ရပ်လိုက်တယ်။ အဲ့ဒီမှာ ဘုန်းကြီးနှစ်ပါးရယ် ရွာသားတွေကော အများကြီး စောင့်ပြီး ကြိုနေတယ်။ ဘုန်းကြီးအိုကြီး တယောက်လည်း ပါတယ်ပြောတယ်။

ရပ်လိုက်တဲ့ အချိန်မှာ နောက်က လိုက်လာတဲ့ ကားတန်းကလည်း တော်တော်များတယ်။ ကား အစီးရေတော့ မမှတ်မိဘူး။ ကားတန်းရပ်သွားတော့ နောက်က လိုက်လာတဲ့ ကားတွေထဲက ဘုန်းကြီးအတုတွေကော လူတွေကော တုတ်တွေနဲ့ ဆင်းလာပြီးတော့ ကြိုတဲ့သူတွေကိုကော၊ ကျနော်တို့နောက်က လိုက်လာတဲ့ ကားတွေပေါ်က လူတွေကိုကော တန်းရိုက်တော့တာပဲ။

PA က လုံခြုံရေးအတွက် ဆင်းပြီးတော့ ကြည့်တဲ့အချိန်မှာ နောက်မှာ စရိုက်နေပြီလို့ သိတော့ အန်တီ မဆင်းဖြစ်တော့ ဘူး။ မဆင်းဖြစ်တော့ဘဲ PA ပါ ပြန်တက်၊ ကားတံခါးတွေကို Lock ချ လိုက်တယ်။ ကျနော့်ရှေ့မှာက ကား သုံးလေးစီး
လောက်တော့ ရှိတယ်။ ဘဘဦးတင်ဦး ကားကလည်း ရှေ့မှာပဲ။ အနီးကပ် လုံခြုံရေးတွေကတော့ ကျနော့်ကားပေါ် မှာပေါ့။ မန္တလေး တိုင်းက လုံခြုံရေးအဖွဲ့တွေကတော့ ရှေ့မှာကော နောက်မှာကော ပါတယ်။

နောက်ကနေ ရိုက်လာတဲ့အချိန်မှာ လုံခြုံရေးအဖွဲ့တွေက “ကိုကျော်စိုးလင်း မောင်းမောင်း” ဆိုပြီး ပြောတယ်။
နောက်က အမျိုးသမီးတွေပါတဲ့ ကားတစီးက ကျော်တက်ပြီး ကျနော်တို့ ကားနား ရောက်လာတယ်။ ဆိုင်ကယ်တွေနဲ့ လိုက်လာတဲ့ ကျောင်းသားတွေကလဲ ပြန်ချမယ်၊ ပြန်ထုမယ် ဆိုတော့ အန်တီက တားခိုင်းလိုက်တယ်။ မလုပ်ပါနဲ့ သူတို့က ဘယ်လိုအကြံအစည်နဲ့မှန်း မသိဘူးဆိုပြီး အန်တီက တားတော့ သူတို့က မလုပ်ဖြစ်တော့ဘူး။

နောက်ကနေ ရိုက်လာရင်းနဲ့ ကျနော်တို့ ကားနားအထိ ရောက်လာတယ်။ ကျနော်တို့ ကားနား ရောက်လာတော့ ကိုတိုးလွင်တို့ တခြားလုံခြုံရေး အဖွဲ့ဝင်တွေက တားတယ်။ “ဒါ ဒေါ်အောင်ဆန်းစုကြည်ကားနော်။ မင်းတို့ သမိုင်းဝင် သွားမယ်နော်” ဆိုပြီး တားတယ်။ တားတော့ သူတို့ ရိုက်တာ တန့်သွားတယ်။ ကျနော်တို့ ကားနားကို အရင်ရောက် လာတဲ့ ရှေ့ဆုံးက ၄၊ ၅ယောက်က ဘုန်းကြီးဝတ်တွေ။ သင်္ကန်းတွေနဲ့ တုတ်တွေနဲ့။ ညာဘက်လက်တွေမှာ လက်ပတ် အဖြူတွေ ပတ်ထားတယ်။

အဲ့ဒီမှာ ဘဘဦးတင်ဦး ရောက်လာတယ်။ “မင်းတို့ကောင်
အဲ့ဒီမှာ ဘဘဦးတင်ဦး ရောက်လာတယ်။ “မင်းတို့ကောင်တွေက ဘယ်ကလဲ။ ဘာလို့ရိုက်တာလဲ” ဆိုပြီး မေးနေတုန်း ဘဘဦးတင်ဦးကိုပါ သူတို့ ရိုက်ချလိုက် တယ်။ နောက် အန်တီ့ဘက်အခြမ်းက လုံခြုံရေးယူထားတဲ့ ကိုတိုးလွင်ကိုလည်း
သူတို့ ရိုက်ချလိုက်တာ ကိုတိုးလွင်က ပုံလျက်သားလေး လဲသွားတယ်။
အဲ့နေရာမှာပဲ ပုံကျသွားတော့ သေပြီလို့ပဲ ထင်လိုက်တယ်။

တွေက ဘယ်ကလဲ။ ဘာလို့ရိုက်တာလဲ” ဆိုပြီး မေးနေတုန်း ဘဘဦးတင်ဦးကိုပါ သူတို့ ရိုက်ချလိုက်တယ်။ နောက် အန်တီ့ဘက်အခြမ်းက လုံခြုံရေးယူထားတဲ့ ကိုတိုးလွင်
ကိုလည်း သူတို့ ရိုက်ချလိုက်တာ ကိုတိုးလွင်က ပုံလျက်
သားလေး လဲသွားတယ်။ အဲ့နေရာမှာပဲ ပုံကျသွားတော့
သေပြီလို့ပဲ ထင်လိုက်တယ်။

ကျနော့်စိတ်ထဲမှာ အဲ့ဒီတုန်းက တော်တော် ဒေါသဖြစ် သွားသေးတယ်။ နောက်ကနေ ပြေးလာတဲ့ သူတွေက
ပြေး၊ လိုက်ရိုက်တဲ့သူတွေက လိုက်ရိုက်နဲ့ဆိုတော့လေ။
တချို့ဆို ကိုယ်တုံးလုံး ကျွတ်တွေနဲ့ ထွက်ပြေးလာတာကို လိုက်ရိုက်နေတာလည်း တွေ့တော့ ဒေါသဖြစ်ပြီး ပထမ တခုခု တုန့်ပြန်မယ် စဉ်းစားသေးတယ်။ ကျနော် ကားကို ဘက်ဆုတ်လိုက်တယ်။ ဘက်မဆုတ်ခင် လီဗာကို အကျယ်ကြီး နင်းလိုက်တယ်။ ကိုယ့်လူတွေလည်း ရှိတော့ရှောင်လို့ရအောင် အသံ ပေးလိုက်တာပေါ့။

အဲ့ဒီမှာ ကျနော့်ကားရဲ့ တိုက်ရော့နဲ့ ဘီးနဲ့ကြားမှာ သစ်သားချောင်း ဘယ်အချိန်က ထိုးခံထားလဲ မသိဘူး။ စတီရာရင်
ခေါက်လို့ မရအောင် ထိုးထည့်ထားတာ။ ကံကောင်းချင်တော့ ကျနော်က နောက်အရင် ဆုတ်လိုက်တော့ အဲ့ဒီဟာက ကျိုးထွက်သွားတယ်။ ဒိုင်းကနဲ ဘာနဲ့မှလည်း မထိဘဲ အသံထွက်လာတော့မှ တခုခု ကလန့်ထားတာ ကျိုးသွားတာ သိတာ။ နောက်ဆုတ်တဲ့အချိန်မှာ ကျနော့် ညာဘက်က မှန်ကော၊ ဘယ်ဘက်က မှန်ကော၊ နောက်မှန်တွေကော၊ ကားဘက်မှန်နဲ့ မီးသီးတွေကော သူတို့ အကုန်ရိုက်ခွဲကြတယ်။

အဲ့အချိန် ကားဘေးမှာ လုံခြုံရေးတွေ ရှိနေတယ်။ သူတို့က ပေပြီးတော့ အရိုက်ခံနေကြတာ။ ကျနော် ကားနောက် ဆုတ်ပြီ ဆိုတာနဲ့ သူတို့က ကားပေါ်ကို အတင်းဝိုင်းတက်ကြတယ်။ ရှေ့ကို ကြည့်တော့ ကိုယ့်လူတွေက မှောက်နေ တယ်။ ရိုက်တဲ့သူတွေက ရှောင်နေတာနဲ့ ဘယ်သူ့ကိုမှ မတိုက်တော့ပဲ ကျနော် ကျော်တက်ပြီးတော့ အတင်းမောင်း ထွက်ခဲ့တာ။ အဲ့ဒီနေရာမှာ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက် ကြာမယ်ထင်တယ်။

အန်တီကကော အဲ့ဒီအချိန်မှာ ဘယ်လိုရှိနေလဲ။ အန်တီက ကား မောင်းထွက်ဖို့တွေဘာတွေ ပြောလား။

အန်တီက ဒီမှာလည်း လူတွေ အရိုက်ခံနေရပြီ။ ပြည်သူတွေလည်း အရိုက်ခံနေရပြီ။ သူများတွေက “မောင်းမောင်း”လို့
ပြောနေကြတယ်။ အန်တီက ဘာမှ မပြောဘူး။ ကျနော့် အမြင်ပေါ့၊ ကျနော့်အတွေးက အန်တီက တကယ်လို့
မောင်းခိုင်းမယ်ဆိုရင် သူများတွေ အရိုက်ခံ နေရတာကို ပစ်ပြီးတော့ ပြေးရာရောက်မယ်။ အဲ့လိုလည်း အဖြစ်မခံချင် ဘူးလို့ ထင်တယ်။ ကျနော် မမောင်းဘဲနဲ့ နေမယ်ဆိုရင်လည်း ဘယ်သူမှ မောင်းလို့မရဘူးလေ။ အကုန်လုံး ပဋိပက္ခ
ဖြစ်သွားနိုင်တယ်။ အဲ့ဒီမှာ ကျနော်ကလည်း အဲ့တုန်းက လူငယ်စိတ်နဲ့ပေါ့နော် ဒေါသလဲ ဖြစ်တော့ ကျနော် ၁ သက်ဆို သူတို့ ၂ သက်ဆိုပြီး ဖြစ်ချင်ရာဖြစ် မောင်းထွက်လိုက်တာ။

နောက်ထပ် သတ်ကွင်းလို တနေရာ ကြုံရတယ် ဆိုတာက ဘယ်လိုမျိုးလဲ။

ဒုတိယနေရာကမှ တကယ့် သတ်ကွင်း။ ပထမနေရာနဲ့ နောက်တနေရာက တမိုင်လောက် ဝေးတယ်။ ကျနော် ထွက်လာတော့ ဘဘဦးတင်ဦးကားတို့၊ အမျိုးသမီးကားတို့ကို ကျော်ပြီး ထိပ်ဆုံးက မောင်းထွက်လာတာ ရှေ့ကိုပဲ အာရုံစိုက်ပြီး မောင်းနေတော့ သူတို့လည်း နောက်က ပါလာတယ်ပဲ ထင်တာ။ ငါးမိနစ်လောက် မောင်းရတယ်။ ရှေ့မှာ ကုန်ကားကြီး ၃ စီး တွေ့တယ်။ အဝေးကတည်းက မြင်တော့ လမ်းကို ဒီကားတွေ ကန့်လန့် ပိတ်လိုက်မှာလည်း စိုးတယ်။ သိပ်လည်း မသင်္ကာဘူးပေါ့ စပြီးလည်း ဖြစ်နေပြီဆိုတော့လေ။

အဲ့တာနဲ့ သူတို့ ထိပ်တည့်တည့်ရောက်ပြီဆိုမှ ညာဘက်ကို လှည်းလမ်းပေါ်ကို ချိုးချပြီး မောင်းမယ် လုပ်မှ ဒီဘက်အခြမ်းမှာ ကားအစီး ၂ဝ၊ ၃ဝ လောက်က မီးတွေဖွင့်ပီး ထိုးထားတာတွေ့ရတယ်။ လမ်းရဲ့ဘေးမှာ ကွင်းက အကျယ်ကြီး ဒိုင်နာလိုလို၊ ကုန်ကားလိုလို ကားတွေ၊ ကွင်းထဲမှာ စီရပ်ထားတာ။ မီးကြီးတွေ လမ်းဘက်ကို ထိုးထားတာ။ ကားသုံးစီးကို ကျော်တော့မှ မြင်ရတာ။ မီးတွေနဲ့ လူတွေလည်း များပါလားပေါ့။ လူတွေက စီရပ်နေတာ မန္တလေးလိုဆိုရင် တပြလောက်ကို ရှိတယ်။ လူအပြည့်ပဲ တုတ်တွေနဲ့ စောင့်နေတာ။ လမ်းဘေးတလျှောက်လုံး အပြည့်ပဲ။ ဟိုမှာက ရိုက်တာနှက်တာ ကိုယ့်ရှေ့မှာတင် ကြုံလာခဲ့ပြီဆိုတော့ ကျနော်က သိလိုက်တယ်။ အဲ့ဒီမှာ သတ်ကွင်းဆိုတာ သိလိုက်တယ်။ တုတ်တွေနဲ့ လူတွေက လမ်းရဲ့ ညာဘက်မှာ။ ကျနော် ဆင်းကျော်တဲ့ ညာဘက်မှာ
ပေါ့နော်။ လမ်းရဲ့ ဘယ်ဘက်မှာက ကြံ့ခိုင်ရေး ဝတ်စုံတွေနဲ့ ဆိုင်းဘုတ်လေးတွေ ကိုင်ပြီးတော့ အရင်နှောက်ယှက် သလို စောင့်နေကြတာ။

ကျနော်က ကားကို ခေါင်းတည်ပြီး လီဗာနည်းနည်း နင်းလိုက်တော့ တုတ်တွေနဲ့ လူတွေက ရှဲသွားတယ်။ ရှဲသွားပြီဆိုမှ ကျနော်က လမ်းပေါ်ကို ခေါင်းတင်လိုက်တယ်။ ကားနောက်မှာကော ဘေးပတ်လည်မှာ တွယ်လိုက်လာတဲ့ အခါကျ
တော့ ဆွဲချပြီး ရိုက်လိုက်မှာကို စိုးတယ်။ ကား လမ်းပေါ် ရောက်သွားတော့ လက်လှမ်းမမီတော့မှ နောက်ကနေ ဝိုင်းထုကြတာ။ အဲ့မှာ ကျနော့်ခေါင်းကို တချက်မှန်တယ်။ ဘာနဲ့ ထုလိုက်လည်း မသိဘူး။ သွေးတွေ ဖြာသွားတယ်။ အန်တီက “ဘာဖြစ်သွားသေးလဲ” မေးတော့ ကျနော် သတိရှိသေးတယ် “ရတယ်”လို့ ပြောလိုက်ပါတယ်။ လမ်းရဲ့ အဆုံးမှာ သစ်သားနဲ့ သံဆူးကြိုးနဲ့ ဘယ်ရီဂိတ် ပိတ်ထားတယ်။ အဲ့တာကို ကျနော်က တိုက်ချိုးပြီး ဆက်မောင်းမယ် လုပ်တော့ ကားနှစ်စီးနဲ့ ဆက်ပိတ်ထားတာ တွေ့ရတယ်။ ကားနှစ်စီးရဲ့ ကြားမှာ လူသွားဖို့ လမ်းချန်ထားတာ ရှိတယ်။ အဲ့ဒီ လူသွားလမ်းက ကျနော့်ကားနဲ့ ကွက်တိဖြစ်နေတယ်။ အဲ့ဒီကနေ လွတ်သွားတာ။ လွတ်သွားတော့ အရှေ့မှာ ရဲ ၁ဝ ယောက်လောက် ရှိမယ်။ သေနတ်တွေနဲ့ ချိန်ထားတာ။ ကျနော်လည်း မထူးဘူးဆိုပြီး ဆက်မောင်းတော့ သူတို့က ဒိုင်ဗင်တွေဘာတွေ ထိုးပြီး ရှောင်တဲ့သူက ရှောင်တယ်။ ဘယ်သူ့ကိုမှတော့ ကျနော် မတိုက်ဖြစ်ပါဘူး။

နောက်တော့ကော ဘာတွေ ဆက်ဖြစ်သေးလဲ။

အဲ့ဒီက လွတ်လာတော့ အန်တီက ပြောတယ်။ ဒီပဲယင်းကိုဝင်မယ် ငါ့သား။ ဒီကိစ္စကို ဖြေရှင်းမယ်။ မဖြေရှင်းလို့ မရဘူးပေါ့ ပြောတယ်။ ကျနော့်ကို ပြောတာပေါ့။ ဖြစ်ချင်တော့ ကျနော်ကလည်း ဒီပဲယင်းကို မရောက်ဖူးတော့ ဒီပဲယင်းကို ကျော်သွားတယ်။ ဒီပဲယင်းက လမ်းဘေးလေး ချိုးဝင်လိုက်ရတာ။ ကျနော်က မြို့ရှောင်လမ်းပေါ့နော် အဲ့ဘက်က ထွက်သွားလိုက်တော့ ကျော်သွားတယ်။ ကျော်သွားပြီးတော့ လမ်းဘေး တောထဲမှာ ခဏဝင်ရပ်တယ်။ ကားပေါ်မှာ တုတ်တွေကော၊ ကားအောက်မှာ ကလန့်ထားတဲ့ တုတ်ကလဲ စဖြစ်တဲ့ နေရာကတည်းက ဒီးဒီး၊ ဒီးဒီး
မြည်ပြီးတော့ ပါလာတာလေ။ နောက်ပြီး ကျနော် တိုက်ဖြတ်လာတဲ့ သံဆူးကြိုးတွေလဲ ကားနဲ့ငြိပြီး ပါလာတယ်။

အဲ့ဒီမှာ တုတ်တွေဘာတွေ ဖြုတ်၊ သံဆူးကြိုးတွေ ဖြည်ပြီး
“ဒါ ဒေါ်အောင်ဆန်းစုကြည် ကားနော်၊ မင်းတို့ သမိုင်းဝင်သွားမယ်” ဆိုပြီး ပြောတဲ့အချိန် သူတို့ ခဏတုန့်သွားတယ်။ နောက်ပြီးမှ “ဟာ.. ဘာပဲ
ဖြစ်ဖြစ် ချကွာ၊ ရိုက်ရိုက်” ဆိုပြီး ဝင်ရိုက်တဲ့ အဖြစ်ကတော့ ကျနော့် စိတ်ထဲမှာ ထင်ကျန်နေ တုန်းပဲ။

တော့အန်တီက လူ ဘယ်နှစ်ယောက်ပါလဲ။ နာမည်တွေ
ပြောဆိုပြီး တခါတည်း အန်တီက သူ့စိတ်နဲ့ပဲ မှတ်ထား
လိုက်တယ်။ အန်တီအပါအဝင် ကျနော်တို့အားလုံး ၁၈
ယောက် ပါတယ်။ အန်တီက ဘယ်သူမှ အန်တီနဲ့ မခွာနဲ့။
ဘယ်မှ မသွားကြနဲ့ အန်တီ့ဘေးမှာပဲ နေလို့ မှာတယ်။
ကြောက်လန့် ပြီး ခွဲထွက်သွားရင် အန္တရာယ်ဖြစ်မှာစိုးလို့
မှာတယ်လို့ ထင်ပါတယ်။

အဲ့ဒီက ပြန်ထွက်တော့ ရေဦးမြို့အဝင် သံလမ်းနားမှာ မောင်းတံဂိတ်လေးတွေ့တော့ ကျနော်က ကားခဏရပ်တယ်။ ကားရပ်တော့ အဘိုးကြီး နှစ်ယောက်က ဒါဘယ်သူ့ကားလဲတဲ့ လာမေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားပါလို့ ဆိုတော့ တိုင်းမှူးက အမိန့်ချထားတယ်တဲ့။ ဘယ်ကားမှ အဝင်မခံနဲ့လို့ ပြောထားတယ်တဲ့။ အဲ့တာကြောင့်မို့ပါဆိုတော့ ရပါတယ် ကျနော်တို့စောင့်မယ်လို့ ပြောလိုက်တယ်။

နောက် နာရီဝက်လောက် ကြာတော့ ကျနော်တို့ရှေ့က ရထားသံလမ်း တံခါးကြီးကို ပိတ်လိုက်တယ်။ သံလမ်းပိတ်ပြီး သံလမ်းရဲ့ ဟိုဘက်မှာ ဘယ်ရီဂိတ်တွေ ချလိုက်တယ်။ ရေဦးဘက်က စစ်သားတွေ ထွက်လာပြီး ကျနော်တို့ကို ဝိုင်းလိုက်တယ်။ ဝိုင်းတာတော့ တော်တော်ဝေးဝေးက ဝိုင်းတာပါ။ သေနတ်တွေနဲ့ပဲ။ ဝိုင်းပြီးတော့ ဒီအတိုင်းပဲ ကြည့်နေကြတော့ ကျနော်တို့လဲ အေးအေးဆေးဆေးပဲ နေလိုက်တယ်။

အဲ့ဒီလို ဝိုင်းပြီး နာရီဝက်လောက် ထပ်ကြာတော့မှ စစ်တပ်ယူနီဖောင်းနဲ့ အရာရှိကြီးတယောက် ရောက်လာတယ်။ အသက်က ၅ဝ လောက်ရှိမယ်။ သူက ကျနော့်ကို နားထင်ကို သေနတ်နဲ့ ချိန်တယ်။ ချိန်ပြီးတော့ “မင်းလိုက်မလား မလိုက်ဘူးလား” ဆိုပြီး မေးတယ်။ အန်တီ့ကို ကြည့်တော့ အန်တီက ခေါင်းညှိမ့်ပြတော့ “လိုက်မယ်”လို့ ပြောလိုက် တယ်။ “အဲ့တာဆို နောက်က လူတွေ တက်”ဆိုပြီး သေနတ်တွေနဲ့ ချိန်ပြီး တက်ခိုင်းတယ်။ နောက်က လူတွေပါ တက်တော့မှ သံလမ်းတံခါးနဲ့ ဘယ်ရီဂိတ်တွေပါ ဖယ်။ ရှေ့က ရဲကားနဲ့ သူတို့က အနောက်က လိုက်လာကြတယ်။
ဘေးက မော်တော်ပီကယ်တွေ ဘာတွေနဲ့ပါ ခေါ်ပြီးတော့ ရေဦး ရဲစခန်းထဲ ရောက်သွားတယ်။

ရေဦး ရဲစခန်းရောက်ပြီး ဘာဆက်ဖြစ်ကြလဲ။

ရေဦး ရဲစခန်းရောက်တော့ အန်တီက ပြောတယ်။ “ရှင်တို့ သတ်ချင်ရင် ကျမတို့ကို ဒီနေရာမှာ သတ်ချင် သတ်ပစ် လိုက်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကျမတို့ကတော့ ဒီကိစ္စကို ဖြေရှင်းရမှာပဲ”လို့ ပြောတယ်။ အဲ့ဒီမှာ သူတို့က အန်တီ့ကို အဲ့လိုတော့ မဟုတ်ပါဘူး။ ဖြေရှင်းဖို့ ကျနော်တို့နဲ့ လိုက်ခဲ့ပေးပါဦး လို့ ပြောတယ်။ အဲ့မှာ အန်တီက “မလိုက်နိုင်ဘူး၊ ဥပဒေကြောင်းအရ ဖြေရှင်းမှ သာလျှင် လိုက်မယ်”လို့ ပြောလိုက်တယ်။ နောက် ၁ဝ မိနစ်လောက် နေတော့ ဥပဒေ
ကြောင်းအရ ဖြေရှင်းပေးပါ့မယ်လို့ သူတို့က ပြောတယ်။ အဲ့ဒီမှာ အန်တီနဲ့ ကိုထွန်းဇော်ဇော်ရယ်၊ ကိုထွန်းမြင့်ရယ် လိုက်သွားတယ်။ ကိုထွန်းဇော်ဇော်နဲ့ ကိုထွန်းမြင့်ကို အန်တီက သက်သေအနေနဲ့ ခေါ်သွားလိုက်တာ။ ကျနော်ကတော့ ကားနဲ့ ကားမှာပါတဲ့ သက်သေခံပစ္စည်းတွေကို စောင့်ကြည့်တဲ့ အနေနဲ့ ကျန်ခဲ့တယ်။ ကျန်တဲ့သူတွေ အားလုံးကိုတော့ သူတို့က အချုပ်ထဲ ထည့်လိုက်တယ်။

ရဲစခန်းကို သက်သေဆိုပြီး လိုက်လာတဲ့သူတွေ ၄၊ ၅၊ ၆ ယောက်ရှိတယ်။ အဲ့ဒီလူတွေမှာလည်း စရိုက်တုန်းက လူတွေ ပတ်ထားတဲ့ လက်ပတ်အဖြူတွေ ပတ်ထားတာတွေ့တယ်။ သူတို့က ရပ်ကွက်လူကြီးတို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ အဲ့လိုလူတွေ။ ကျနော်တို့ကိုလည်း ဗီဒီယို မှတ်တမ်း တင်တာတွေဘာတွေ လုပ်တယ်။ အဲ့ဒီက ထောက်လှမ်းရေး ထင်တယ် တယောက်က “မင်းတို့က စရိုက်လို့ ငါတို့က လုပ်ရတယ်” ဆိုပြီး ကျနော့်ကို ပြောတယ်။ အဲ့မှာ ကားပေါ် ပါတဲ့ သက်သေပစ္စည်းတွေ စာရင်းတွေလုပ်။ စာရင်းတွေ လုပ်ပြီးပြီဆိုမှ ကျနော့်ကိုပါ အချုပ်ထဲ ထည့်လိုက်တယ်။ အဲ့ဒီမှာ ကျနော်တို့ကို ထမင်းလည်း မကျွေးဘူး။ အဲ့ဒီညနဲ့ နောက်နေ့ တနေ့လုံး ထားတယ်။

အန်တီနဲ့ လိုက်သွားတဲ့ နှစ်ယောက်က သိပ်မကြာဘူး ပြန်ရောက်လာတယ်။ ကျနော်တို့ ၁၇ ယောက်ကို နောက်နေ့ ညနေမှာ ဒိုင်နာ ၂ စီးနဲ့ ရွှေဘိုထောင်ကို ပို့တယ်။ ဒိုင်နာ ၂ စီးကို တာလပတ်တွေနဲ့ အုပ်ပြီးတော့ ရဲတွေနဲ့ ခေါ်သွား တယ်။ ရွှေဘိုထောင်ရောက်တော့ ကျနော်တို့ တယောက်စီကို ရာဇဝတ်သား ၂ ယောက်၊ တန်းစီးလိုမျိုးပေါ့ အဲ့လို လူတွေနဲ့ ထားတယ်။ အဟန့်ပေါ့ဗျာ။ ဒါပေမယ့် သူတို့က ကျနော်တို့ကို ဘယ်သူမှ ရိုင်းရိုင်းပြပြ မဆက်ဆံပါဘူး။
ကောင်းကောင်းမွန်မွန် စောင်တွေဘာတွေနဲ့ ထားပါတယ်။

ရွှေဘိုထောင်မှာ ကိုတိုးလွင်ကိုလည်း ကျနော်တို့ ပြန်တွေ့တယ်။ စရိုက်လို့ ကျနော်တို့ကား ထွက်လာတဲ့အချိန်မှာ သူက မှောက်ကျန်နေခဲ့တော့ သူ့ကို ကျနော်တို့က အသေဆိုပြီး တွက်ထားတာ ရွှေဘိုထောင် ရောက်မှ ပြန်တွေ့တာ။ သူကလည်း ခေါင်းတခေါင်းလုံး အရိုက်ခံထားရတာ ပွစိကို လန်နေတာပဲ။ အဲ့ဒီအချိန်အထိ သူ့ကို ဆေးကုမပေး ထားဘူး။

အဲ့ဒီမှာ ည ၂ နာရီလောက်မှာ ရွှေဘိုထောင်ကနေ ပြန်ထုတ်တယ်။ ပြန်ခါနီးမှ ကိုတိုးလွင်ကို ပတ်တီးတွေစည်းပြီး ကျနော်တို့နဲ့ ပြန်ထည့်ပေးလိုက်တယ်။ ကျနော်တို့ထဲက မုံရွာက ကျောင်းသားလေး တယောက်ကိုတော့ သူတို့
ရွှေဘိုထောင်မှာပဲ ထားခဲ့တယ်။ ကျနော်တို့ကို ခေါင်းစွပ်တွေ စွပ်ပြီး ကုန်ကားကြီးပေါ် တင်တယ်။ ကားပေါ်ရောက်
တော့ မျက်နှာဖုံး ပြန်ချွတ်တယ်။ ကားပေါ်မှာ မတ်တပ်မရပ်ခိုင်းပေမယ့် ပတ်ဝန်းကျင်ကို မြင်ရတော့ တံတားဦးဘက်
ရောက်နေတာ ကျနော်သိရတယ်။ အဲ့ဘက်က ရောက်နေကျဆိုတော့ ကျနော်က သိတယ်လေ။ နောက် ကျနော်တို့ကို မျက်နှာဖုံးပြန်စွပ်ပြီး နာမည်တွေခေါ်ပြီး လေယာဉ်ပေါ် တင်တယ်။

လေယာဉ်ပေါ်မှာ ကျနော်တို့က မျက်နှာဖုံးစွပ်တွေက မွန်းတယ်။ လေယာဉ်ပေါ်ကနေ ဘယ်မှလည်း ထွက်ပြေးလို့ မရပါဘူးလို့ တောင်းပန်တော့မှ မျက်နှာဖုံးစွပ်တွေ ချွတ်ပေးတယ်။ လေယာဉ်က ထိုင်ခုံတွေနဲ့ပဲ။ ဒီဘက်ထိုင်ခုံ နှစ်ခုံ ဟိုဘက်နှစ်ခုံ နှစ်တန်းပါတယ်။ လေယာဉ်မယ် ပါတယ်။ ဒီဘက်မှာ ကျနော်တို့ကို နှစ်ယောက်စီ ထားလိုက်တယ်။ ဟိုဘက်မှာက စစ် ထောက်လှမ်းရေးတွေ၊ ရဲထဲက SB တို့ ပါမယ်ထင်တယ်။ သူတို့လည်း နှစ်ယောက်စီ ထိုင်တယ်။ ကျနော်တို့ ၁၇ ယောက်ကို သူတို့ကလည်း ၁၇ ယောက် ပါတယ်။

၁ နာရီ၊ ၂ နာရီလောက် ကြာတော့ ခန္တီးကို ရောက်တယ်။ မိုးလင်းပြီ။ ခန္တီးထောင်မှာ ကျနော်တို့ နေဖို့ နေရာတွေချ တယ်။ မင်းတို့ကို ကောင်းကောင်းမွန်မွန် ကျွေးပါ့မယ် ဘာညာပြောပြီး ကျနော်တို့ကို ရွှေဘိုက ထည့်ပေးလိုက်တဲ့ အထုပ်လေးတွေတောင် သိမ်းသွားတယ်။ ကျနော် နေရတဲ့ အခန်းက ၃ ပေ၊ ၈ ပေ လောက် ရှိမယ်။ (ခန္တီးထောင်တွင် ကိုကျော်စိုးလင်း ကြုံတွေ့ ခဲ့ရသည်များမှာ စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့ခဲ့ရသည့် အနေအထား များအတိုင်းဖြစ်၍ ချန်လှပ်ထားခဲ့ပါသည်။)

ခန္ဓီးထောင်မှာ ဘယ်လောက်နေခဲ့ရလဲ။

ခြောက်လ။

အဲ့ဒီခြောက်လက တရားခွင်တွေဘာတွေတင်၊ အမှုတွေဘာတွေ စစ်ပြီး ချုပ်တာလား။

တရားခွင် မတင်ဘူး။ ဒီလို မတရားချုပ်နှောင်တဲ့အပြင် မတရားဖမ်းဆီးမှုလို့လည်း ပြောရမှာပေါ့။ အဲ့ဒီမှာ ၁၅ ရက်
လောက်က စစ်ကြောရေး ဝင်ခဲ့ရတယ်။ စစ်ကြောရေးကတော့ တကယ့် ဆိုးဆိုးဝါးဝါး ငရဲခန်းပါပဲ။

စစ်ကြောရေးမှာ အဓိက ဘာတွေစစ်လဲ။

အဓိကကတော့ ကျနော်တို့က စလုပ်တာပေါ့။ ကျနော်တို့က ရိုက်တယ်ဆိုတဲ့ အကြောင်းကို ထွက် ဆိုခိုင်းတာ။ ပထမ တကြိမ် လာစစ်လည်း ကျနော် အမှန်အတိုင်းပြောတယ်။ ဒုတိယ တကြိမ်၊ တတိယ အကြိမ်လဲ အဲ့ဒီအတိုင်းပဲ ထွက်တယ်။ ကျနော်တယောက်တည်းကို လူ ၄၊ ၅၊ ၆ ယောက် လောက်က ဝိုင်းစစ်တာ။ ဒီလူ ၄၊ ၅၊ ၆ ယောက်က
လည်း အဲ့တာကိုပဲ မေးတယ်။ မနက်တခါ၊ နေ့လည်တခါ၊ ညဆိုလည်း ၇ နာရီတခါ၊ ၁၂ နာရီတခါ အဲ့လို စစ်တယ်။

ဒီပဲယင်း ဖြစ်စဉ်ကို အိပ်မက်တွေ ပြန်မက်တာမျိုး၊ ပြန်ပြီး ခံစားနေရတာမျိုး ရှိလား။

ထောင်ထဲရောက်နေတဲ့ အချိန်တုန်းကတော့ နားထဲမှာ အဲ့အဖြစ်အပျက်တွေ ကြားနေရတာမျိုး ရှိတယ်။ ကျနော်က
ဖြစ်တဲ့ နေရာမှာတုန်းက ဘာမှ မဖြစ်ခဲ့ဘူးလို့ ပြောလို့ရတယ်။ ထောင်ထဲ ရောက်မှ နှိပ်စက်ခံရတဲ့ အခါကျမှ မျက်လုံး တဘက် ထိလာတယ်။ မျက်လုံးက အားနည်း သွားတယ် ပြောရမှာပေါ့။ သွားတွေလည်း အခုထိ မကောင်းတော့ဘူး။ နားတွေလည်း သိပ် မကောင်းတော့ဘူး။ အဲ့တော့ ထောင်ထဲက အဖြစ်အပျက်တွေ အိပ်မက်လို ပြန်မက်တာတွေ ရှိတယ်။ အမြဲတမ်း အာရုံထဲမှာ ရောက်နေတာမျိုး ရှိပါတယ်။

အခုအချိန်အထိ ခံစားနေရတာကတော့ ဒီကိစ္စက အစိုးရတရပ်အနေနဲ့ လုပ်ကြံတယ်လို့ သိပေမယ့် ဘယ်သူက ဦးဆောင်ပြီးတော့ လုပ်သလဲ ဆိုတာကို။ တာဝန်ရှိတာတော့ အစိုးရမှာ တာဝန်ရှိတယ်။ အများကလည်း သိတဲ့ အနေအထားရှိတယ်။ ဒါပေမယ့် ဒီဥစ္စာကို ဘယ်သူက ဦးဆောင်ပြီးတော့ အကွက်ကျကျ စီစဉ်ပြီးတော့ လုပ်သလဲ ဆိုတာ အခုအချိန်အထိ မပေါ်ပေါက် သေးဘူး။ နောက်ပြီး လုပ်တဲ့သူတွေ ဘယ်နှစ်ယောက်၊ ဘယ်သူတွေဆိုတာ ကျနော်တို့ တိတိကျကျ ဖော်ထုတ်နိုင်စွမ်း မရှိသေးဘူး။

ကျနော့်စိတ်ထဲမှာ သူတို့ကို ပြန်ပြီး ထိခိုက်ပါစေ၊ နစ်နာပါစေ၊ ဟိုဟာဖြစ်ပါစေဆိုတဲ့ ဆန္ဒမရှိဘူး။ ဒါပေမယ့် အဖြစ်မှန်
လေးကိုတော့ ပေါ်ပေါက်စေချင်တယ်။ တနေ့ထက် တနေ့တော့ အဲ့ဒီ ခံစားချက်လေးတော့ ရှိနေတာပေါ့နော်။

ခန္တီးကနေ ပြန်လွတ်လာပြီး နောက်ပိုင်း အန်တီနဲ့ ဘယ်နှစ်ခါ ပြန်တွေ့ဖြစ်လဲ။

အန်တီ ၂ဝ၁ဝ နေအိမ်အကျယ်ချုပ်က လွတ်ပြီးတော့မှပဲ ကျနော်သွားပြန်တွေ့ဖြစ်တယ်။ အခုဆို ၇ ကြိမ်လောက်
တော့ တွေ့ပြီးပါပြီ။

အန်တီနဲ့ အဲ့ဒီတုန်းက အခြေအနေတွေ ပြန်ပြောဖြစ်လား။ အကို့ ပါဝင်မှုနဲ့ ပတ်သတ်ပြီး အန်တီက ဘာပြောသေး လဲ။

စစတွေ့ချင်းတုန်းက အန်တီက အချိန်သိပ်မရဘူး။ ထွက်လာကာစဆိုတော့ သတင်းယူတဲ့သူတွေ၊ တွေ့ချင်တဲ့ သံအမတ်တွေ၊ သံတမန်တွေ များနေပေမယ့် ကျနော့်ကို အန်တီက တော်တော်လေး အချိန်ပေး စကားပြောဖြစ်ပါ တယ်။ စစတွေ့တဲ့ အချိန်မှာ မြန်မာ့နိုင်ငံရေးဖြစ်စဉ် အခြေအနေပေါ့။ ဒါတွေကိုပဲ အဓိက ကျနော်တို့ ပြောဖြစ်ပါ တယ်။ နောက် ကျနော့်ကို ကျေးဇူးတင်တဲ့ အကြောင်းလည်း ပြောပါတယ်။ ကျနော်က ရှေ့နေတယောက် ဖြစ်နေတယ် ဆိုတော့ ရှေ့နေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေလည်း ပြောဖြစ်ပါတယ်။

အခု အခြေအနေတွေ ပြောင်းနေပြီ။ အန်တီလည်း လွှတ်တော်ထဲရောက်သွားပြီ။ ဆိုတော့ တချိန်က အန်တီနဲ့ အသက်အန္တရာယ် အတူကြုံခဲ့ဖူးတဲ့သူ အနေနဲ့ ဒီအနေအထားပေါ်မှာ ဘယ်လိုထင်လဲ။

သူတို့ကို အပြစ်ပေးတာ မပေးတာအပေါ်မှာ
ကျနော်တို့ ဘာဆန္ဒမှ မရှိပါဘူး။ အဖြစ်မှန်လေး
ကို ပေါ်လွင်စေချင်တာပေါ့ဗျာ။ နောင်သမိုင်း ကျရင် ဒါဘယ်လိုက ဘယ်လိုဖြစ်တယ်၊ ဘယ်သူတွေ စီစဉ်ခဲ့လို့ ဘယ်လိုတွေ ဖြစ်တယ် ဆိုတာကို သမိုင်းကြောင်းမှာ တရားဝင်
ပေါ်သွားစေချင်တဲ့ ဆန္ဒရှိပါတယ်။
အန်တီက လွှတ်တော်ထဲရောက်သွားပြီ။ အစိုးရနဲ့ အတိုက် အခံနဲ့ ပေါင်းပြီး အလုပ်လုပ်ရမယ်ဆိုတဲ့ အချိန်ရောက်သွား
တော့ အန်တီလည်း ပိုပြီး တာဝန်တွေ ကြီးလာတယ်လို့ ခံစားရတယ်။ ဖြစ်တဲ့ ပြဿနာတွေ အားလုံး အန်တီ့ဆီကို
တိုက်ရိုက် တိုင်တည်လာကြတယ်။ အရင်က မတိုင်
တည်ရဲ ကြဘူး။ အခုလွှတ်တော်ထဲ ရောက်ပြီဆိုတော့
အန်တီ့ကို ခေါင်းတည်ပြီး တိုင်တည်လာတာတွေ ရှိလာ တယ်။ ရောက်လာတဲ့ ပြဿနာတွေကို အန်တီက
ဖြေရှင်းပေးရတဲ့အပြင် တိုင်းပြည်ရဲ့ အပြောင်းအလဲ အတွက်လည်း ဖြေရှင်းနေရတော့ အန်တီ့အနေနဲ့ တာဝန်တွေ ပိုများလာတယ်လို့ ခံစားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်ထပ် အဲ့လို အနီးကပ်တာဝန် ယူပေးချင်သေးလား။

အန်တီလွတ်ပြီးတော့ ကျနော်က ပြောပါတယ်။ အန်တီ လိုအပ်ရင် ဘယ်အချိန်ဖြစ်ဖြစ် ခေါ်ပါခိုင်းပါ ဆိုတော့ အန်တီ က ကျနော့်မှာက မိန်းမနဲ့ ကလေးနဲ့ မိသားစုနဲ့ ဖြစ်ဆိုတော့ မိသားစုကို ဂရုစိုက်ဖို့ လိုတယ်ပေါ့။ နောက် ရှေ့နေ အနေနဲ့ကော တခြားလုပ်နိုင်တာတွေ ရှိသေးတယ်ပေါ့ အဲ့လို ပြောပါတယ်။

ဒီပဲယင်းကိစ္စလို ဖြစ်ပြီးခဲ့တာတွေ ပြန်ဖော်တာ ဒီမိုကရေစီကူးပြောင်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ထိခိုက်နိုင်တယ်လို့ ပြောတာတွေလည်း ရှိတယ်။ ဒီအပေါ်မှာကော ဘယ်လိုထင်လဲ။

ဒီဖြစ်ရပ်လေးက သမိုင်းပေါ့ဗျာ။ သမိုင်းအဖြစ်မှန်ပေါ့။ အခု ကျနော်တို့ကို လုပ်တဲ့သူတွေ အားလုံးက တော်တော်များ များက သက်ရှိထင်ရှား ရှိနေကြတုန်းပဲ။ သူတို့ကိုယ် သူတို့ပေါ့ဗျာ “ဟာ… ကျနော်တို့က အဲ့တုန်းက အဲ့လို ဖြစ်ခဲ့တယ်၊ အခုတော့ ကျနော်တို့က ပြောင်းလဲချင်ပြီ” ဆိုတာမျိုးပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ သူတို့ကို အပြစ်ပေးတာ မပေးတာအပေါ်မှာ ကျနော်တို့ ဘာဆန္ဒမှ မရှိပါဘူး။ အဖြစ်မှန်လေးကို ပေါ်လွင်စေချင်တာပေါ့ဗျာ။ နောင်သမိုင်းကြရင် ဒါဘယ်လိုက ဘယ်လိုဖြစ်တယ်၊ ဘယ်သူတွေ စီစဉ်ခဲ့လို့ ဘယ်လိုတွေ ဖြစ်တယ်ဆိုတာကို သမိုင်းကြောင်းမှာ တရားဝင်
ပေါ်သွားစေချင်တဲ့ ဆန္ဒရှိပါတယ်။

ဒီပဲယင်းဖြစ်စဉ်မှာ ရိုက်ကြနှက်ကြနဲ့ ငရဲပွက်နေတဲ့အချိန် မှတ်မှတ်ရရ အဖြစ်ဆုံး အပြုအမူ ဒါမှမဟုတ် စကားလုံးက ဘာဖြစ်မလဲ။

စွဲစွဲမြဲမြဲ သတိထားမိတာက ကျနော့်အရှေ့မှာ ပြောကြဆိုကြတဲ့အချိန်မှာ “ဒါ ဒေါ်အောင်ဆန်းစုကြည် ကားနော်၊ မင်းတို့ သမိုင်းဝင်သွားမယ်” ဆိုပြီး ပြောတဲ့အချိန် သူတို့ ခဏတုန့်သွားတယ်။ နောက်ပြီးမှ “ဟာ.. ဘာပဲဖြစ်ဖြစ် ချကွာ၊ ရိုက်ရိုက်” ဆိုပြီး ဝင်ရိုက်တဲ့ အဖြစ်ကတော့ ကျနော့် စိတ်ထဲမှာ ထင်ကျန်နေတုန်းပဲ။
RNDP ညီလာခံတွင် ဖက်ဒရယ်အရေး ဆွေးနွေးမည်

နယူးဒေလီ (မဇ္ဈိမ) ။ ။ စတင်ကျင်းပလျက်ရှိသည့် ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ RNDP ၏ ပထမအကြိမ် ညီလာခံတွင် ဖက်ဒရယ်အရေး ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နေ့အထိ စစ်ပွဲများ၊ နိုင်ငံရေးပြဿနာများ ဖြစ်ပွားနေရခြင်းအား ဖြေရှင်းရန်အတွက် တိုင်းရင်းသား အားလုံး လက်ခံနိုင်သည့် ပြည်ထောင်စုစနစ်တခု လိုအပ်ကြောင်း RNDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က
ပြောသည်။

“Federal အရေးနဲ့ပါတ်သက်ပြီး ကျနော်တို့ မနက်ဖြန် ဆွေးနွေးကြမယ်။ တခုတည်းသော နည်းလမ်း တကယ်စစ်မှန်ပြီး အကုန်လက်ခံနိုင်တဲ့ အနားညီ ပြည်ထောင်စုဆိုတဲ့ တိုင်းရင်းသားတွေ ညီတူညီမျှလက်ခံတဲ့ စနစ်ကြီးတခု decentralize လုပ်တဲ့ စနစ်ပဲ။ ဗဟိုချုပ်ကိုင်မှုကို လျှော့ရမယ်။ အထူးသဖြင့် တိုင်းဒေသကြီးဆိုရင်တောင်မှ ပြည်နယ် ကြီး တခုအောက်မှာရှိတဲ့ အအုပ်ချုပ်ခံ ဒေသလေးတွေဖြစ်ဖြစ် ပုံစံပြောင်းရမှာပေါ့။ ကျနော်တို့က ရှစ်ပြည်ထောင် အလေးအနက်ထားပါတယ်” ဟု ဗုဒ္ဓဟူးနေ့ ညီလာခံ ပထမနေ့ အပြီးတွင် မဇ္ဈိမကို ပြောသည်။

စစ်မှန်ပြီး အပေးအယူမျှတသည့် ပြည်ထောင်စုကို တည်ဆောက်ပါက ဘယ်လိုမှ မပြိုကွဲနိုင်ကြောင်း သူက ဆက်ပြော သည်။

“ဗမာဆိုတာလည်း ပြည်နယ်ကြီးတခု သတ်မှတ်လိုက်။ ကျနော်တို့ကတော့ ပြည်ထောင်စုကြီးကို ပြည်နယ်တွေနဲ့ ဖွဲ့ချင်တယ်။ ပြည်နယ်အသစ်တွေကလည်း သူ့အင်္ဂါအလျောက် ပေါ်လာကြမယ်” ဟု မဇ္စျိမကို ပြောသည်။

ညီလာခံပထမနေ့ကို စစ်တွေမြို့ ပညာလင်္ကာရ ကျောင်းတိုက်တွင် ကျင်းပခဲ့ပြီး သုံးရက်ကြာ ကျင်းပမည့် ပါတီ ညီလာခံတွင် ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး အတွက်လည်း ထည့်သွင်းဆွေးနွေးကြမည်ဖြစ်သည်။

“ကျနော်တို့က Kingdom နဲ့ နေခဲ့ကြတာပါ။ အမျိုးသားလို့ သတ်မှတ်ရင် အမျိုးသားနေ့တနေ့ ရှိရမှာပါ။ အမျိုးသား သီချင်း၊ အမျိုးသားပန်း၊ အကုန်လုံး ကမ္ဘာမှာလည်း သတ်မှတ်ကြတာပဲ” ဟု ဆိုသည်။

၁၉၇၄ ခုနှစ် မဆလ အခြေခံဥပဒေအရ ဒီဇင်္ဘာ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့သော်လည်း သီးခြား ‘ရခိုင်အမျိုးသားနေ့’ သတ်မှတ်ရန် အတွက် ပြည်တွင်း/ပြည်ပ ရခိုင်ပညာရှင်၊ ရခိုင်နိုင်ငံရေးသမား၊ သမိုင်းပညာရှင်များ ဝိုင်းဝန်းစဉ်းစားကြရန် RNDP က ကြေညာချက်တခု ထုတ်ပြန်ဆော်သြခဲ့ဖူးသည်။

ရခိုင်လူမျိုးများ၏ သမိုင်းစတင်သည့် မာယုမင်းဆက် စသည့်နေ့၊ မြောက်ဦးနန်းတော် စတည်သည့်နေ့၊ ရခိုင်ဘုရင်နှင့် ဗမာဘုရင် နယ်ခြားစည်းခြားခဲ့သည့်နေ့၊ ဆရာတော်ဦးဥတ္တမနေ့ စသဖြင့် အဆိုအမျိုးမျိုးရှိနေကြောင်း သိရသည်။

ညီလာခံ ပထမနေ့တွင် အတွင်းရေးမှူး နိုင်ငံရေး အစီရင်ခံစာ၊ ဗဟိုကော်မတီ အစီရင်ခံစာ၊ ငွေစာရင်းနှင့် လွှတ်တော် ၃ ရပ်နှင့်ပါတ်သက်သည့်အစီရင်ခံစာများ တင်သွင်းပြီးဖြစ်ကာ ကိုယ်စားလှယ် ၂ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ သတ်မှတ်ချက် ၃ ချက်ကို ပြင်ဆင်စေလို

မေလ ၃၀ ရက်၊ ၂၀၁၂ ၊ ဟံသာ (YPI)

သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက် ထုတ်ပြန်လိုက်သည့် အသင်းအဖွဲ့များ တရားဝင်မှတ်ပုံတင်ခြင်း လုပ်ထုံးလုပ်နည်း သတ်မှတ်ချက် ၃ ချက်ကို အစိုးရအနေဖြင့် ပြင်ဆင်ပေးစေလိုကြောင်း ယနေ့ Central Hotel တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် NGO များက ပြောကြားလိုက်သည်။

အဆိုပါအချက် ၃ ချက်မှာ အသင်းအဖွဲ့မှတ်ပုံတင်ရာတွင် လုပ်ထုံးလုပ်နည်း သတ်သတ်မှတ်မှတ် မရှိသေးသည့် အချက်၊ ဒုတိယအနေဖြင့် မှတ်ပုံတင်ကြေး တနှစ်ကျပ် ၁ သိန်းကို ၅ နှစ်စာ တကြိမ် ထည်းပေးသွင်းရန် သတ်မှတ်ချက်နှင့် တတိယအချက် အနေဖြင့် မှတ်ပုံတင်ရာတွင် မြို့နယ်၊ ခရိုင်၊ တိုင်းမှ တဆင့်နေပြည်တော်အထိ သွားရခြင်းနှင့် တနေရာနှင့် တနေရာ လုပ်ထုံးလုပ်နည်းများ မတူကွဲပြားနေသည့် အချက်တို့ဖြစ်သည်။

ယခုအချက်အလက်များကို Local Resource Center (ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့) ဟု ခေါ်ဆိုသည့် အဖွဲ့မှ “မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ လုပ်ငန်းများ လုပ်ဆောင်နိုင်သည့် အခြေအနေများနှင့် အခွင့်အလမ်းများ ဆန်းစစ်ခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ သုတေသနပြုလုပ်ပြီးနောက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းအဖွဲ့က ပြည်တွင်းအဖွဲ့အစည်းပေါင်း လေးဆယ်ကျော် ငါးဆယ်ခန့်ကို တွေ့ဆုံမေးမြန်း၍ ယခုကောက်ချက်ကို ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

ယင်းအဖွဲ့၏ ဒါရိုက်တာ ဒေါ်နီလာမြိုင်က “ကျွန်မတို့နိုင်ငံမှာလက်ရှိ ကိုယ့်ဗိုက်ဆံနဲ့ကိုယ်လုပ်နေတဲ့ ပြည်တွင်း အသင်းအဖွဲ့တွေပေါ့ သွေးလှူတဲ့အဖွဲ့တို့ ကိုယ့်ဟာကိုယ်စာလိုက်သင်နေတဲ့အဖွဲ့ တွေပေါ့၊ အဲဒီလိုအဖွဲ့တွေနဲ့ ပတ်သတ်ပြီး ရှင်းလင်းတိကျတဲ့လမ်းညွှန်မှုမရှိဘူး။ အခုတချို့နေ ရာတွေမှာ အာဏာပိုင်တွေက အဲဒီအဖွဲ့တွေ လည်းမှတ်ပုံတင်ဖို့လိုတယ် လို့ပြောတယ်” ဟု စေတနာ့ဝန်ထမ်း ကူညီသည့်အဖွဲ့များလည်း အခက်အခဲ ကြုံရနိုင်ပုံကို ရှင်းလင်း ပြောဆိုသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲသို့ လေ့လာသူအနေဖြင့် တက်ရောက်သူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး က “အရင်ဆုံး ကိုယ်တိုင်ခံဝန်ချက်ကို တွေ့လိုက်တော့ NGO အဖွဲ့အစည်း ရဲ့ ဥက္ကဋ္ဌ တာဝန်မှအပ မည်သည့်နိုင်ငံရေးမှမလုပ်ပါ ဆိုတာတွေ့ပါတယ် ဒီစကားရပ်က ကျယ်ဝန်း ပါတယ်၊ နိုင်ငံရေးဆိုတာ ဘာကိုဆိုလိုတာလဲ နိုင်ငံရေးလို့ပြောရင် ဘယ်လို နိုင်ငံရေးမှမလုပ်ပါဆိုတဲ့ သဘောသက်ရောက်ပါတယ်။ နောက်တပိုဒ်က ပါတီနိုင်ငံရေးနှင့်ကင်းရှင်းကြောင်း ပါပါတယ် ၊ကျွန်တော်တို့ကလက်ရှိ တည်ဆဲအစိုးရရဲ့ဥပဒေဘောင်ထဲမှာ ဘယ်လိုရပ်တည်ဆောင်ရွက်နိုင်မလဲလို့ လာပြီးလေ့လာတဲ့သူ အနေနဲ့ တော်တော်ကြီးကို စိတ်ပျက်စရာ အခြေအနေနဲ့ကြုံတွေ့နေရပါတယ်” ဟုဆိုသည်။

လက်ရှိမှတ်ပုံတင် လုပ်ထုံးလုပ်နည်းတွင် ရပ်ရွာအခြေပြု၍ လုပ်အားဖြင့်ဖြစ်စေ ၊ ငွေကြေးဖြစ်ဖြစ်စေ၊ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့အစည်းများ ၊ ဒီမိုကရေစီဖော်ဆောင်ရာတွင် အရေးကြီး သည့်အခန်းကဏ္ဍတွင် ပါဝင်သည့် ပြည်သူ့နီတိသင်တန်းများ၊ လူ့အခွင့်အရေးဆိုင်ရာသင်တန်းများ လုပ်ကိုင်နေသည့် အဖွဲ့အစည်းများ၊ လူမှုကွန်ရက်များ အနေဖြင့် တရားဝင်မှတ်ပုံတင်ရန် လိုအပ်သည့် လမ်းညွှန်မထားသည်ကို တွေ့ရသဖြင့် မြန်မာနိုင်ငံတွင်လက်ရှိလုပ်ကိုင်နေသည့် အသင်းအဖွဲ့ အားလုံး နှင့် အကျုံးဝင်သည့် မှတ်ပုံတင် လုပ်ထုံးလုပ်နည်း တရပ် ချပေးရန်လည်း ထုတ်ပြန်ချက်တွင် အကြံပြု ထားသည်။

ယခု သတ်မှတ်လိုက်သည့် အသင်းအဖွဲ့ များ တရားဝင်မှတ်ပုံတင်ကြေးနှင့်ပတ်သက်၍ မန္တလေး အခြေ စိုက်ဗြဟ္မစိုရ် လူမှုကူညီမှု အသင်းမှ ဒေါက်တာ ၀င်းမြင့်က “ကျွန်တော်တို့ ၂၀၀၁ ခုနှစ်က မှတ်ပုံတင် ကြေးက ကျပ်တစ်ရာ သတ်မှတ်တယ် အခုခေတ်အခြေအနေအရဆိုရင်တော့ ကျပ်တစ်သောင်း လောက်က အများ လုပ်သာကိုင်သာမယ့် ပမာဏဖြစ်မယ်လို့ ယူဆပါတယ် နောက်မှတ်ပုံတင်ကြေး က တနှစ်တခါထမ်းဆောင်ခြင်းဟာ နည်းမှန်လမ်းမှန်ဖြစ်တယ်လို့ ယုံကြည်ပါတယ်”ဟုပြောသည်။

အစိုးရသစ်က ထုတ်ပြန်လိုက်သည့် အသင်းအဖွဲ့များတရားဝင်မှတ်ပုံတင်သည့် ဥပဒေမှာ ၁၉၈၉ ခုနှစ် က ပြဋ္ဌာန်းခဲ့သည့် ဥပဒေကိုအခြေခံထားသည်ဟု သိရသည်။

အသင်းအဖွဲ့များမှတ်ပုံပင်ခြင်းကို မည်သည့်အချိန်ကာလတွင် နောက်ဆုံးထားရမည်ဟု သတ်မှတ် မထားသော်လည်း ဦးဝင်းမြင့်က ၎င်းတို့ကို အာဏာပိုင်များလာရောက်အသိပေးသည့် အချိန်တွင် တလအတွင်း လုပ်ရမည်ဟု ဆိုကြောင်းပြောသည်။

အထက်ပါအကြုံပြုချက် ၃ ချက်ကိုနေပြည်တော်တွင် ရှိသည့် ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ အဆိုပါဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဋ္ဌာ နတို့အား ယခုအကြံပြုချက်များကို ဝေငှသွားမည်ဟုဆိုသည်။ ။

ဆန္ဒပြမှုများတွင် ပါတီများမပတ်သက်ရန် ခေါ်ယူသတိပေး

By , on May 30, 2012 4:23 pm

လျှပ်စစ်မီး ရရှိရေးနှင့်လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုနေကြသည့် လူထုလှုပ်ရှားမှု များ၌ နိုင်ငံရေးပါတီ များ ပါဝင် ပတ်သက်ခြင်း မပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေး လိုက်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး (ဓာတ်ပုံ - Reuters)
နိုင်ငံရေးပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာပါမည်ဟု ၀န်ခံကတိပြုထားပြီး ဖြစ်ကြောင်း၊ ထိုဝန်ခံချက်အား ပါတီဝင် တဦးဦးက ချိုးဖောက်လျှင် ၎င်းအား ပါတီဝင် အဖြစ်မှ ထုတ်ပယ်နိုင်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပါတီများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ရေးသားထားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) စသည့် ပါတီများ ကို နေပြည်တော်သို့ ယမန်နေ့က ခေါ်ယူတွေ့ဆုံ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့က တွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံ၌ ပါဝင်သည့် မူဝါဒများကို ဖတ်ပြကြောင်း၊ လက်ရှိဆန္ဒပြမှုများ၌ ပါတီတချို့ပါဝင် ပတ်သက်သည်ဟု တိုင်ထားကြကြောင်းနှင့် မဖြစ်နိုင်သည့်အရာများကို ပါတီများအနေဖြင့် တွန်းအားမပေးကြရန် ဦးတင်အေး ရှင်းပြကြောင်း NDF ပါတီ၏ ဗဟိုအဖွဲ့ဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးစိုးဝင်းက ဧရာဝတီကို ပြောသည်။
၎င်းက “စက်ရုံ၊ အလုပ်ရုံ ၂၀ လောက်ဆန္ဒပြနေကြတာမှာ ၁၃ ရုံလောက်က ညှိနှိုင်းလို့ရပြီ၊ ၄ ရုံကတော့ နိုင်ငံရေးပါတီတွေက အားပေးနေတဲ့အတွက် ညှိမရ ဖြစ်နေတယ်ဆိုပြီး တိုင်တာတွေရှိတယ်၊ အဲဒီအထဲမှာ နာမည်ထုတ်ပြောတာက NLD၊ NDF တို့ ပါနေတယ်” ဟု ဆိုသည်။
နိုင်ငံရေးပါတီများသည် ပြည်သူ့ ကိုယ်စားပြုဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ပြည်သူတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရန် တာဝန်ရှိကြောင်း၊ အလုပ်သမားရော၊ အလုပ်ရှင်ပါ ပြည်သူများဖြစ်သည့်တိုင် ဒုက္ခအခက်အခဲ ခံစားနေရ
သူများမှာ အလုပ်သမားများသာ ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောသည်။
“ကျနော်ကိုယ်တိုင် လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ အလုပ်သမားတွေနဲ့ တွေ့ဖို့ရှိပါတယ်။ သူတို့ကို ဘာလုပ်ပေးနိုင်မလဲပေါ့။ လွှတ်တော် အနေနဲ့လည်း ဖြေရှင်းပေးဖို့ လိုတာပေါ့” ဟု သူက ဆက်ပြောသည်။
နိုင်ငံရေးပါတီများသည် ဥပဒေ ပုဒ်မ ၄၀၄ (ခ) အရ “နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်” ဆိုသည့်အချက်နှင့် ပုဒ်မ ၄၀၅ (ခ) ၌ ပါဝင်သော “ဤဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမည်” ဟု ပါတီ မှတ်ပုံတင်စဉ်ကပင် ၀န်ခံကတိ လက်မှတ်ထိုးပြီး ဖြစ်ကြောင်း၊ ၀န်ခံချက်အား ချိုးဖောက်လျှင် ပါတီမှ ထုတ်ပယ်သည်အထိ အရေးယူနိုင်ကြောင်း ဦးတင်အေးက ဆိုသည်။
လျှပ်စစ်မီး ပြဿနာသည် ယခုမှ ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း၊ ထိုကိစ္စအား အစိုးရသတင်းစာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြမပေးဘဲ သတင်းထိန်ချန် ထားကြောင်း စသည့် ကိစ္စတို့ကို ပြန်လည်ဆွေးနွေးခဲ့သည်ဟု NLD ပါတီ၏ ပြောခွင့်ရသူနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောသည်။
၎င်းက “မီးပြဿနာက ကြာပြီ၊ ဒါကို အဓိက ဖြေရှင်းပေးဖို့ တာဝန်က အစိုးရဖြစ်တယ်၊ အစိုးရ သတင်းစာတွေကလည်း သ တင်းတွေ အမှောင်ချထားတော့ အကြောင်းစုံကို အခု ခေါ်ပြောတော့မှပဲ ကျနော်တို့က သိရတာပါ” ဟု ဆိုသည်။
မိမိတို့၏ လိုအပ်ချက်များ တောင်းဆိုခြင်းသည် ပြည်သူတို့၏ လွတ်လပ်ခွင့်ဖြစ်ကြောင်း၊ ပြည်သူတို့၏ လွတ်လပ်ခွင့် အား ကာကွယ်ပေးရေး တာဝန်သည် ၎င်းတို့ပါတီ၏ အခြေခံမူပင် ဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။
လူထု ဆန္ဒပြပွဲများသည် ရန်ကုန်၊ မန္တလေး၊ ပြည်၊ မုံရွာ၊ ပုသိမ် စသည့် ဒေသများ၌ ဆက်တိုက်ဖြစ်ပေါ်နေပြီး တပြည်လုံး အုံကြွမှု ဖြစ်လာမည့်အရေးကို အစိုးရ အာဏာပိုင်များက စိုးရိမ်လျှက် ရှိသည်။ မှော်ဘီမြို့နယ် သံမဏိစက်ရုံမှ အစာငတ်ခံ ဆန္ဒပြသည့် အလုပ်သမား တချို့ကိုလည်း ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းစ၊ နုနယ်သော ကာလတွင် လိုအပ်ချက်များ ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပြီး နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု ပူးပေါင်းဆောင်ရွက်နေသည့် ကာလတွင် မလိုလားအပ်သော
ဆူပူအကြမ်းဖက်မှုကြောင့် တုံ့နှေးသွားမည့် အခြေအနေမျိုး မဖြစ်ရန် အလေးထားဖို့ လိုကြောင်း ဦးတင်အေးက ဆိုသည်။
ဦးတင်အေးက “မဖြစ်နိုင်သေးတာတွေကို ဆန္ဒစော အတင်းတွန်းအားပေး ဆောင်ရွက်ခြင်းဖြင့် မိမိအတွက်ရော နိုင်ငံအ တွက်ပါ အကျိုးမရှိ၊ မလိုလားအပ်တဲ့ ဆူပူမှုတွေ ဖြစ်လာရင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကိုထိခိုက်စေတယ်” ဟု
ဆိုကြောင်း သတင်းစာများ၌ ဖော်ပြထားသည်။
နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ရှင်းလင်းရာတွင် ဦးတင်အေးနှင့်အတူ အမှတ် ၂ လျှပ်စစ်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်သန်းဦး၊ အလုပ်သမား ဒု ၀န်ကြီး ဦးမြင့်သိန်းတို့ကလည်း လက်ရှိ ဆန္ဒပြမှု အခြေအနေများ၊ ၎င်းတို့ဌာနများမှ ဖြေရှင်းပေးနေသည့် အခြေအနေများ၊ အခက်အခဲများကို ရှင်းလင်းပြခဲ့ကြကြောင်း ပါတီ ခေါင်းဆောင်များက ပြောသည်။
အစိုးရ အာဏာပိုင်တို့၏ ခေါ်ယူဆွေးနွေး အသိပေးခြင်းသည် ၎င်းတို့၏ မူဝါဒကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်ပြီး ပြည်သူတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရေး ကိစ္စသည် နိုင်ငံရေးပါတီများ၏ မူဝါဒ ဖြစ်ကြောင်းလည်း နိုင်ငံရေး ပါတီများက ဆို သည်။

၈၈ အများစု NGO လုပ်လိုသော်လည်း ဥပဒေက ကန့်သတ်ထားဟု ကိုကိုကြီးပြော


ရန်ကုန် (မဇ္ဈိမ) ။ ။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များအနေနှင့် NGO အဖွဲ့အစည်း သီးသန့်ထူထောင်၍ အမျိုးသားရေး ဆက်လက်လုပ်ဆောင်လိုကြသော်လည်း တည်ဆဲဥပဒေများကြောင့် အဟန့်အတားဖြစ်နေရကြောင်း ကိုကိုကြီး က ပြောသည်။

အသင်းအဖွဲ့ထူထောင်ရေး ဥပဒေ အရ ၎င်းတို့ကဲ့သို့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်းများအတွက် ပိတ်ပင်တားဆီး ထားကြောင်း ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ပြုလုပ်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက် သည့် အခမ်းအနား တခုတွင် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က ပြောကြားသွားခြင်း ဖြစ်သည်။

“တရားဝင် အသင်းအဖွဲ့အနေနဲ့ လုပ်သွားမှာပါ။ ဒါပေမယ့်
kokogyi
NGO အဖွဲ့အစည်း သီးသန့်ထူထောင်၍ အမျိုးသားရေး ဆက်လက် လုပ်ဆောင်လိုကြသော်လည်း တည်ဆဲဥပဒေများကြောင့် အဟန့်အတားဖြစ်နေရကြောင်း ကိုကိုကြီး က ပြော (ဓါတ်ပုံ မဇ္ဈိမ)
လက်ရှိချထားတဲ့ အသင်းအဖွဲ့ ထူထောင်ရေး ဥပဒေတွေ
က ကျနော်တို့လို လူမျိုးတွေကို ပါဝင်ခွင့်မရှိအောင် တားထားသလိုပဲ။ အသင်းအဖွဲ့တခု ဖွဲ့ရင် ဘယ်လို
နိုင်ငံရေးမှ မလုပ်တဲ့ သူ ဖြစ်ရမယ်။ နောက်တခုက တည်ဆဲဥပဒေတွေနဲ့ မငြိစွန်းသူ ဖြစ်ရမယ် ဆိုတော့
ဒါဟာ ကျနော်တို့ကိုများ ရည်ရွယ် ထုတ်ထားသလားလို့
အောက်မေ့ရတယ်။ တော်တော် စိတ်ပျက်ဖို့ ကောင်းပါ
တယ်။ မည်သည့် နိုင်ငံရေးမှ မလုပ်ပါ ဆိုတာကလည်း ဘယ်လို နိုင်ငံရေးကို ဆိုလိုတာလဲ။ ကျနော်တို့လို
နှစ်ရှည်နေပြီး ထွက်လာသူတွေက ဒီ မြန်မာ့ လူ့အဖွဲ့
အစည်းထဲ ဝင်ဖို့ ထပ်ကန့်သတ်ခံထားရသလိုပဲ” ဟု
ပြောသည်။

၁၉၈၈ မှစ၍ မြန်မာ့နိုင်ငံရေးလောကတွင် ကျင်လည်
ခဲ့ကြသည့် ၈၈ မျိုးဆက် ကျောင်းသားအချို့သာ ပါတီ
နိုင်ငံရေး လောကတွင်းသို့ ဝင်ရောက်မှာဖြစ်ပြီး အများစု
မှာ NGO လောကတွင်းသို့ ဝင်ရောက်ကြမည် ဖြစ်ကြောင်း
၎င်းက ဆက်ပြောသည်။

“ကျနော်တို့က ၈၈ တည်းက နိုင်ငံရေးနယ်ပယ်ထဲမှာ ကျင်လည်ခဲ့တယ်။ သူများလို ဘောပင်တောင်း၊ စာအုပ်တောင်း လည်း လုပ်လာတာ မဟုတ်ဘူး။ ဒါပေမယ့် အသက်အရွယ်နဲ့ ခေတ်စနစ်အရ ပါတီနိုင်ငံရေးကို အရမ်း စိတ်ဓါတ်ပြင်းသူတွေလောက်ပဲ လုပ်ဖြစ်မယ်။ အများစုက ပါတီနိုင်ငံရေးထက် အမျိုးသား နိုင်ငံရေးကိုပဲ လုပ်သွားဖို့ များတယ်။ NGO လို အသင်းတခုအနေနဲ့ ဆက်ရှိသွားမှာပါ” ဟု ပြောသည်။

သို့ရာတွင် မည်သူများက ပါတီနိုင်ငံရေး လုပ်ဆောင်သွားမည် ဆိုသည့်အချက်ကိုမူ ထုတ်ဖော် ပြောကြားသွားခြင်း မရှိချေ။

“ဒီအပိုင်းက ပြောဖို့ စောသေးတယ်။ အခု လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေတယ်။ ဒီထဲကို ကျနော်တို့
ပြောချင်တာကို ပြောနိုင်အောင် ဆောင်ရွက်နေတယ်။ နောက်ပိုင်း နိုင်ငံရေးစိတ်သန်တဲ့ အချို့ကလည်း အဲဒီထဲ သွားဖို့ ပြင်မှာပါ။ ဒါ အဖွဲ့ကွဲတာ မဟုတ်ဘူး။ ဒီလိုမျိုး ပါတီနိုင်ငံရေး မလုပ်ပေမယ့် အမျိုးသားနိုင်ငံရေးတော့ လုပ်မှာပါ။ ရပ်တည်မှု ကွဲတယ်ထင်ပေမယ့် မကွဲပါဘူး” ဟု ပြောသည်။

NGO လုပ်ငန်းနှင့် ပတ်သတ်၍ လေ့လာမှုများ လုပ်ဆောင်နေကြောင်း “လက်ရှိ NGO ဆိုတာကို နားမလည်ကြသေး ဘူး။ NGO ဆိုရင် ဝန်ဆောင်မှုပေးတာလို့ပဲ ထင်နေကြတော့ ဒါကို သေသေချာချာလေးလုပ်ပြီး ဥပဒေပါ အချက်တွေ ကို ပြင်ဖို့ တိုက်တွန်းသွားမှာပါ။ ဒီဥပဒေဟာ အမှောင်ကာလလို့ သတ်မှတ်ထားတဲ့ ၁၉၆၂ နောက်ပိုင်း ထုတ်ပြန်ထားတဲ့ ဥပဒေပါ” ဟု ကိုကိုကြီး က ပြောသည်။

လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသည့် အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ဥပဒေသစ်တရပ် ပေါ်ထွက်ရန် လိုအပ်နေပြီ
ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောဆိုသွားသည်။