Saturday, December 22, 2012

မြင်ကွင်းတစ (သက်ထွန်း)

မြင်ကွင်းတစ (သက်ထွန်း)

Posted by on December 17, 2012 1 Comment
My
ဗမာနိုင်ငံတွင် ပြည်သူလူထုအား ဦးဆောင်မည့် လူထုခေါင်းဆောင် (တနည်း) အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် မရှိတော့ပြီလော …
ယခု တွေ့ မြင်နေ ရသည်က နိုင်ငံရေးပွဲစားများသာ၊ ဘာကြောင့်ဆို ပြည်သူ့ဖက်ကရပ်တည်ပြီး ပြောဆိုလုပ်ဆောင်ကြ သည် မဟုတ်ဘဲ၊ အုပ်ချုပ်သူနှင့် ပြည်သူလူထု၏ အကြားတွင် ကြားဝင်စေ့စပ်သူများအဖြစ်ဖြင့်သာ ပြောဆိုလုပ်ဆောင် နေကြသလို၊ တချို့ကလည်း ပြည်သူလူထုသဘောထားနှင့် လက်ရှိလုပ်ရပ်များမှာ (လက်ပံတောင်းတောင်ကိစ္စ၊ မိုးထိ မိုးမိ ကိစ္စအပါအ၀င် အခြားလယ်သမား၊ အလုပ်သမားများ၏ ဘ၀ရပ်တည်ရေးအတွက် ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်မှုများ အပေါ်တွင်သာမက အစိုးရဆိုသူများမှ တရားလက်လွတ် ဖမ်းဆီးခြင်း၊ အကြမ်းဖက် လုပ်ဆောင်ခြင်းများနှင့် နောက် ဆက်တွဲဖြစ်ရပ်များသည်) ၎င်းတို့နှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသလို သဘောထားမျိုးနှင့် အမြင်မတော်၍သာ ၀င် ပြောရသလိုလို၊ ပြောပြန်တော့လည်း အုပ်ချုပ်သူများဘက်မှ အမြင်စောင်းမည်စိုးသဖြင့် စကားကို လှည့်ပတ်ပြောနေ ကြပြန်တာကြောင့် ဖြစ်ပါတယ်။
တကယ်တော့ ပြည်သူအတွက် မိမိနှင့်အုပ်ချုပ်သူများကြား အထင်အမြင်လွဲမှားမှု (သို့) အုပ်ချုပ်သူများမှ မိမိအပေါ် အ မြင်မကြည်လင်မှု (သို့) အုပ်ချုပ်သူနဲ့မိမိ၏ ကြားရထားတဲ့ အခွင့်အလမ်းများပျက်ပြားသွားခြင်း၊ ယုတ်လျော့သွားခြင်း မျိုး အဖြစ်မခံလိုတဲ့ သဘောထားမျိုးဟာ ပြည်သူကို ဦးဆောင်နေ (သို့) လိုသူများအတွက် အင်မတန်မှ မှားယွင်းတဲ့ အ တွေးအခေါ်တရပ်သာ ဖြစ်ပါတယ်။
ပြည်သူကို ဦးဆောင်ဦးရွက် ပြုနိုင်သူတွေက တာဝန်ကိုရှောင်လွဲနေမှုဟာ ပြည်သူလူထုအတွက် အလွန်ကြေကွဲဘွယ် ကောင်းတဲ့ အခြေအနေပဲဖြစ်တယ်။ ဤနိုင်ငံသည် တည်ငြိမ်တိုးတက်သည့် နိုင်ငံရေးအခြေအနေမျိုး၊ စီးပွားရေးအခြေ အနေမျိုးနှင့် လူမှုအဖွဲ့အစည်းများရှိနေပြီဟု ထင်မြင်ယူဆချက်မျိုး အားကောင်းနေပြီလော၊ ပြည်သူလူထုကို ဦးဆောင် ကိုယ်စားပြုသည့် အတိုက်အခံမျိုး မလိုအပ်တော့ပြီဟု ခံယူချက်များရှိနေကြပြီလော။ ဤသို့ဖြစ်ပါက ကြောက်မယ်ဖွယ် ကောင်းသည့် အတွေးအခေါ်များသည် အတိုက်အခံ ဒီမိုကရေစီအင်အားစုများကြား လွှမ်းမိုးနေပြီဟုဆိုရတော့မှာ ဖြစ်ပါ တယ်။
ဘာကြောင့်ဆို ကြံ့ဖွံ့အစိုးရဆိုသူများ၏လက်တွင်၊ တိုင်းပြည်သည် စစ်အာဏာရှင်စနစ်၏ ဆိုးဝါးသည့်အကျိုးဆက်များ အား ဆက်လက်ခံစားနေမြဲ၊ လွတ်မြောက်ရန် ကျိုးစားနေရဆဲရှိတုန်းပဲ ဖြစ်တယ်၊ သေချာသည့်အချက်အလက်များက တော့ ပြည်သူလူထု၏ စားဝတ်နေရေးနှင့် ဘ၀ရှင်သန်ရေးနှင့် ဘ၀လုံခြုံရေးအခြေအနေများသည် အနိမ့်ဆုံးရေချိန်မှတ် သို့ လျောကျနေဆဲ၊ တိုင်းပြည်၏ စီးပွားရေးအခန်းကဏ္ဍတခုလုံးသည်လည်း စစ်ခေါင်းဆောင်ဟောင်းများနှင့် ၎င်းတို့၏ လက်ဝေခံဖြစ်သည့် ခရိုနီများ၏လက်တွင်း၌သာ တည်ရှိမြဲတည်ရှိနေခြင်း၊ ၎င်းတို့၏အကျိုးစီးပွားနှင့်လုပ်ပိုင်ခွင့်များအား လက်ရှိကြံ့ဖွံ့အစိုးရဆိုသည်မှ ဆက်လက်ကာကွယ်ထိန်းသိမ်းမှု ပြုလုပ်နေရခြင်း၊ တရားရေးမဏ္ဍိုင်အနေဖြင့် ယိုယွင်း ပျက်ဆီးမြဲ ပျက်ဆီးလျက်ရှိနေပြီး၊ ဥပဒေ၏အထက်တွင် စစ်တပ်နှင့်အာဏာပိုင်အသိုင်းအ၀ိုင်းက ရှိနေပြီး၊ ပြည်သူလူ
ထုအား ဖိနှိပ်အနိုင်ကျင့်ရန်အတွက်သာ ဥပဒေကို ကျင့်သုံးလျက်ရှိနေခြင်း၊ ပြည်တွင်းစစ်မီး ဆက်လက်တောက်လောင် လျက်ရှိနေခြင်း၊ တိုင်းပြည်၏ ပကတိလိုအပ်ချက်များ (တိုင်းပြည်ငြိမ်းချမ်းရေး၊ တည်ငြိမ်တိုးတက်မှုရှိရေး၊ အမျိုးသား ညီညွတ်မှု ပြန်လည်တည်ဆောက်နိုင်ရေး စသည်တို့အတွက်၊ စစ်မှန်သည့် ညှိနိုင်း ဆွေးနွေးမှုမျိုးကို တိုင်းရင်းသားများ နှင့်သော်လည်းကောင်း၊ အခြား နိုင်ငံရေးအင်အားစုများနှင့်သော်လည်းကောင်း ပြုလုပ်ခြင်းမရှိဘဲ )၊ မသိကျိုးကျွံ လျှစ် လျူရှုထားပြီး တဖက်တွင်လည်း အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ ဟုဆိုကာ အကောင်အထည်ဖော်မှုမရှိသော စကားများအား လှည့်ပတ်ပြောဆိုရန်အတွက် လူအချို့အား ပြည်တွင်းပြည်ပသို့ စေလွှတ်ပြီး ပြည်သူလူထုတရပ်လုံးနှင့် နိုင်ငံတကာအား လိမ်ညာနေပြီး၊ စစ်အာဏရှင်စနစ် တည်မြဲရေးအား အခြေပြု ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပ ဒေအား အသက်သွင်းတည်မြဲနိုင်ရန် အလို့ငှာ ဆက်လက်လုပ်ဆောင်နေခြင်း စတဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ ဖြစ်စဉ်တွေ နဲ့ ရွေ့ရှားနေခြင်းသာဖြစ်တယ်။
တချိန်တည်းမှာ စစ်အာဏာရှင်စနစ်ကို ထောက်ပြဝေဖန်သူ၊ ဆန့်ကျင်သူမှန်သမျှအတွက် ကြံ့ဖွံ့အစိုးရမှာ ဒီမိုကရေစီ မရှိ ပါဘူး၊ သူတို့ နိုင်ငံရေးဝန်းကျင်နဲ့ စနစ်ကို တုန်ခါစေမယ့်လုပ်ရပ်မျိုး၊ အာဏာပါဝါ လျော့ပါးစေမယ့်အဖြစ်မျိုးတွေဆိုရင် ရက်ရက်စက်စက်ဖယ် ရှင်းဖို့ရာ ဘယ်သောအခါမှ လက်တွန့်သွားမှာမဟုတ်ပါဘူး၊ စစ်အုပ်စုရဲ့မဟာဗျူဟာအရ လော လောဆယ် ရေတိုလုပ်ငန်းစဉ်အဖြစ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ဖွံ့အစိုးရတာဝန်ယူလုပ်ဆောင်နေရတာက နတ၀၊ နအဖ စစ်ခေါင်းဆောင်ဟောင်းတွေ (အဓိက သန်းရွှေ သေလွန်သည်အထိ) တိုင်းပြည်က မတရားခိုးယူသိမ်းပိုက်ထား တဲ့ ပစ္စည်းဥစ္စာတွေကို ခံစား စံစားပြီး အေးချမ်းစွာပျော်ပါးနေနိုင်ရေးအတွက် စနစ်တကျ အကာအကွယ်ပေးနိုင်ရေးပဲ ဖြစ်တယ်၊ ရေရှည်လုပ်ငန်းစဉ်အဖြစ်ကတော့ စစ်အာဏာရှင်စနစ် တရားဝင်ထူထောင်နိုင်ရေးပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ မဟုတ်ပါဘူး။
ဒါကြောင့် နိုင်ငံရေးအရ လိုအပ်ချက်ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ (စစ်အာဏာရှင်စနစ်အား တရားဝင် ထူ ထောင်နိုင်ရေးအတွက် ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံ) ကို ပြင်ဆင်ခြင်း သို့တည်းမဟုတ် ဖျက်သိမ်းခြင်းပြုလုပ်ပြီး၊ အမျိုး သားညီညွတ်ရေးတည်ရှိစေမည့် စစ်မှန်သော ပြည်ထောင်စုတခုအဖြစ် တည်ဆောက်ရေး၊ ဒီမိုကရေစီအချက်များဖြင့် အ ခြေခံသည့် နိုင်ငံရေးဝန်းကျင်တရပ်တည်ရှိမှု၊ လူအခွင့်အရေး ချိုးဖောက်ခံရခြင်းများအား ကာကွယ်နိုင်မှု စသည့် အခြေ ခံကျလိုအပ်ချက်များဖြင့် ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်ရေးကို မျက်ခြေမပြတ်သင့် ပါဘူး။
လက်ရှိအနေအထားတွင် တိုင်းပြည်၏ ပကတိလိုအပ်ချက်အား ခဏဘေးဖယ်ထားသည့် သဘောသဘာဝမျိုးကို အ တိုက်အခံအင်အားစုများအတွင်း တွေ့နေရပြီး၊ စစ်တပ် (၀ါ ) ကြံ့ဖွံ့အစိုးရနှင့် အဆင်ပြေရေးဆိုသည့်အချက်မှာ ပိုအား ကောင်းနေပေတယ်၊ ဒါ့အတွက် နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ပြည်သူလူထုအား တိုက်ရိုက်ဦးဆောင်မှုပေးခြင်းမျိုး မပြုတော့ဘဲ ရှောင်ရှားလာကြတာကို တွေ့ကြုံရပါတော့တယ်။ ထိုကဲ့သို့အခြေအနေမျိုးတွင် ပြည်သူလူထုအနေဖြင့် မည်သို့ခံစားမှုမျိုး ဖြစ်ပေါ်လာပြီး၊ မည်သို့တုံ့ပြန်တတ်သနည်း ဆိုသည်ကို ဦးဆောင်မှု အခန်းကဏ္ဍတွင် ရှိနေကြသော သူများအနေနဲ့ လေးလေးနက်နက် သတိချပ်သင့်ပါတယ်။
ပြည်သူလူထု၏ အလွန်ရိုးရှင်းသော တုံ့ပြန်ချက်မှာ ၎င်းတို့ကြုံတွေ့ခံစားနေရမှုများအား အကြောက်တရားမဲ့စွာ ဖွင့်ဟ ဖော်ထုတ်ပြသခြင်းသာ ဖြစ်ပါလိမ့်မယ်၊ ဘာကြောင့်ဆို တရားလက်လွတ် ဖိနှိပ်မှုများကို ခံနေရခြင်းရဲ့အဆုံးစွန်မှာ (အ ကြောက်တရားဆိုတာ ကုန်ဆုံးသွားပြီး) တော်လှန်ပုန်ကန်ခြင်းဆိုတာသာ ရှိနေတဲ့အတွက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ လည်း ပြည်သူတရပ်လုံး ကြုံတွေ့နေရသည်က အာဏာပိုင်အဆင့်ဆင့်၏ ဖိနှိပ်မှုကိုခံရခြင်း၊ ဘ၀လုံခြုံမှုမရှိတော့ခြင်း၊ တရားဥပဒေ၏ ကာကွယ်မှုကို ကောင်းစွာမရရှိတော့ဘဲ တရားလက်လွတ် အနိုင်ကျင့်ခံရမှုများ အမြဲတွေ့ကြုံနေရခြင်း၊ နိုင်ငံသားတဦးအနေဖြင့် လွတ်လပ်မှု မရှိသည့် အခြေအနေသို့ကျဆင်းသွားပြီဟု ခံစားမှုကြီးမြင့်လာခြင်း၊ ဘိုးစဉ်ဘောင် ဆက် နေထိုင်လာကြသည့်နေရာများ လုပ်ကိုင်စားသောက်ရာနေရာများမှ မောင်းထုတ်ခံနေရခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှု ကင်းမဲ့ခြင်း၊ အလုပ်အကိုင်မရှိမှု တိုးတက်များပြားလာခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ပိုမိုလာခြင်း အစရှိတဲ့ အခြေ ခံကျကျ အချက်တွေကြောင့် ပြည်သူလူထုဟာ လူချင်းတူတူ သူချင်းမျှမျှ ဘ၀မျိုးမရှိကြတော့ဘဲ၊ စားစရာမရှိ နေစရာ နတ္ထိ အနေအထားမျိုးကို တွန်းပို့ခံလိုက်ရပြီ ဖြစ်ပါတယ်။
ဤအခြေအနေမျိုးတွင် ပြည်သူလူထု၏ အလွန်ရိုးရှင်းသောတုံ့ ပြန်ချက်မှာ ၎င်းတို့ ကြုံတွေ့ခံစားနေရမှုများအား အ ကြောက်တရားမဲ့စွာ ဖွင့်ဟဖော်ထုတ်ပြသခြင်းသာ ဖြစ်ပေလိမ့်မည်၊ ဘာကြောင့်ဆို တရားလက်လွတ် ဖိနှိပ်မှုများကို ခံ နေရခြင်းရဲ့အဆုံးစွန်မှာ (အကြောက်တရားဆိုတာ ကုန်ဆုံးသွားပြီး) တော်လှန်ပုန်ကန်ခြင်းဆိုတာသာ ရှိနေတဲ့ အတွက် ပဲဖြစ်တယ်။ ပြည်သူလူထုသည် ၎င်းတို့၏ အခြေအနေအားဖော်ထုတ်ပြသရာတွင် အုပ်ချုပ်သူများကဲ့သို့ နိုင်ငံရေးစကား လုံးများ၊ နိုင်ငံရေးကစားကွက်များနှင့်မလုပ်တတ်၊ သူတို့လိုအပ်ချက်များ၊ သဘောထားများကို ရိုးရိုးရှင်းရှင်းသာ ဖော် ထုတ်မည်ဖြစ်သည်၊ သို့သော် ပြည်သူသည် မည်သည့်အခါမှ မမှား၊ ထို့ကြောင့် မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို အခြေခံကျကျ (အဓိကအကြောင်းရင်းအား) လေ့လာရှာဖွေခြင်း၊ သုံးသပ်ဆင်ခြင်ခြင်း၊ အဖြေရှာဖော်ထုတ်ခြင်းနှင့် ပြင် ဆင်ဆောင်ရွက်ခြင်းများကို သာပြုရမှာဖြစ်ပါတယ်။
ပြည်သူကို ဦးဆောင်သူများသည် ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်ထားရသည်၊ ပြည်သူ့အသံ ပြည်သူ့ဘ၀၊ ပြည်သူ၏ သ ဘောဆန္ဒအား အလေးအနက်ထားရသည်၊ နိုင်ငံတော် ဆိုသည်မှာ ပြည်သူမရှိဘဲ ဖြစ်တည်နိုင်သည်မဟုတ်ဆိုသည်ကို မမေ့အပ်သလို၊ အစိုးရဆိုသည်မှာလည်း တိုင်းပြည်တခု၏ ဖြစ်တည်ရေးတွင် အစိတ်အပိုင်းတခုသာဖြစ်သည်ဆိုသည်ကို နားလည်သင့်ပါတယ်။ ဒါ့အပြင် ပြည်သူအား ဦးဆောင်မှုပြုနေပြီး ပြည်သူ့အကျိုးစီးပွားကို ကြည့်သူများအနေနဲ့သတိပြု သင့်တာက နိုင်ငံတော်နဲ့အစိုးရ အနက်အဓိပါယ်အားဖြင့်သာမက သဘောသဘာဝအားဖြင့်လည်း အလွန်ကွာခြားတယ် ဆိုတာပါပဲ။
နိုင်ငံတော်တခုရဲ့ဖြစ်တည်မှုမှာ အစိုးရဆိုတာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းယန္တရားတခုသာဖြစ်ပြီး နိုင်ငံတော်အတွင်းမှာ ရှိတဲ့ ပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ကောင်းကျိုးကိုသာ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်၊ သို့ပေမယ့် ဗမာနိုင်ငံက စစ်အာ ဏာရှင်တွေဟာ အစိုးရတရပ်အနေနဲ့သာမကတော့ဘဲ၊ နိုင်ငံတော်သည် အစိုးရ၊ အစိုးရသည် နိုင်ငံတော်ဆိုတဲ့ အသွင် သဏ္ဌာန်မျိုးနဲ့ နိုင်ငံတော်ရဲ့အကြွင်းမဲ့အာဏာကို ၎င်းတို့အကျိုးစီးပွား (အဓိကအားဖြင့် အာဏာတည်မြဲရေး) အတွက် အလွဲသုံးစား လုပ်လေ့ရှိသည်ကို အမြဲမပြတ် တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် ပြည်သူအကျိုးစီးပွားကို မျက်နှာလွှဲ ခဲပစ်လုပ် တဲ့ အစိုးရမျိုးကို ဆန့်ကျင်တာဟာ နိုင်ငံတော်ကို သစ္စာရှိခြင်းသာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ လက်တလော အာဏာရှိ သူကိုပဲ မျက်နှာသာပေး ပေါင်းဖက်ကြမယ်ဆိုရင်တော့ ပြည်သူကို အနိုင်ကျင့်နှိပ်စက်ရာမှာ ပူးပေါင်းပါဝင်မှု ပြုနေသလို ဖြစ်ပြီး၊ နိုင်ငံတော်ကိုလည်း ဆန့်ကျင်ရာရောက်သွားမှာ ဖြစ်ပါတယ်။
ဘယ်သူပဲဖြစ်ဖြစ် ပြည်သူရဲ့ ကောင်းကျိုးဆိုးပြစ်အား ရပ်ခံခြင်းမပြုဘဲ (ပြည်သူ၏ ဖြစ်တည်မှုအားလုံးအား တာဝန်ခံမှု မရှိဘဲ ) ပြည်သူအား ဦးဆောင်သည်ဆိုခြင်းဟာ အင်မတန် အောက်တန်းကျသည့် သဘောထားမျိုး၊ လုပ်ရပ်မျိုးပဲဖြစ် တယ်၊ သေချာတာက ထိုကဲ့သို့ပြုမှုဆောင်ရွက်ချက်မျိုးဟာ ၎င်းတို့၏ ပုဂ္ဂလိက စိတ်ဝင်စားမှုနှင့် အကျိုးစီးပွားအပေါ်တွင် သာ အခြေခံနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အုပ်ချုပ်သူဖြင့် ပူးပေါင်းဆောင်ရွက်မှသာ တိုင်းပြည်တိုးတက်မည် တည်ငြိမ်မည်ဆိုတဲ့ အတွေးအခေါ်ဟာ ဘယ်ကနေ ဆင်းသက်လာသလဲဆိုတာ ပြန်ပြီးဆန်းစစ်ကြည့်ဖို့လိုနေပါတယ်။ ပြည်သူကိုအခြေမခံဘဲ ဘယ်နိုင်ငံမှ တိုးတက်မှု မရှိ နိုင်ခဲ့သလို၊ တည်ငြိမ်အေးချမ်းမှုလည်း မရနိုင်ခဲ့ပါဘူး၊ ပြည်သူကို ကိုယ်စားမပြုတဲ့ နိုင်ငံရေးရေပေါ်ဆီ၊ စီးပွားရေးရေပေါ် ဆီသက်သက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုကသာ နိုင်ငံတော်ကျဆုံးမှုကို ဖြစ်စေလိမ့်မယ်ဆိုတာ သတိထားသင့်တယ်။
လွတ်လပ်မှုမရှိတဲ့နိုင်ငံမှာ ပွင့်လင်းဖို့ဆိုတာ အိပ်မက်တခုသာသာပါပဲ။ ဘယ်လိုနိုင်ငံမျိုးမှာမဆို ပြည်သူတွေရဲ့အခြေခံ လွတ်လပ်မှုကို ဖွင့်မထုတ်ပေးဘဲ၊ (ကိုယ်ပိုင် သဘောဆန္ဒအရ ထုတ်ဖော်ပြောဆိုခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်၊ ငြင်းပယ်ပိုင် ခွင့်) တိုးတက်တဲ့ လူအဖွဲ့အစည်းတခု ဖြစ်တည်လာဖို့ရာ မျော်လင့်ချက်မဲ့လှပါတယ်၊ အဲဒီလို အနေအထားမျိုးမရှိသေး တဲ့ အချိန်မှာ ပြည်သူကို ဦးဆောင်နေသူတွေနဲ့ ပြည်သူတွေကို ထဲထဲဝင်ဝင် ထိတွေ့နေသူတွေရဲ့ တိမ်းညွတ်မှုဟာ အ လွန်အရေးပါ ပါတယ်။ ပြည်သူတွေအနေနဲ့ လူ့အဖွဲ့အစည်းတရပ် ခိုင်ခိုင်မာမာတည်ရှိမှုရဲ့ ထိရောက်မှုနဲ့တန်ဘိုးကို နား လည်သိမြင်လာတဲ့အခါ ဖိနှိပ်မှုတွေနဲ့တရားမဲ့မှုတွေကို ရဲရဲရင့်ရင့် ငြင်းဆန်လာကြပါလိမ့်မယ်၊ ထို့အတူပဲ ပြည်သူ့ဖက်က နေ ရပ်ပြီး၊ ပြည်သူ့နစ်နာမှုနဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ ပြောဆိုလုပ်ဆောင်မှုတွေကြောင့်ရတဲ့ အုပ်ချုပ်သူလူတန်း စားရဲ့ ငြိုငြင်မှုကို အချိန်အခါမရွေးလက်ခံရဲတာ လူထုခေါင်းဆောင်တွေရဲ့ သဘာဝပဲ ဖြစ်တယ်။
အုပ်ချုပ်သူတွေဟာ ပြည်သူရဲ့အခြေခံကျတဲ့ လိုအပ်ချက်တွေကို ဖြည်းဆည်းပေးဖို့မစဉ်းစားဘဲ ဒီမိုကရေစီအခြေခံ သ ဘောတရားတွေ ဆောင်ရန်ရှောင်ရန်အချက်အလက်တွေကို ပြည်သူတွေကြားထဲရောက်အောင်တော့ (နားလည်သ ဘောပေါက်လာသည်အထိ ) မလုပ်ကြဘဲ၊ ထစ်ကနဲရှိ ဖမ်းလိုက်ဆီးလိုက် ထောင်ချလိုက်နဲ့၊ ဒါဟာ ဘာကိုဖော်ပြနေသ လဲဆိုရင် စစ်အာဏာရှင်စနစ်အတိုင်းပဲ ရွေ့လျားနေတယ်ဆိုတာ ထင်သာမြင်သာရှိလွန်းနေပါတယ်၊ ဒါကို မသိသား ဆိုးဝါးစွာ ကာကွယ်ပြောဆိုမှုတွေ ရှိနေပါသေးတယ်။ (ရဟန်းသံဃာတွေနဲ့ ပြည်သူတွေကို တောင်းပန်ပြီး ကျေနပ်ပါလို့ ပြောလို့မရဘူး၊ ကျေနပ်အောင်ကို ၀န်ချတောင်းပန်ရမှာ ဖြစ်တယ်။ နစ်နာမှုတွေကို ပြန်လည်ဖြည့်ဆည်းပေးရမှာဖြစ်တယ်၊ တောင်းဆိုမှုတွေကို ညှိနိုင်းဆောင်ရွက်ပေးရမှာ ဖြစ်တယ်၊)
အစိုးရတရပ်အနေနဲ့သမတ ကမသိလို့ပါ၊ အောက်ခြေကလုပ်တာပါ ဆိုတဲ့စကားမျိုးဟာ လမ်းဘေးစကားသာဖြစ်တယ်၊ (ဒီလိုဖြစ်ပျက်နေတာတွေ၊ ဒါဟာ အရေးကြီးတဲ့ အခြေအနေမျိုးဆိုတာ မသိဘူးဆိုရင်တော့ တော်တော်လေးကို အသုံးမ ကျဘူးလို့ ပြောရမှာပဲ )။ ဖြစ်ပျက်ပြီးတဲ့ နောက်မှာတော့ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သမတဆိုသူကစပြီး သက် ဆိုင်ရာ ၀န်ကြီးဌာနက တာဝန်ရှိသူများ အဆုံး (ယခုဖြစ်ပျက်မှုများအတွက် ) အားလုံးမှာတာဝန်ရှိတာ ဖြစ်တယ်၊ တာဝန် ယူဖြေရှင်းရမယ်။ အောက်ခြေက ကောင်းတာလုပ်တဲ့အခါ သမတကြီးအစိုးရဆိုပြီး သမတဆိုသူကို ဆိုင်းဘုတ်တတ် ပြောပြီး၊ မကောင်းတာကျတော့မှ မသိလို့ပါဆိုပြီး ပြဿနာကိုမဖြေရှင်းရဘဲ ခွင့်လွတ်စကားပြောရတော့မလိုလို။
ဒီနေရာမှာ နည်းဗျူဟာတို့ မဟာဗျူဟာတို့ဆိုတဲ့စကားလုံးနဲ့ ကာကွယ်လို့ မရပါဘူး၊ အုပ်ချုပ်သူကို အမှန်အတိုင်း မြင် အောင်ကြည့်ကြဖို့ လိုပါတယ်။ ၂၄ နှစ်တာ သားသတ်သမားအလုပ် လုပ်ခဲ့သူက အ၀တ်သစ်လဲပြီး လက်ယပ်ပြတာကို သူတော်စင်တယောက်လို ချီးပနေကြပြီး၊ တသက်လုံးပဲ ဘုရားတည် ကျောင်းဆောက်လုပ်လာခဲ့တဲ့သူလိုလို။ (သား သတ်သမားစိတ်မပျောက်ဘူး မူရင်း အတိုင်းပဲဆိုတာကို နိုင်ငံရေးအကျဉ်းသားများနဲ့ ပတ်သက်လို့ အမေးအဖြေလုပ်တဲ့ အချိန်မှာ (ဘီဘီစီနဲ့ အင်တာဗျူး) ထင်ထင်ရှားရှား ထုတ်ပြလာတယ်၊ ကိုယ်ယုံကြည်တာ ကိုယ်လုပ်တယ်ဆိုတဲ့ စကား အရ နိုင်ငံရေးအကျဉ်းသားတွေကို မတရားဖမ်းဆီးတာ ထောင်ချတာ ညှဉ်းပန်းနှိပ်စက်မှုပြုလုပ်တာတွေဟာ သူ့ရဲ့ ယုံ ကြည်မှုလို့ဆိုတော့ ဒါ ဘယ်လိုလူမျိုးလဲ ဆိုတာ ရှင်းနေပါပြီ)။
နိုင်ငံတကာနဲ့ တချို့ အန်ဂျီအိုအဖွဲ့တွေကတော့ မြောက်ထိုးပင့်ကော် ပြောဆိုနေကြတာပါပဲ၊ ဒါက သူတို့ရဲ့အလုပ်ဖြစ် တယ်၊ သူတို့အကျိုးရှိဖို့မဟုတ်တာကို အဟုတ်လုပ်ပြောဖို့နဲ့ ဖြားယောင်းသွေးဆောင်တာ သူတို့ရဲ့ အဓိကလုပ်ဟန်တခုပဲ ဖြစ်တယ်ဆိုတာ သဘောပေါက်သင့်ပါတယ်၊ စစ်အာဏာရှင်တွေကို မြောက်ပင့်ပြောဆိုပြီး ဖြားယောင်းတာနဲ့ ဒီမိုကရေစီ ရမယ်ထင်နေပါလား၊ ရှေ့တိုးအောင် (တနည်း) နောက်ပြန်မလှည့်အောင်ဆိုပြီး အုပ်ချုပ်သူအလိုကျ ငိုပြဆိုငိုပြ ရယ်ပြ ဆို ရယ်ပြနဲ့ ကိုယ့်ကိုကိုယ် သိက္ခာမဲ့အောင်မလုပ်ကြဖို့ လိုပါတယ်။
ပိုအရေးကြီးတာကတော့ စစ်တပ်စိတ်ဆိုးရင်ပဲ တိုင်းပြည်က နေ့ချင်းညချင်း ပျက်တော့မယောင်ယောင် အတွေးအခေါ် တွေကို ဖြန့်ကျက်ပြီး (နေစရာမဲ့ စားစရာမဲ့ အလုပ်မဲ့အကိုင်မဲ့ဖြစ်ပြီး) စုတ်ပြတ်သပ်နေတဲ့ ပြည်သူတွေရဲ့ရင်ဖွင့်သံတွေ ကို တကယ့်စာနာစိတ်နဲ့ နားလည်မကြည့်ကြဘဲ၊ တရားမျှတမှုနဲ့ သူတို့ဘ၀တွေကို အလျော်အစားလုပ်နေရချိန်မှာ နောက်ပြန်လှည့်အောင်လုပ်နေ သူများလို့ အပြစ်တင်မျက်လုံးတွေနဲ့ ကြည့်လိုကြည့်၊ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး လုပ် နေသူများလို့ အပြစ်တင်ရှုံ့ချတဲ့ စကားတွေပြောလိုပြောနဲ့၊ ကိုယ့်ပြည်သူ ကိုယ်ချမနင်းကြပါနဲ့၊ ပြည်သူဟာ အကာကွယ် မဲ့တဲ့ ဘ၀တွေနဲ့ အသက်ရှင်နေရသူတွေ ဖြစ်နေပါပြီ၊ ပြည်သူကို ချစ်ရင်အကာအကွယ်ပေးပါ၊ မှန်ကန်တဲ့ ဦးဆောင်မှုကို ပေးပါ။
တိုင်းပြည်ရဲ့အပြောင်းအလဲဆိုတာ ဘာကိုပြောတာပါလဲ၊ နိုင်ငံရေးအကျဉ်းသား အတော်များများပြန်လွတ်လာတယ်၊ စစ် အုပ်စုခင်းတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်ဝင်လျောက်ခွင့်ရတယ်၊ စစ်အုပ်စုနဲ့ ကြံ့ဖွံ့အစိုးရကို မဆန့်ကျင်တဲ့ အရာတွေလုပ် လို့ရတယ်၊ သတင်းမီဒီယာတွေက ဟိုနည်းနည်း ဒီနည်းနည်းပြောလို့ရလာတယ် (စစ်အုပ်စုကို တိုက်ရိုက်မထိပါးသော)၊ အဲဒီရဲ့ဟိုဖက်မှာ စစ်အာဏာရှင်စနစ်ကို လုံးဝတရားဝင် အသက်သွင်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေ၊ တောက်လောင်
နေဆဲ ပြည်တွင်းစစ်မီး၊ စစ်မှန်တဲ့ ပြည်ထောင်စုတခု တည်ဆောက်ဖို့ရာအလှမ်းဝေးနေတုန်း၊ အမျိုးသားညီညွတ်ရေးက ပျောက်ဆုံးနေဆဲ၊ ပြည်သူတွေရဲ့ဘ၀ တည်ငြိမ်အေးချမ်းမှုရဖို့ဆိုတာ ဘယ်ဆီနေမှန်းမသိ၊ တိုင်းပြည်ရဲ့ရေ မြေသဘာဝ တောတောင် မြစ်ချောင်း အင်းအိုင်ပါမကျန် စစ်ခေါင်းဆောင်တွေနဲ့ သူတို့လက်ဝေခံ ခရိုနီတွေရဲ့ ကိုက်ဖဲ့စားမျိုမှုကို သွေး သံရဲရဲခံနေရတုန်း။
ကဲ .. မှော်ဆရာရဲ့အ၀တ်နက်စလို ဟန်ဆောင်လှည့်ဖျားမှုတွေ ပြည့်နေတဲ့ တိုင်းပြည်အပေါ်ယံသရုပ်ကို ဘေးဖယ်ပြီး ပြည်သူနဲ့တိုင်းပြည်ရဲ့အစစ်အမှန် မြင်ကွင်းကိုကြည့်ကြပါ၊ ခံစားကြပါ၊ အဲဒီရဲ့နောက် ပြည်သူ ဘာလိုအပ်နေတယ်ဆိုတာ ရှင်းလင်းစွာ သိနားလည်လာကြပါလိမ့်မယ်။ ပြည်သူတွေဟာ လူပီသစွာ အသက်ရှင်ခွင့်ကို တောင်းဆိုနေတယ်ဆိုတာ ကြားကြရပါလိမ့်မယ်။
သက်ထွန်း

(ဓါတ်ပုံ .. OpenSociety Monywa ဖေ့စ်ဘုတ်မှ)

Wednesday, December 19, 2012

၈၈ မျိုးဆက် ကျောင်းသားများနှင့် ABFDS ဗဟိုကော်မတီဝင်များကို ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းတွင် ဤသို့ တွေ့ရသည် (ဓာတ်ပုံ – ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့)
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ၁၀ ဦးသည် ယနေ့နံနက်ပိုင်းတွေင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံခဲ့ကြသည်။
ထိုင်းမြန်မာနယ်စပ် အခြေစိုက် ABSDF ဥက္ကဋ္ဌ ကိုသံခဲ အပါအ၀င် ခေါင်းဆောင် (၁၀) ဦးသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ လေ့လာရေး ခရီးစဉ်အဖြစ် လာရောက်စဉ်အတွင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။
“ABSDF ဆိုတာဟာ သီးခြား အဖွဲ့အစည်း မဟုတ်ပါဘူး။ ABSDF ဟာ ပြည်တွင်းမှာ၊ နိုင်ငံတကာမှာ အားလုံး ဒီမျိုးဆက်ကို ကိုယ်စားပြုပြီးတော့ ရပ်တည်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့အတူ ABSDF က ဆွေးနွေးပွဲတွေ လာလုပ်မယ်။ ဒီမှာရှိနေတဲ့ အစိုးရ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံးနဲ့ ထိတွေ့ ဆက်ဆံသွားမှာ ဖြစ်တယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများကိုယ်စား ကိုဌေးကြွယ်က တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များကို ပြောကြား သည်။
ABSDF ၏ လေ့လာရေး ခရီးစဉ်အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။
“နိုင်ငံရေး ခရီးလမ်းမှာ ABSDF အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲ ဆိုတဲ့အပေါ်မှာ သဘောထားတွေ စုစည်းဖို့၊ ပြည်တွင်းက အင်အားစုတွေနဲ့ ကျနော်တို့ ဆုံတွေ့ပြီး အမြင်တွေ အကြံပြုချက်တွေ နားထောင်ဖို့ ကျနော်တို့ ရည်ရွယ်ချက် ရှိပါတယ်။ အဲဒီ ရည်ရွယ်ချက် အခြေခံ အောက်မှာပဲ ၈၈ မျိုးဆက်တွေရဲ့ အကြံပြုချက်တေ၊ွ ရင်းရင်းနှီးနှီး လက်ခံဆွေးနွေးမှုတွေ ကျနော်တို့ ရရှိထားပါတယ်” ဟု ABSDF ၏ ဗဟိုကော်မတီဝင် တဦးဖြစ်သူ ရဲဘော် ကျော်ကိုကိုက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံခဲ့ပြီးနောက် ABSDF ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လေ့လာရေး ခရီး လာရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေ့လာရေး ခရီးစဉ်သည် ယခုနှစ် ဒီဇင်ဘာလ ၁၈ ရက်မှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့အထိ ၂ ပတ်ကြာမြင့်မည်ဖြစ်ကာ ဇန်န၀ါရီလ ၃ ရက်နေ့တွင် ခရီးစဉ်နှင့် ပတ်သတ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“လိုချင်တဲ့ လွတ်မြောက်ရေးအတွက် ကျနော်တို့ ၀ိုင်းဝန်း လက်တွဲကြတာပေါ့ဗျာ။ မီဒီယာလည်း မီဒီယာ အလုပ်လုပ်မယ်။ ကျနော်တို့ကလည်း ကျနော်တို့ အလုပ်ကို ကျေပွန်အောင် လုပ်သွားမယ်” ဟု ABSDF ၏ ဥက္ကဋ္ဌ ရဲဘော် သံခဲက သတင်းထောက်များသို့ ပြောကြားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးကို ၁၉၈၈ နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၄ နှစ်ကြာ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကာ ယခုအချိန်ထိ အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲထားခြင်း မရှိသေးကြောင်းသိရသည်။

Tuesday, December 18, 2012

ABSDF ပြည်တော်ဝင်ခရီး မြ၀တီလမ်းကြောင်းမှ တဆင့်

 

ABSDF ပြည်တော်ဝင်ခရီး မြ၀တီလမ်းကြောင်းမှ တဆင့်
ဇော်သူရ၊ ဓာတ်ပုံသတင်း၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၂
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) (ABSDF) သည် မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဦးအောင်မင်း၏ ဖိတ်ကြားချက်အရ ယနေ့နံနက်တွင်မဲဆောက်မြို့မှတဆင့် မြဝတီလမ်းကြောင်းအတိုင်း ထွက်ခွါသွားပါသည်။ ဥက္ကဌရဲဘော်သံခဲ ဦးဆောင်သည့်အဖွဲ့အား နယ်စပ်ရေးရာနှင့် လုံခြုံးရေဝန်ကြီးဗိုလ်မူးကြီးအောင်လွင်မှ မြဝတီမြို့တွင်လာရောက် ကြိုဆိုခဲ့ပါသည်။ ဥက္ကဌ ရဲဘော်သံခဲနှင့်အတူ အဖွဲ့ဝင်များအဖြစ် -ရဲဘော်ဆန်နီ(အထွေထွေအတွင်းရေးမူး) ရဲဘော်ဆလိုင်းယောအောင်တို့လည်း လိုက်ပါသွားသည်ကို တွေ့ရသည်။

Monday, December 17, 2012

KIA နှင့် အစိုးရတပ်တို့၏ နှစ်ဖက်တိုက်ပွဲ

KIA နှင့် အစိုးရတပ်တို့၏ နှစ်ဖက်တိုက်ပွဲ လက်နက်ကြီးဖြင့် ပစ်နေဆဲ
 
စံခလပူရီ (မဇ္ဈိမ)။ ။ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ကျောင်းသားတပ်မတော် (ABSDF) မြောက်ပိုင်းတို့ တပ်စွဲထားသည့် လဂျားယန်ဒေသ တဝိုက်အား ဒေါ့ဖုန်းယန်း ဟမ်းကိုင် အခြေစိုက် အစိုးရ လက်နက်ကြီးတပ်မှ တာဝေးပစ် ဟော်ဝဇ်ဟာ (၁၀၅) မမ နှင့် ၁၂၀ မမ စိန်ပြောင်းများဖြင့် တနင်္ဂနွေ ညနေပိုင်းအထိ ပစ်ခတ်လျက်ရှိကြောင်း ABSDF မြောက်ပိုင်း အလုပ်အဖွဲ့ ခေါင်းဆောင် ဦးလာစိုင်း က ပြောသည်။

“အခု ထက်ထိ လက်နက်ကြီးနဲ့ လှမ်းထုနေတုန်းပါပဲ။ ကျနော်တို့နဲ့ မဟာမိတ် KIO/KIA တွေ ခံစစ် တပ်စွဲထားတဲ့နေရာ လဂျားယန်ဒေသ တဝိုက်ပေါ့” ဟု မဇ္ဈိမကို ပြောသည်။

သောကြာနေ့မှစ၍ ၎င်းဒေသ၌ အစိုးရတပ်နှင့် KIO တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်မှ သုံ့ပန်း ၇ ဦးအား ဖမ်းဆီး ရမိခဲ့ကာ အသေရမိခဲ့သည့် အစိုးရတပ်မှ အလောင်းများကိုလည်း သင်္ဂြိုလ်ပေးခဲ့ကြောင်း ဦးလာစိုင်း က ဆက်ပြောသည်။

“၁၄ ရက်နေ့ ကဆို မနက် ၆ နာရီ ခွဲကနေ ညနေ ၆ နာရီခွဲလောက်အထိ တိုက်ပွဲ ဖြစ်နေတာပေါ့၊ တောက်လျှောက်။ အဲဒီမှာ ဒဏ်ရာရ သုံ့ပန်း ၇ ယောက် ကျနော်တို့ ဖမ်းဆီးရမိခဲ့တယ်။ ခမရ (၃၈၃) က ချည်းပဲ။
တပ်ကြပ် ဒု-တပ်ကြပ်တွေ။ တိုက်ပွဲပြီး ရှင်းလင်းရေး လုပ်တော့ အစိုးရတပ်ရဲ့ အလောင်း ၁၇ လောင်းကိုလည်း
ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေး လိုက်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

KIO ဘက်မှ သုံးဦး ကျဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း KIO စစ်ရုံးချုပ်မှ အတည်ပြုပြောဆိုခြင်း မရှိပေ။

လဂျားယန် ဒေသတဝိုက်တွင် KIO နှင့် ABSDF တပ်ဖွဲ့များနှင့် မိုးကောင်း အခြေစိုက် အစိုးရ စကခ (၃) လက်အောက်ခံ တပ်ရင်းများ ဖြစ်ကြသည့် ခမရ (၃၈၃)၊ (၃၈၄) နှင့် (၃၈၉)မှ အင်အားများနှင့် ရင်ဆိုင်တိုက်ခိုက်မှု
များ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ အဓိကအားဖြင့် ခမရ (၃၈၃) နှင့်သာ အများဆုံး ထိပ်တိုက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သုံ့ပန်းများ၏ ထွက်ဆိုချက်အရ ခမရ (၃၈၃) ၌ အင်အား ၃၀၀ ကျော် ရှိသည်ဟုလည်း ဦးလာဆိုင်း က ဆက်ပြောသည်။

“ကျနော်တို့ သုံ့ပန်းတွေကို မေးကြည့်တော့ သူတို့အပြောအရတော့ အင်အား ၃၀၀ ကျော် ဝန်းကျင်၊ ၄၀၀ နီးပါး တက်လာတယ်လို့ ပြောတယ်။ အသေးစိတ်အထိတော့ သူတို့ မသိပေမယ့် အဲသလောက် အင်အားနဲ့ တက်လာတယ်လို့ ပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထို့ပြင် ပန်ဝါဒေသဘက်ရှိ မှတ်တိုင် (၅) (၆) ဒေသ၊ ဗန်းမော် နမ့်ခမ်းလမ်း ဒေသ၊ ဝိုင်းမော် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်ဟုလည်း ဦးလာဆိုင်းက ဆိုသည်။

KIO တပ်နှင့် အစိုးရ တပ်တို့အကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိကြောင်း KIO ဒု-နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိန်းလန်ထောင် က ပြောသည်။

“တိုက်ပွဲတွေက တပ်မဟာ (၁)၊ တပ်မဟာ (၄) နေရာတွေမှာ (ပန်းဝါ ပူတာအိုဒေသနှင့် ပလောင် ဒေသရှိ နမ့်ခမ်း ကွတ်ခိုင်) နဲ့ အခြားနေရာတွေမှာလည်း နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ရပ်တယ်ဆိုတာ တနေရာမှာ ရပ်ပြီး အခြားနေရာတွေမှာ တိုက်ပွဲတွေက ဖြစ်နေဆဲပါ” ဟု မဇ္ဈိမကို ပြောသည်။

ထို့ပြင် KIA စစ်ရုံးချုပ်မှ အရာရှိ တဦးကလည်း “တိုက်ပွဲတွေ ရပ်တယ်ဆိုတဲ့ ဥစ္စာက နာရီပိုင်း လေးပဲ ရပ်မှာပါ။ ဒီမနက်လည်း ရှိတယ်လေ၊ ခပ်စောစော လေးပဲ ဖြစ်သွားတယ်၊ ခုနှစ်နာရီ ရှစ်နာရီ လောက်ကပေါ့၊ အစိုးရ ဘက်ကသာ တိုက်ပွဲတွေ ရပ်နေတယ်လို့ ပြောတာ တပ်မတော်က ပြောတာမှ မဟုတ်တာ။ တပ်မတော်က တိုက်နေတုန်းပါ” ဟု ဆိုသည်။

KIO နှင့် တိုက်ခိုက်နေသည့် ပြည်တွင်းစစ်ပွဲအတွင်း အစိုးရ တပ်မတော်ဘက်မှ ရုရှားထုတ် MI 24 စစ်သုံး ရဟတ်ယာဉ်များ အသုံးပြုကာ လေကြောင်းပစ်ကူ ပေးခဲ့ပြီး ဆွီဒင် နိုင်ငံထုတ် M3 Carl Gustaf တင့်ကားဖျက် ရိုင်ဖယ်နှင့် ရုရှားနိုင်ငံထုတ် ဒုံးကြည် အချို့ကိုလည်း အသုံးပြုခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကချင် ပြည်နယ်အတွင်း အစိုးရ တပ်ဘက်မှ ထိုးစစ် ဆင်ခြင်း ရပ်ဆိုင်းထားရန် သမ္မတ ဦးသိန်းစိန် က ကာကွယ်ရေး ဦးစီးချုပ် (ထိုစဉ်က) ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ညွန်ကြားပြီးနောက် ယနေ့ထိ တိုက်ပွဲပေါင်း အနည်းဆုံး ၁၃၆၀ ဖြစ်ပွားခဲ့သည်ဟု KIO ဘက်မှ ဆိုသည်။ ယခု ဒီဇင်ဘာလ အတွင်းမှာပင် တိုက်ပွဲပေါင်း အနည်းဆုံး ၇၄ ကြိမ် ဖြစ်ပွားခဲ့ရသည်။

ထိုသို့ နှစ်ဖက်အကြား တိုက်ခိုက်မှုများ မြင့်မားနေလျက် ရှိသော်လည်း လာမည့်နှစ် ဇန်နဝါရီလတွင် နိုင်ငံရေး တွေ့ဆုံ
ဆွေးနွေးရန် ရှိကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာ က မဇ္ဈိမအား သောကြာနေ့က ထုတ်ဖော်
ပြောကြားခဲ့သည်။

Friday, December 14, 2012

ဆွီဒင်နိုင်ငံလုပ် လက်နက်တွေ မြန်မာအစိုးရ စစ်တပ်ဆီ ရောက်ရှိနေ

2012-12-14
မြန်မာအစိုးရစစ်တပ် လက်ထဲရောက်ရှိသုံးစွဲနေတဲ့ ဆွီဒင်နိုင်ငံလုပ် တင့်ကားဖျက် ရိုင်ဖယ်တွေဟာ အိန္ဒိယ စစ်တပ်ကို မိမိတို့ရောင်းချလိုက်တဲ့ လက်နက်တွေဖြစ်ကြောင်း ဆွီဒင်နိုင်ငံက မနေ့က ပြောလိုက်ပါတယ်။

Photo: AFP
တောနယ်ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရတပ်ဖွဲ့တစ်ဖွဲ့ကို တွေ့ရစဉ်
ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA နဲ့ အစိုးရတပ်တွေ တိုက်ခိုက်နေတဲ့ ကချင်ပြည်နယ်မှာ အစိုးရတပ်ဆီက ကျန်ရစ်ခဲ့တဲ့ လက်နက်တွေကို မြန်မာ အလွတ်သတင်းထောက်တစ်ဦးက ဓါတ်ပုံ ရိုက်ယူခဲ့ရာမှာ ဆွီဒင်နိုင်ငံလုပ် Carl Gustaf M3 အမျိုးအစား တင့်ကားဖျက်ရိုင်ဖယ်တွေ နဲ့ ကျည်ဆန်တွေ ပါဝင်နေတာတွေ့ရပါတယ်။ ဓါတ်ပုံတစ်ပုံမှာ လက်နက်ပေါ်က ထုတ်လုပ်တဲ့ အမှတ်စဉ်နံပါတ်ကိုပါ ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။
ဆွီဒင်သတင်းမီဒီယာတွေပေါ်မှာ အဲဒီဓါတ်ပုံတွေ ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက် ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေးဌာနက လက်နက်တွေ မြန်မာစစ်တပ်ဆီကို ဘယ်ကနေရောက်ရှိခဲ့သလဲဆိုတာ စုံစမ်းစစ်ဆေးနေပြီလို့ပြောဆိုခဲ့ပါတယ်။
ဥရောပသမဂ္ဂ EU ဟာ မြန်မာအစိုးရကို စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ အားလုံးနီးပါး ဖြေလျှော့ပေးခဲ့ပေမဲ့ လက်နက်အရောင်းအ၀ယ်ကိစ္စကိုတော့ ဆက်လက်ထားရှိပါတယ်။
ဥရောပသမဂ္ဂ က အရေးယူပိတ်ဆို့ထားတဲ့ကြားက အခုလို ဆွီဒင်လက်နက်တွေ မြန်မာအစိုးရစစ်တပ်ဆီ ရောက်ရှိသွားတဲ့အပေါ် ရှင်းလင်းဖို့ အိန္ဒိယအစိုးရကို တောင်းဆိုထားတယ်လို့ ဆွီဒင် ကုန်သွယ်ရေးဝန်ကြီး Ewa Bjorling က မနေ့က လွှတ်တော် မှာပြောကြားခဲ့ပါတယ်။
ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေးဌာန ပြောခွင့်ရသူကလည်း အခုလို မဆိုင်တဲ့သူတွေရဲ့ လက်ထဲ ဆွီဒင်လက်နက်တွေ ရောက်သွားတာမျိုး အရင်က မဖြစ်ခဲ့ဖူးဘူးလို့ ပြောဆိုပါတယ်။

Saturday, December 8, 2012

Friday, December 7, 2012

"ဒေါ်မာမာအေး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီ"


 

အဆိုတော်မာမာအေးသည်
ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်
တွင် မြန်မာနိုင်ငံသို့ပြန်ရောက်
လာသည်။ အဆိုတော် မာမာအေး
က သူမအား လာရောက်ကြိုဆိုသူ

မိသားစုဝင်များ၊ မိတ်ဆွေများ၊ ဂီတလောကသားအချို့နှင့် ပရိသတ်များကို "မာမာအေးကို သီချင်းဆိုဖို့ ပြောထားတာတွေရှိတယ်။

မာအေးသီချင်း ဆိုပြချင်ပါတယ်။ ကျန်းမာနေသရွေ့ပေါ့။ " ဟု ရန်ကုန်လေဆိပ်တွင် နှုတ်ဆက်စကားပြောကြားသည်။

ဒေါ်မာမာအေးသည် မြန်မာနိုင်ငံတွင် ၃ လခန့် နေထိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အသက် ၇၆ နှစ်အရွယ် ဒေါ်မာမာအေးသည် ၀ှီးချဲအသုံးပြု လာရောက်သည်ကိုတွေ့ရပြီး လေဆိပ်တွင် ကြိုဆိုနေသူများကြား ပြုံးရွှင်လန်းဆန်းနေသည်ကို တွေ့ရသည်။

သူမ၏ ကျန်းမာရေးမှာ လေဖြတ်ထားဖူးပြီး နှလုံးရောဂါအခံရှိကာ ခန္ဓာကိုယ်ဝိတ်များ၍ ချော်လဲထားဖူးသည်မှာ နှစ်ခါရှိပြီဖြစ်သောကြောင့် မြန်မာပြည်ခရီးစဉ် လာရောက်ရာတွင် ၀ှီးချဲအသုံးပြုကာ လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း သူမ၏ သမီးဖြစ်သူ ဒေါ်မေချိုကပြောသည်။

ဒေါ်မာမာအေးသည် ရန်ကုန်တွင် ဘိုဘိုအန်တာတိန်းမန့်နှင့် ပူးပေါင်း၍ ဂီတဖျော်ဖြေပွဲ ပြုလုပ်ရမည်ဖြစ်ပြီး ယခု ဒီဇင်ဘာလအတွင်း ပုဂံရှိ တန့်ကြည့်တောင်ဆရာတော်ထံတွင် တရားစခန်းဝင်မည်ဟု သိရသည်။

အဆိုတော် မာမာအေးသည် ၁၉၉၈ ခုနှစ်က ဥရောပနိုင်ငံအချို့သို့ အလည်အပတ်ခရီးထွက်ရာမှ ပြည်ပရောက် အတိုက်အခံအချို့ကို တေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၁၀ ကျော်ကြာ ပြန်မလာဖြစ်ရာမှ ယခု ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ-ထက်ပိုင်ဖြိုး(ဇ၀န)