Monday, January 2, 2012

ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ကြေညာ



ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ကြေညာ

2012-01-02

၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို နိုင်ငံပိုင် ရုပ်သံလိုင်းနဲ့ ရေဒီယိုတွေက ဒီကနေ့ ညနေ ၄ နာရီမှာ ကြေညာသွားခဲ့ပါတယ်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့စွဲဖြင့် သမ္မတ ဦးသိန်းစိန် ထုတ်ပြန်လိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို နိုင်ငံပိုင် MRTV 4 ရုပ်မြင်သံကြားမှ ဖတ်ပြနေစဉ်။

လွတ်ငြိမ်းချမ်းသာခွင့်အရ သေဒဏ်ချမှတ်ခံရသူတွေကို ထောင်ဒဏ်တစ်သက်၊ ထောင်ဒဏ်တစ်သက်အထိ မဟုတ်ဘဲ နှစ် ၃ဝ အထက် ကျခံနေရတွေကို နှစ် ၃ဝ၊ နှစ် ၂ဝ ကနေ နှစ် ၃ဝ အထိ ကျခံနေရသူတွေကို နှစ် ၂ဝ၊ နှစ် ၂ဝ အောက် ကျခံနေရသူတွေကို ချမှတ်ထောင်ဒဏ်ရဲ့ လေးပုံတစ်ပုံ အသီးသီး လျှော့ပေါ့လိုက်ပါတယ်။

ဒါကြောင့် သမ္မတဦးသိန်းစိန်ရဲ့ ဒီတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ လွတ်မြောက်လာစရာ လမ်းစမရှိဘူးလို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား ဟင်္သာတက ကျောင်းဆရာ ဦးကြည်သန်းတော့ သူ့ဟာသူ လွတ်ရက် စေ့နေပြီဖြစ်လို့ လွတ်လာနိုင်ကြောင်း ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေ မပါဘူး။ လျှော့ပေးတဲ့သဘောပဲ ပါတယ်။ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသား ထဲက ကျန်တဲ့ ၂၇ ယောက်မှာ တစ်ယောက် လွတ်မယ်။ အဲဒီ တစ်ယောက်ကလည်း နက်ဖြန် လွတ်ရက်စေ့တဲ့လူ။ အဲဒီလူက နက်ဖြန်မှ လွတ်မယ်။ ဟင်္သာတက ဆရာဦးကြည်သန်း။ သူက ၉ နှစ်ကျတာ၊ ၄ နှစ် နီးပါး နိုင်ထားတော့ ၅ နှစ်နိုင်တယ်။ တလောက တစ်နှစ် လျှော့ရက် ပေးထားတော့ ၄ နှစ် ကျန်တယ်။ လေးနှစ်က နက်ဖြန်ပြည့်မှာ။ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်တာ မဟုတ်ဘူး။ သူ့ဘာသာသူ မနက်ဖြန် လွတ်မယ့်ရက်စေ့လို့ လွတ်တာ”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဝင်းတင်ကတော့ ဒီလွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ဟာ အဓိပ္ပါယ်မရှိဘူးလို့ ဆိုပါတယ်။

“ရှစ်လေးလုံးလို ကျောင်းသားတွေ၊ နိုင်ငံရေးပါတီက လူတွေ၊ ဥပမာ ခွန်ထွန်းဦးတို့လို လူမျိုးတွေ၊ ကျနေတာတွေ အကုန်လုံးက နှစ်သုံးဆယ် အထက်က လူတွေ။ ဒီလူတွေ အကုန်လုံးက အခု ဘာပဲဖြစ်မလဲဆိုရင် နှစ်သုံးဆယ်ပဲ ကျမယ်။ ကိန်းဂဏန်းကို ကျွန်တော်က မပြောချင်ဘူး။ ကျွန်တော် ပြောချင်တာက ဒီလူတွေ နောက်တကြော့ ပြန်ပြီး လွတ်မြောက်ရေးဟာ ဘယ်လောက်များ စောင့်ရဦးမှာလဲ၊ ဘယ်လောက်များ မျှော်ရဦးမှာလဲ၊ အလားတူပဲ သူတို့တတွေ လွတ်ဖို့ အားထုတ်နေတဲ့၊ ဒုက္ခတွေခံနေတဲ့ မိသားစုတွေအနေနဲ့ကကော ဘယ်လောက် ကြာအောင် စောင့်ရဦးမှာလဲ”

လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့် စောင့်စားနေကြတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကလည်း ဒီကြေညာချက်အရ ဆိုရင် ၈၈ မျိုးဆက် ကျောင်းသားတွေထဲက လွတ်ရက်စေ့သူ တချို့ပဲ လွတ်လာတော့မှာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

အခု ကြေညာချက်မှာပါတဲ့ လျှော့ပေါ့ချက်တွေဟာ ရာဇဝတ်မှု အကျဉ်းသားတွေကို အဓိက ရည်ရွယ်တဲ့သဘော ဖြစ်နေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ဆိုတာ ခြွင်းချက်နဲ့ လွှတ်ပေးမှပဲ ဖြစ်နိုင်တော့မယ်လို့ ပြောဆိုနေကြပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

၂၀၁၁ အတွင်း မြန်မာနိုင်ငံ၏ အထူးခြားဆုံး ဖြစ်စဉ် ၁၁ ခု ကိုစုစည်းဖော်ပြခြင်း

၂၀၁၁ နှစ်ဆန်း ဇန်န၀ါရီ (၁) ရက်နေ့မှစတင်ကာ နှစ်ကုန် ဒီဇင်ဘာ (၃၁) ရက်နေ့အထိ တွင် မြန်မာနိုင်ငံ၏ ထူးထူးခြားခြား ပြောင်းလဲခဲ့သောဖြစ်စဉ်များကို ယူနီဗာဆယ်၏ မိတ်ဆွေများ၊ PHD ဘွဲ့ရများ၊ နိုင်ငံရပ်ခြားမှ အတွေ့အကြုံရှိသူများ၊ ကျောင်းဆရာများ ၀ိုင်းဝန်းအကြုံပြု၍ ၂၀၁၁ အတွင်း မြန်မာပြည် ပြည်သူလူထုအပေါ် အကျိုးသက်ရောက်စေသော ဖြစ်ရပ် (၁၁) ခုကို စုစည်းကာ တင်ပြလိုက်ပါသည်။

(၁) ပြီးပြည့်စုံသော လွှတ်တော်တစ်ရပ် ပေါ်ပေါက်လာခြင်း


မတ်လ (၃၀) ရက်နေ့တွင်နှစ်ပေါင်း (၂၀) ကျော်ကြာ အုပ်ချူပ်ခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို အပြီးတိုင် ဖျက်သိမ်းပြီး ဥပဒေပြုရေး၊ အုပ်ချူပ်ရေး နှင့် တရားစီရင်ရေး စသည့်အာဏာအရပ်ရပ်ကို အစိုးရသစ်ကို လွှဲအပ်ကြောင်း ကြေငြာခဲ့ပြီး ဗိုလ်ချူပ်ကြီးဟောင်း သိန်းစိန်ဟာ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန် ဆိုခဲ့ပါသည်။ ကျမ်းသစ္စာကျိန်ဆိုခဲ့သူ သမ္မတ ဦးသိန်းစိန်ဟာ မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်း ၈ ဦးမြောက် သမ္မတ ဖြစ်လာခဲ့သည်။

မန္တလေးတိုင်း ဇဗ္ဗူသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော်အတွက် ကြံ့ဖွံ့ပါတီမှ ကိုယ်စားပြု၍ ၀င်ပြိုင်ရာ ဗိုလ်ချူပ်ကြီးဟောင်း သိန်းစိန်ဟာ ၄၀၈ မဲဖြင့် သမ္မတဖြစ်လာကာ ၊ သီဟသူရတင်အောင်မြင့်ဦးက
၁၇၁ မဲဖြင့် ဒုသမ္မတ (၁) အဖြင့် လည်းကောင်း၊ ဦးစိုင်းမောက်ခမ်းက ၇၅ မဲဖြင့် ဒုသမ္မတ (၂) နေရာကို ရရှိခဲ့ပါတယ်။အခြား ပြည်သူ့လွှတ်တော် အမတ်နေရာ များတွင် ဗိုလ်မှူးချုပ်မှ ဗိုလ်ကြီးအထိပါဝင်ပြီး ပြည်သူ့လွှတ်တော်အတွက် ၁၁ဝ ၊ အမျိုးသားလွှတ်တော် ၅၆ ဦး၊ တိုင်း/ပြည်နယ် လွှတ်တော် ၂၂၂ ဦး အသီးသီး ဖြစ်သည်။ ကြည်းတပ်မှ ၃၅၃ ဦးဖြင့် အများဆုံးဖြစ်ပြီး ရေတပ်မှ ၁၉ ဦးနှင့် လေတပ်မှ ၁၆ ဦး ပါဝင်ခဲ့သည်။



(၂) ၂၀၁၁ ခုနှစ်အတွင်း သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်



မြန်မာနိုင်ငံလက်ရှိအစိုးရသစ်၏ သမ္မတသစ် ဦးသိန်းစိန်သည် တနလာင်္နေ့၊ မေလ (၁၆) ရက် ကဆုန်လပြည့် နေ့တွင် ထောင်ဒဏ်ကျခံနေသူ အားလုံးကို ထောင်ဒဏ် ၁ နှစ် လျှော့ပေးခဲ့သည်။ ထို အမိန့်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အကျဉ်းထောင်ပေါင်း ၄၂ ခုမှ အကျဉ်းသား ပေါင်း ၁၄၆၀၀ လွတ်မြောက်လာခဲ့သည်။

ထို့နောက် ဒုတိယအကြီမ်အဖြင့် ဗုဒ္ဓဟူးနေ့ အောက်တိုဘာ ၁၂ ရက် သီတင်းကျွတ်လပြည့်နေ့တွင် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများ၊ ထိုက်သင့်သော ပြစ်ဒဏ်ကျခံပြီးသူများ ပြန်လွှတ်ပေးမည် ဟု ကြေငြာခဲ့သည်။ အကျဉ်းသား ၆,၃၅၉ ဦးကို ထို ကြေငြာချက်ဖြင့် လွှတ်ပေးခဲ့ပြီး ထိုအထဲတွင် ဟာသသရုပ်ဆောင် ကိုဇာဂနာအပါအ၀င် ထင်ရှားတဲ့နိုင်ငံရေးအကျဉ်းသား များ အနည်းအကျဉ်းပါဝင်ခဲ့သည်။

ထို့နောက် စစ်ထောက်လှမ်းရေးအဖွဲ့တွင် ပါဝင်ခဲ့သော အရာရှိများလည်း လွှတ်ပေးခဲ့သည်။ လားရိုးမြို့ အခြေစိုက် အမှတ် (၂) စစ်ထောက်လှမ်းရေးတပ်ဖွဲ့မှ တပ်ရင်းမူး ဒုဗိုလ်မှူးကြီး သက်တင်စိန်၊ ဒုတပ်ရင်းမူး မင်းစံကြည်၊ အမှတ် (၉) တပ်ဖွဲ့မှူး ဒုဗိုလ်မှူးကြီး ထိုက်ရွှေမောင်၊ ကွတ်ခိုင်တပ်ဖွဲ့မှူး ဆန်းနိုင်ထွန်း
တို့ ၅ ဦးသည် မန္တလေးထောင်မှ လွတ်လာပြီး သိန္ဒိတပ်ဆွယ်မှူး တပ်ကြပ်ကြီး စိုင်းအောင်မြင့်၊ တန့်ယန်းဆွယ်မူး တပ်ကြပ်ကြီး ၀င်းနိုင်နှင့် လားရိုးဆွယ်မူး တပ်ကြပ်ကြီး ခင်မောင်ကြီး တို့ ၃ ဦးသည်လည်း လားရိုးထောင်မှ လွတ်လာခဲ့သည်။

(၃) မြစ်စုံစီမံကိန်း ကြီး ရပ်တန့်

မြစ်စုံစီမံကိန်းကြီး စလုပ်စဉ်အခါကပင် ပြည်တွင်း၊ ပြည်ပ အတိုက်အခံများ၊ မီဒီယာများနှင့် ပြည်သူများ ၀ိုင်းဝန်းလတ်မှတ်ထိုးပြီး အစိုးရသစ်ကို တင်ပြခဲ့ကြသည်။သမ္မတ ဦးသိန်းစိန်သည် ပြည်သူတွေရဲ့စိုးရိမ်မူကို ထောက်ထားပြီး မြစ်စုံစီမံကိန်းကြီးကို လုပ်ဆောင်နေသော CPI တရုတ်ပိုင်ကုမ္မဏီကို တောင် အသိမပေးတော့ပဲ လွှတ်တော်ကို သ၀ဏ်လွှာ ပေးပို့ပြီး ရပ်ဆိုင်းခဲ့ပါတယ်။ CPI နှင့် မြန်မာအမှတ်
(၁) လျှပ်စစ်ဝန်ကြီးဌာနတို့ ဒီဇင်ဘာ ၂၀၀၆ ခုနှစ်တွင် နားလည်မှု စာချွန်လွှာရေးထိုးခဲ့ပြီး မတ်လ ၂ဝဝ၉ ခုနှစ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေး သဘောတူညီချက်များပါ နှစ်နိုင်ငံအကြား လတ်မှတ်ရေးထိုးခဲ့ကြပြီး မြစ်ဆုံစီမံကိန်းကြီးကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရသည် မြစ်ဆုံစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး မေခ၊ မေလိခ မြစ်များပေါ်ရှိ ရေကာတာ စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားသည်။်ဒီခြေလှမ်းသည် အစိုးရသစ်တက်ပြီးနောက်ပိုင်း ပြည်သူတွေဘက်က ပထမဆုံး ရပ်တည်ခဲ့သော လုပ်ရပ်တစ်ခု အဖြင့် မြန်မာပြည်သူအပေါင်း အံ့သြခြင်းကြီးစွာဖြင့် လက်ခံခဲ့ရသည်။

(၄) NLD ရွေးကောက်ပွဲတွင် ၀င်ပြိုင်မည်ဟု ဆုံးဖြတ်ချက်ချ

နိုဝင်ဘာ (၁၈) ရက်နေ့ ထို အစည်းအဝေးတွင် ဒီမိုကရေစီပါတီများ အပါအ၀င် တက်ရောက်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ NLD ပါတီခွဲ ၁၄ခုက ထောက်ခံမှုအများဆုံးဖြင့် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။NLD ဗဟိုအဖွဲ့က အစည်းအဝေးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်နှင့် ပဲခူး၊ မွန်၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီ စသည့် တိုင်းဒေသကြီးမှ NLD ပါတီခွဲ အဖွဲ့ဝင် ကိုယ်စားလှယ်ပေါင်း ၁၁၇ဦး ဖိတ်ကြားထားပြီး ၁၄ဦးမှာ အစည်းအဝေး တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

၁၉၈၈ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် NLD ပါတီသည် ၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ၄၉၂နေရာအနက် ၃၉၂နေရာ အနိုင်ရရှိခဲ့သော်လည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့-န၀တ စစ် အစိုးရက NLD အား အာဏာလွှဲပြောင်းပေးခြင်း မရှိခဲ့ပေ။

(၅) ၂၀၁၄ အာဆီယံ ဥက္ကဌ မြန်မာဖြစ်ပြီ


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့် ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲတွင် မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးရန် သဘောတူကြောင်း ကြေငြာခဲ့သည်။အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကြီးတွင် အမေရိကန် သမ္မတ အိုဘားမား၊ တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်၊ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါနှင့် မြန်မာသမ္မတ ဦးသိန်းစိန် တို့သည် အများဆုံး အာရုံစိုက် ခံရသူများဖြစ်ခဲ့သည်။

ထိုသို့ အာဆီယံ ဥက္ကဋ္ဌ တာဝန် မြန်မာပြည်သို့ ပေးအပ်ရန်အတွက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများအား အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံ နိုင်ငံရေး အင်းအာစုများနှင့် တွေ့ဆုံလေ့လာခဲ့သည်။မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်က အာဆီယံဥက္ကဋ္ဌရာထူးအတွက် အလှည့်ကျခဲ့သော်လည်း အနောက်နိုင်ငံတို့၏ ဖိအားပေးမှုကြောင့် ထိုအခွင့်အရေးကို လက်လွှတ်ခဲ့သည်။

(၆) အမေရိကန် နိုင်ငံခြားဝန်ကြီး ဟီလာရီကလင်တန် လာရောက်လည်ပတ်

ထိုသို့လာရောက်လည်ပတ်ခြင်းသည် မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တဦး
နှစ်ပေါင်း ၅၆ နှစ် အတွင်း ပထမဆုံး အကြိမ် လာရောက်ခြင်း ဖြစ်သည်။
မစ္စ ဟီလာရီ ကလင်တန်၏ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်တို့ နှင့် တွေ့ဆုံခဲ့ပြီး
ဒီဇင်ဘာ၂ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံခဲ့သည်။

ရန်ကုန်မြို့၏ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမျှော်ခဲ့သည်။ မစ္စကလင်တန်က “မြန်မာနိုင်ငံနဲ့ မိတ်ဆွေ ဖြစ်ချင်ပါတယ်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားချင်ပါတယ်၊ မြန်မာနိုင်ငံကိုလည်း ကမ္ဘာ့အလယ်မှာ ထိုက်တန်တဲ့ နေရာတခု ရစေချင်ပါတယ်” ဟု လေးလေးနက်နက်ပြောသွားခဲ့ပါသည်။

(၇) တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံခြင်း


မြန်မာနိင်ငံသို့ ဗုဒ္ဓမြတ်စွယ်တော် ကြွရောက်အပူဇော်ခံယူခြင်းမှာ ယခုအကြိမ်နှင့်ဆိုလျှင်
၎ ကြိမ်ရှိသွားပြီဖြစ်သည်။ ၁၉၉၆ ခုနှစ်ကမြန်မာနိုင်ငံသို့ စွယ်တော်ကြွချီလာပြီး ရန်ကုန်မြို့တွင် ပူဇော်ထားစဉ်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူအများအပြား သေဆုံး၊ ဒဏ်ရာရခဲ့သဖြင့် ယခုတကြိမ်တွင် လုံခြုံရေး ကိုပိုမို တင်းကြပ်စွာ ချထားခဲ့သည်။ ဗုဒ္ဓမြတ်စွယ်တော်အား နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီး ၃ မြို့တွင် ၁၆ ရက်စီ အပူဇော်ခံခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စွယ်တော်တိုက်ဆရာတော်ထံ လွှဲပြောင်းပေးအပ်သည့်အခါတွင် လှူဒါန်းမှုအစုစုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ သန်းကျော် (၃၉၂၂၂၄၄) နှင့်နိုင်ငံတကာသုံးငွေကြေး ၆၂ မျိုး၊ လက်ဝတ်ရတနာမျိုးစုံနှင့် ကျောက်မျက်ရတနာမျိုးစုံ၊ ခန့်မှန်းတန်ဖိုးကျပ် ၂၂၂၉ သန်း (၂၂၂၉၂၀၄၆၀၀ ကျပ်)နှင့် ဗုဒ္ဓဆင်းတုတော် ထုရန် ကျောက်စိမ်းထည်နှင့်ကျောက်စိမ်းပုလ္လင်တော်စသည်တို့အတွက် ခန့်မှန်းတန်ဖိုးယူရို ၃ ဒသမ ၂ သန်း တန်ဖိုးရှိ ကျောက်စိမ်းတုံး နှစ်တုံးနှင့် ဆင်းတုတော်ထားရှိမည့် ကျောင်းဆောင်၊ ဆင်းတုတော်ထုတ်လုပ်မှုကုန်ကျစရိတ် တို့ကိုပါ လွှဲပြောင်းလှူဒါန်းခဲ့သည်။

(၈) မြ၀တီ - မယ်ဆောက် ချစ်ကြည်ရေးတံတား ပြန်ဖွင့်


ချစ်ကြည်ရေးတံတားကို ၂၀၁၀ ခုနှစ် ဇူလိုင် (၁၈) ရက်နေ့မှစ၍ မြန်မာဘက်က တစ်ဖတ်သတ်ပိတ်ခဲ့ကာ ထိုင်းဘုရင်မွေးနေ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ (၅) ရက်နေ့တွင် ပြန်ဖွင့်ပေးခဲ့သည်။ တစ်နှစ်ခွဲကြာအောင် ပိတ်ထားခဲ့သော ချစ်ကြည်ရေးတံတားဖွင့်သောနေ့တွင် နှစ်နိုင်ငံလူကြီးများနှင့်တကွ သတင်းထောက်များစုံလင်စွာ တက်ရောက်ခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါသည်။

ထို ချစ်ကြည်ရေးတံတားဖွင့်ရေး အတွက် ကြိုးစားပမ်းစား နှင့် အနစ်နာခံဆောင်ရွက်ခဲ့သော ကရင်ပြည်နယ် မြ၀တီခရိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး မပါဝင်ခဲ့တဲ့အတွက် ၀မ်းနည်းဖွယ်ရာ ဖြစ်ခဲ့ပါသည်။ အစိုးရသစ်၏ ပြည်သူအပေါ်ထားတဲ့ သဘောထား ကို မသိသေးတဲ့ ကုန်သည်ကြီးများအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က ဒီမိုသတင်းထောက်များကို တိတ်တဆိတ် သတင်းမှတ်တမ်းတင်ခဲ့သည်မှာ အလွန်ပဲစိတ်ပျက်ဖွယ်ရာဖြစ်ခဲ့ပါသည်။

(၉) မြန်မာငွေကြေး နှင့် နိုင်ငံတကာ ငွေကြေး တန်းတူညှိ

မြန်မာ့ငွေကြေးသည် လွန်ခဲ့သည့် ၃၆ နှစ်ကတည်းက သတ်မှတ်ထားခဲ့သည့် တစ်ဒေါ်လာ - ၆ ကျပ် နှူန်းကို ပြုပြင်နိုင်ရန်၊ တည်ငြိမ်သည့်နိုင်ငံခြားငွေလဲလှယ်နှူန်း ရရှိနိုင်ရန်အတွက် လက်ရှိအစိုးရသစ်က ၁၉၈၇ ခုနှစ်ကတည်းက ၂၄ နှစ်ကြာ ငွေကြေး ထောက်ပံ့မှု ရပ်ဆိုင်းထားသည့် ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ကြီး - IMF ကိုဆက်သွယ်ကာ အကူအညီတောင်းခံခဲ့သည်။

ထို့ကြောင့် IMF အဖွဲ့မှ Mr. Ake Lonnberg ခေါင်းဆောင်သော ငွေကြေးဈေးကွက်နှင့် အရင်းအနှီး ဈေးကွက်ဌာန၊ ဥပဒေဌာနနှင့် အာရှ-ပစိဖိတ်ဌာနတို့ ပါဝင်သော မစ်ရှင်အဖွဲ့သည်
အောက်တိုဘာလ ၁၉ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့ အထိ အစိုးရ အရာရှိများ၊ ဘဏ်များ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက စီးပွားရေး ကဏ္ဍတို့မှ ကိုယ်စားလှယ်များတို့အားတွေ့ရှိပြီး မြန်မာ့ငွေကြေး ခိုင်မာအောင် ပြုပြင်ပြောင်းလဲမူတွေ လုပ်ဆောင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရကို ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ကြီး - IMF ၏ ထုတ်ပြန်ထားသော စည်းကမ်းများကို တသွေမတိမ်းလိုက်နာရမည်ဟု တော့ ကတိက၀တ်များ တောင်းခံခဲ့လေသည်။


(၁၀) အများပြည်သူအတွက် ရည်ရွယ်ကာ ထုတ်ပြန်ခဲ့သည့် အမိန့် ဥပဒေသများ

၁ . ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ ၁ ရက်နေ့ မတိုင်မီက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတွေနဲ့ နိုင်ငံရေးအငြိမ်းစားတွေရဲ့ ပင်စင်ခံစားခွင့်ကို လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေ အငြိမ်းစားယူပါက ရရှိမယ့် ပင်စင်ခံစားခွင့်အတိုင်း အငြိမ်းစားယူခဲ့တဲ့ နောက်ဆုံးရထူး၊ ချိန်နှုန်းလစာနဲ့ ကိုက်ညီတဲ့ ပင်စင်နှုန်းတွေကို ၂၀၁၁ ခုနှစ် ဇူလိုင်လကစပြီး တိုးမြှင့်ခံစားခွင့်ပြုလိုက်တယ်လို့ သမ္မတ ဦးသိန်းစိန်အစိုးရသစ်က ၂၀၁၁ ခုနှစ်၊ ဇွန် ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။

၂ .အလုပ်သမားတွေ အတွက်ရည်ရွယ်ကာ ပြင်ဆင်ဖြည့်စွက်လိုက်သည့် "အလုပ်သမားများ အဖွဲ့အစည်း ဥပဒေ" အတိုင်း အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ပြီး အလုပ်သမားများအနေဖြင့် သပိတ်မှောက်လိုပါက အာဏာပိုင်များသို့ ရက်သတ္တပတ်နှစ်ပတ် ကြိုတင်အကြောင်းကြားကာ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ ညွှန်ကြားချက်ဖြင့် သပိတ်မှောက်မည့်နေ့ရက်၊ နေရာ၊ ပါဝင်မည့်သူဦးရေ၊ သက်ဆိုင်ရာ အလုပ်ရှင်နှင့် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့သို့ ၁၄ ရက်ကြိုတင်အကြောင်းကြားပါဟု ထုတ်ပြန်ကြေငြာခဲ့သည်။

၃ . ပြည်ပနေနိုင်ငံသားများ အားလုံး ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိပြီ ဖြစ်ကြောင်း
နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ၂၁.၁၂.၂၀၁၁ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန် ခဲ့ပြီး အဆိုပါ အခွန်ကင်းလွတ်ခြင်းသည် လာမည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တရက်နေ့မှ စတင်ကာ အကြုံးဝင်ကြောင်း၊ပုဒ်မ ၅ ၊ပုဒ်မ၇ (ခ) အရ ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားနှင့် ပေးဆောင်ရသောဝင်ငွေခွန်ကို ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ကြောင်း ကြေငြာခဲ့သည်။

အထက်ပါ အမိန့်ကြော်ငြာစာတွေ ကြေငြာသည့်အချိန်တွင် မြန်မာပြည်အနှံ့ပြည်တွင်း၊ ပြည်ပ နိုင်ငံသား တော်တော်များများ သမ္မတကြီး သက်တော်ရာကျော်ရှည်ပါစေ ဟူသော သာဓု (၃) ကြိမ်ကို အကြိမ်ကြိမ်ခေါ်ဆိုခဲ့ကြသည်။


(၁၁) ၂၀၁၁ မှာ နာမည်ဆိုးနဲ့ ရာထူးမှ ဖယ်ရှားခံရသူများ

ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီးသန်းရွှေ နေရာကို ရရန် ပြိုင်ဆိုင်ရာတွင် စောဒက တက်သည်ဆိုသော အကြောင်းပြချက်ဖြင့် ဒုတိယ ဗိုလ်ချူပ်ကြီး သူရမြင့်အောင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

တနသာင်္ရီ တိုင်း ၀န်ကြီးချူပ် ဦးခင်ဇော်သည် တိုင်းအတွင်းထွက်ရှိသော ဆန်များကို အလွဲသုံးစားလုပ်မူကြောင့် ရာထူးမှ ဖယ်ရှားခဲ့သည်။
ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် လာဘ်ငွေ အကြီးအကျယ်ယူမူဖြင့် ရာထူး မှ ဖယ်ပေးခဲ့ရသည်။

တရားမ၀င် ကားတင်သွင်းမှုများကို အစိုးရက စုံစမ်းစစ်ဆေးလျက်ရှိနေချိန်တွင် အေးရှားဝေါလ် ဆိပ်ကမ်းတွင် တာဝန် ထမ်းဆောင်နေသော အကောက်ခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ်မှာ အကြောင်းပြချက်မရှိဘဲ ရုံးတွင် ခွင့်တင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ပြဿနာမျိုးစုံတက်နေသော် ရဲချူပ်ရာထူးကိုတော့ ရန်ကုန်တိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကို ပေးကာ ယခုအချိန်ထိ ရဲ အရေးပိုင် ပြဿနာများကို ဖြေရှင်းနေဆဲဖြစ်သည်။

ရန်ကုန်တွင် လူဆိုးဂိုဏ်းများ၏ ခြိမ်းခြောက်မူများ ရှိလာ

ရန်ကုန်တွင် လူဆိုးဂိုဏ်းများ၏ ခြိမ်းခြောက်မူများ ရှိလာ

11/27/2011 11:09:00 AM | Labels: သတင်း

ရန်ကုန်တိုင်းဒေသကြီးတွင် လူဆိုးဂိုဏ်းများ သောင်းကျန်းလာကြောင်း ယင်းတို့၏ခြိမ်းခြောက်မှုဒဏ်ကို ခံစားရသူများနှင့် ယင်းတို့နှင့် နီးစပ်သူများက ပြောကြားသည်။


ရန်ကုန်မြို့တွင်း တစ်နေရာ

မကြာမီကာလအတွင်းက ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သောမှုခင်းများနှင့်ခြိမ်းခြောက်မှုများတွင် ယင်း လူဆိုးဂိုဏ်းများ၏ ပါဝင် ပတ်သက်မှုတွင် ထင်ရှားစွာ မြင်တွေ့လာရကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လူသတ်မှုကိစ္စရပ်တွေ၊ ခြိမ်းခြောက်မှု ကိစ္စရပ်တွေမှာ သူတို့ရဲ့လက်ရာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလည်း ဆောင်ရွက်နေပါတယ်”ဟု ယင်းက ဆက်လက် ပြောကြားသည်။

ရုပ်ရှင်မင်းသားနေတိုး၏ ဖခင်သည် လူဆိုးဂိုဏ်းတစ်ဂိုဏ်း၏ သတ်ဖြတ်ခြင်းကိုခံရသည့် ရခိုင်လူငယ်တစ်ဦးနှင့် ဆက်စပ်သည့် ကိစ္စရပ် များအား လိုက်လံကူညီပေးခဲ့ခြင်းအား ချက်ချင်းရပ်ဆိုင်းပါရန် လူဆိုးဂိုဏ်းမှ ဖုန်းဆက်ခြိမ်းခြောက်ခဲ့ကြောင်း ရုပ်ရှင်လောက အသိုင်းအဝိုင်းမှ သိရသည်။

“လမ်းဘေးဖုန်းနဲ့ဆက်ပြီးခြိမ်းခြောက်တာ၊ ခင်ဗျားဆက်လုပ်ရင် ခင်ဗျားသားပါ ပြဿနာရှိတယ်ဆိုပြီး ခြိမ်းခြောက် တာလို့ကြားတယ်”ဟု ယင်းသတင်းရင်းမြစ်က ပြောကြားသည်။

ယင်းလူဆိုးဂိုဏ်းများသည် ခြိမ်းခြောက်ခြင်းကို ပြုလုပ်သလို ရန်ငြိုး၊ရန်စရှိသူများကိုလည်း သတ်ဖြတ်ရန် အဆိုပါလူဆိုးဂိုဏ်းများအားငှားရမ်းသည်များရှိနေကြောင်းကို မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ် လူသတ်မှုက သက်သေပြခဲ့သည်။

အဆိုပါ အမှုတွင် လူတစ်ယောက်တည်းအား နှစ်ဆယ်နီးပါးရှိသည့် ဓားကိုင်ထားသူများက ၀ိုင်းခုတ်ခြင်းဖြစ်ကာ၊ ယင်းဓားကိုင် လူသတ် သမားများအား ငှားရမ်းမည်ကို စေခိုင်းသူက အဆိုပါရပ်ကွက်တွင် ကြိုတင်ကြေငြာထားကြောင်း သိရသည်။

“လက်မရွံတွေဆိုတာ ဓားကိုင်ပုံ၊ ဓားနဲ့ထိုးပုံကို ကြည့်ရင် သိသာပါတယ်”ဟု ယင်းအမှုအား မျက်မြင်တွေ့မြင်ရသူတစ်ဦးက အတည်ပြု ပြောကြားသည်။

လူဆိုးဂိုဏ်းများ ကျက်စားရာဒေသများသည် ကြည့်မြင်တိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်ရှိ ကမ်းနားလမ်း ဧရိယာများတွင် အများဆုံး ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့လည်း သတ်တာခံရမယ်၊ တုတ်နဲ့ရိုက်တာ ခံရမယ်ဆိုပြီး ခြိမ်းခြောက်ခံရပါတယ်”ဟု မက္ကာဘုရားဖူးကိစ္စရပ်တွင် အကျိုးဆောင် ပေးနေသူတစ်ဦးက ပြောကြားသည်။

မြန်မာ စစ်ခေါင်းဆောင် ဦးနေ၀င်း ၏ မြေးများပါဝင်ခဲ့သော scorpion ဂိုဏ်း သည် နာမည်ကြီး လူမိုက်ဂိုဏ်းတစ်ခုဖြစ်ခဲ့သလို သူတို့အလို မကျသူများကို အသတ်သေသည်အထိ ရန်ပြုတတ်သည်ဟုလည်း နာမည်ကြီးခဲ့သည်...ဧရာဝတီ သတင်းဌာနက စကောပီယံဂိုဏ်းသားများ ပြန်လွတ်လာပြီဆိုသော သတင်း ကြောင့်လည်း ထို လူဆိုးဂိုဏ်းများသည် လူကြီး သားသမီးများနှင့် ပြန်လည် ပတ်သတ်နေသလားဟု ပြည်သူအများစု ထင်မြင်နေကြပါသည်။

not feedom in burma

Sunday, January 1, 2012

ရေတပ်သား တစ်ဦး၏ မယား အဖြစ် ပေါင်းသင်းရန် ငြင်းပယ်ရာမှ ရခိုင် အမျိုးသမီးငယ် တစ်ဦး အဆိပ်သောက်သေဆုံး


စစ်တွေမြို့ ရွှေမင်းဂံ ရပ်ကွက်မှ ဆယ်ကျော်သက် အရွယ် ရခိုင် အမျိုးသမီးငယ်တစ်ဦးအား ရေတပ်သား တစ်ဦးမှ ခိုးယူပြီး လက်ထပ် ပေါင်းသင်းရန် ငြင်းပယ်ရာမှ အမျိုးသမီးငယ်မှာ ရေတပ်ဝင်းထဲတွင် အဆိပ်သောက် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

မင်းဂံ ဆိပ်ကမ်းတွင် ကပ်ထားသော ဗမာ နေဗီ တစ်စီး ( ဓါတ်ပုံ- နိရဉ္စရာ)

အဆိပ်သောက် သေဆုံးသွားသူမှာ စစ်တွေမြို့ ရွှေမင်းဂံ ရပ်ကွက်မှ (အဖ) ဦးနိုင်မိုး၊ (အမိ) ဒေါ်မိုးစန္ဒာတို့၏ သမီး မမိုးမိုးအိခိုင် (၁၉ နှစ်) ဖြစ်သည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သူမနှင့် ဆွေမျိုးတော်သူ တစ်ဦးက နိရဉ္စရာသို့ ယခုလို ပြောသည်။

" ရေတပ်သား နာမည်က သူရ၀င်း၊ ဗမာ အမျိုးသား ဖြစ်ပါတယ်။ ဆတ်ရိုးကျ ရွှေမင်းဂံ ရေတပ် စခန်းက ဖြစ်ပါတယ်။ မမိုးမိုးအိခိုင်ကို လွန်ခဲ့တဲ့ စနေနေ့က ခိုးယူသွားပါတယ်။ အဲသလို ခိုးယူပြီးတဲ့ နောက်မှာ တရားဝင် လက်ထပ်ယူဖို့ ငြင်းပယ်တဲ့ အတွက် အဲဒီ ရေတပ် စခန်းဝင်းထဲက စားသောက်ဆောင်မှာဘဲ တနင်္လာနေ့ ညနေမှာ မမိုးမိုးအိခိုင် အဆိပ်သောက်ပြီး သေဆုံးသွားခဲ့ပါတယ်" ဟု ပြောသည်။

မမိုးမိုးအိခိုင်အား သူရ၀င်းက ဒီဇင်္ဘာလ ၂၄ ရက် စနေနေ့က ခိုးယူသွားခဲ့ကြောင်း၊ တနင်္ဂနွေနေ့ တစ်နေ့လုံး ပျောက်နေပြီး တနင်္လာနေ့ နံနက်တွင် ရွှေမင်းဂံ ရပ်ကွက်ရှိ သူမ အိမ်သို့ ပြန်ရောက် လာခဲ့ကြောင်း၊ မိခင်ဖြစ်သူက ပြစ်တင် ကြိမ်းမောင်းရာမှ မမိုးမိုးအိခိုင်မှာ ရေတပ်ဝင်းထဲသို့ ပြန်သွားခဲ့ကြောင်း၊ ညနေပိုင်းတွင် တပ်ကြပ်ကြီး တစ်ဦးမှ သူမ မိခင် ဖြစ်သူထံသို့ လာရောက်ပြီး မမိုးမိုးအိခိုင်မှာ ရေတပ် စားသောက်ဆောင်ထဲတွင် လဲနေပြီး အခြေအနေဆိုးရွားနေကြောင်း လာရောက် အကြောင်းကြားခဲ့သည်ဟု သိရသည်။

" မိခင် ဖြစ်သူက လိုက်သွားတဲ့ အခါ ရေတပ်ဝင်းထဲက လူပျို စားဆောင်မှာ မမိုးမိုးအိခိုင်က ပါးစပ်က အမြုပ်တွေ ထွက်ပြီး သတိလစ်နေတယ်။ ချက်ချင်း ဆေးရုံကို ယူတယ်။ ဒါပေမယ့် အခြေအနေက အရမ်းဆိုးရွားနေပြီ ဖြစ်တယ်။ ဆေးရုံ အရောက်မှာဘဲ အသက်ဆုံးသွားခဲ့ပါတယ်" ဟု သူက ဆက်ပြောသည်။

မမိုးမိုးအိခိုင်မှာ အိမ်က ရေတပ်ထဲသို့ ပြန်လာပြီး ညနေ ၅ နာရီခန့်တွင် ရေတပ်ဝင်းထဲရှိ စားသောက်ဆောင်တွင် အဆိပ်သောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မမိုးမိုးအိခိုင် သေဆုံးမူနှင့် မိဘ နှစ်ပါးမှ ကျေနပ်မူ မရှိသဖြင့် ရေတပ်ထဲသို့ သွားရောက်ပြီး သူတို့၏ သမီးသေဆုံးမူနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုရာ အဆိုပါ စခန်းတွင် တာဝန်ကျနေသော ဗိုလ်မှူးကြီး တစ်ဦးက ရဲစခန်းတွင် အမူဖွင့် မတိုင်ကြားရန်နှင့် အဆိုပါ ကိစ္စကို သူတို့ ဖြေရှင်းပေးမည်ဟု ပြောဆိုထားကြောင်း သိရသည်။ ယခု အချိန်ထိ တစ်စုံတစ်ရာ သူရ၀င်းအား အရေးယူခြင်း မရှိသေးကြောင်း ဆိုသည်။

ယခုအချိန်ထိ စစ်တွေ ပြည်သူ့ ဆေးရုံကြီးမှလည်း မမိုးမိုအိခိုင် သေဆုံးမူနှင့် ပတ်သက်ပြီး ဆေးစစ်ချက်ကို တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးကြောင်း သူက ပြောသည်။

မမိုးမိုးအိခိုင်မှာ ကုန်တင် ကုန်ချ လုပ်နေသူ သာမန် ရပ်ကွက်သူ တစ်ဦး ဖြစ်ပြီး မိဘများမှာလည်း ဆင်းရဲပြီး ကုန်တင် ကုန်ချ လုပ်ကိုင်သူများ ဖြစ်ကြသည်ဟု သိရသည်။

Thursday, December 29, 2011

KIA ရင်း ၈ စခန်း နောက်ဆုတ်လိုက်ရ

KIA ရင်း ၈ စခန်း နောက်ဆုတ်လိုက်ရ
ဖနိဒါ | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၇ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။ ။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်
ဆွေးနွေးသဘောတူမှုများ ရရှိနေသော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တပ်များနှင့်မူ ထိုးစစ်ဆင်မှုများ
နေ့စဉ် ဆက်လက်ဖြစ်ပွားနေပြီး တပ်ရင်း တခုမှာ ဆုတ်ခွာ ပေးလိုက်ရသည်ဟု KIO က ပြောသည်။

ဒီဇင်္ဘာ ၂၅ မှ ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ စခန်းသို့ ဗုဒ္ဓဟူးနေ့ကမူ အစိုးရ၏ ခလရ ၆၈၊ ခမရ ၅ဝ၇ တပ်အင်အား ၃ဝဝ ကျော်က ထပ်မံ တိုးမြင့်လာသဖြင့် ရှောင်တိမ်းပေးလိုက်ရခြင်း ဖြစ်ကြောင်း KIO ပြောခွင့်ရ ဦးလနန်က မဇ္ဈိမကို ပြောသည်။

“သူတို့(အစိုးရ) ထိုးစစ်မလုပ်တော့ဘူးဆိုတာ အလကားပြောတာပဲ။ မနေ့က သူတို့တပ်တွေရဲ့ နဂိုရှိတဲ့ တပ်တွေ ထိခိုက်တာ များလာတော့ နောက်ကနေ အသစ်တွေ ထိုးဝင်လာလို့ ကျနော်တို့ ရင်း ၈ ကို ဖယ်ပေးလိုက်ရတယ်။ ကျနော်တို့ဘက်က အသေခံရမှာစိုးလို့ ကျနော်တို့ နေရာကို ပြောင်းပေးလိုက်တာဘဲ ရှိတယ်။ လက်နက်ကြီးနဲ့ ပစ်လာလို့ ရှောင်လိုက်တာပဲရှိတယ်” ဟု သူက ပြောသည်။

“ဒီနေ့လည်း တပ်မဟာ ၃ တပ်ဖွဲ့တွေနဲ့ ဗျန်ဝိုင်းကျေးရွာမှ တိုက်နေတယ်။ ယော်ရုံတောင်ကို တိုက်ပို့ စစ်ကြောင်းကို ထိုးနေတယ်။ သုံးလေရက်ရှိပြီး တပ်က ဗန်းမော်၊ မိုးမောက်ဘက်က နေတက်လာတာ။ ဇိန်လွန်အထိ ကားနဲ့ လက်နက် အင်အားတွေ လာပို့တယ်။ အဲဒီကနေ ခြေလျင်နဲ့ ယော်ရုံဘက်ကို ထိုးနေတယ်၊ လက်နက်ကြီးနဲ့ နေ့တိုင်း ပစ်တယ်”ဟု သူက ဆက်ပြောသည်။

ထို့ပြင် ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်နှင့် ဇိန်လွန်အကြားရှိ KIO ၏ တပ်မဟာ ၃ တပ်ဖွဲ့များ အခြေချရာ ယော်ရုံတောင်ဘက်သို့ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများ နေ့စဉ် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ခမရ ၃၈၂၊ ၃၈၃ နှင့် KIO ၏ တပ်မဟာ ၂ လက်အောက်ခံ ရင်း ၁၁ တပ်ဖွဲ့များနှင့် မြစ်ကြီးနားမြို့၏ တောင်ဘက် ၁၅ မိုင်အကွာရှိ အကျဲနှင့် ဖရော်ကျေးရွာ အကြားတွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု မြစ်ကြီးနားမြို့ခံတဦးနှင့် KIO တို့ထံမှ သိရသည်။

ဝိုင်းမော်မြို့နယ် ဂျာပူကျေးရွာတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၃၈၉ နှင့် KIO တပ်ဖွဲ့များ ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီမှ ညနေထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သဖြင့် ဂျာပူကျေးရွာတွင် သွယ်တန်းထားသော လျှပ်စစ်ကြိုး ပြတ်တောက်သွားခဲ့သည်ဟု ဦးလနန်က ပြောသည်။

ထိုးစစ်များ ရပ်တန့်ရန် ဒီဇင်္ဘာ ၁ဝ ရက်နေ့ကတည်းက ကာကွယ်ရေးဦးစီးချုပ်ရုံးထံသို့ သမ္မတရုံးက ညွန်ကြား လိုက်သည့် နေ့မှစ၍ ယနေ့ထိ အစိုးရနှင့် KIO တပ်ဖွဲ့အကြား တိုက်ပွဲပေါင်း ၆၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

KIO ပိုင် ဘူးဂါးကုမ္ပဏီမှ မလိချောင်း လျှပ်စစ်ဓါတ်အားပေး စက်ရုံမှ သွယ်တန်းသည့် လျှပ်စစ်ဖြန့်ဖြန်းရေး ဓါတ်အား လိုင်း ယမန်နေ့ညက ပျက်တောက်ခဲ့သည်ဟု မြစ်ကြီးနား မြို့ခံတဦးက “မနေ့ကပဲ ပျက်သွားတော့ အခက်အခဲတော့ မရှိသေးဘူး။ အရင်တခေါက်လိုမျိုး အကြာကြီး ပျက်သွားမယ်ဆိုရင်တော့ ဒုက္ခရောက်မှာပဲ”ဟု သူက မဇ္စျိမကို
ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ရက်သတ္တပတ် ၂ ပတ်ခန့်ကြာ ပြတ်တောက်သွားခဲ့သဖြင့် ဘူးဂါးကုမ္ပဏီက
ပြန်လည် ပြင်ဆင်ခဲ့ရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ကို ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ၁ တောင်သာ မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့သည် တခြားတိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် လိုက်လံဆွေးနွေး သဘောတူညီမှုများ ရှိနေသော်လည်း KIO နှင့်မူ ထပ်မံ တွေ့ဆုံရန် ကမ်းလှမ်း လာခြင်း မရှိသေးပေ။

ယခုလ ၁၈ ကတော့ ငြိမ်းချမ်းကိုယ်စားလှယ် ၁၁ ဦးပါ အဖွဲ့ဖွဲ့ထားကြောင်း KIO အဖွဲ့ကို တရားဝင် စာပို့ထားသည်။ KIO ကလည်း နိုင်ငံရေးဆွေးနွေးရန် ဗဟိုကိုယ်စားလှယ် အနည်းဆုံး ခြောက်ဦးပါအဖွဲ့ကို ရွေးချယ်ထားပြီး ဖြစ်သည် ဟု KIO နှင့် နီးစပ်သူ များထံမှ သိရသည်။

မုတ္တမ သဘာဝဓါတ်ငွေ့ဝယ်ခွင့် ထိုင်းကုမ္ပဏီ PTTEP ထပ်ရ

မုတ္တမ သဘာဝဓါတ်ငွေ့ဝယ်ခွင့် ထိုင်းကုမ္ပဏီ PTTEP ထပ်ရ
ကိုဝိုင်း | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၈ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နေပြည်တော်၌ ဒီဇင်ဘာ ၂၀ တွင် ပဏာမ ဆွေးနွေးခဲ့သည့် မုတ္တမပင်လယ်မှ ထပ်မံ
တွေ့ရှိသော သဘာဝဓာတ်ငွေ့များကို ဝယ်ယူတင်သွင်းရန် ထိုင်းနိုင်ငံက မြန်မာနှင့် လာမည့်နှစ်ဆန်းတွင် စာချုပ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာဖုံ တိုဝိကျတ်ချိုင်းကွန် က ပြောသည်။

မုတ္တမပင်လယ်ကွေ့ရှိ လုပ်ကွက် M3 မှ ထွက်သည့် သဘာဝဓာတ်ငွေ့ ဝယ်ယူတင်သွင်းရန် ၂ဝ၁၂ ခု ဇန်နဝါရီ ၅-၆ ရက်တွင် စာချုပ်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ခြင်းဖြစ်သည်။

“မြန်မာစွမ်းအင်ဝန်ကြီးဌာနက ပြီးခဲ့တဲ့ အပတ်က ဖုန်းနဲ့ အကြောင်းကြားလာတယ်။ ထိုင်း စွမ်းအင်ကုမ္ပဏီ PTTEP က လက်မှတ်ထိုးရမှာပါ” ဟု မစ္စတာဆူရာဖုံ ပြောကြားကြောင်း အင်္ဂါနေ့ထုတ် The Nation က ဖော်ပြသည်။

နေပြည်တော်၌ ကျင်းပခဲ့သော မဲခေါင်မြစ်ဝှမ်းနိုင်ငံများ လေးကြိမ်မြောက် အစည်းအဝေးရက် အတွင်း ဒီဇင်ဘာ ၂ဝ ရက်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးတို့နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၊ ထိုင်းစွမ်းအင်ဝန်ကြီး ဖီချိုင်း နာရစ်ဖထာဖန်တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် PTTEP က ဧရာဝတီမြစ်ကြောင်းတလျှောက် ကုန်းတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ် ၁၈ ကွက်မှ နှစ်ကွက်ကိုလည်း ရှာဖွေရေးလုပ်ကိုင်ခွင့် ရရှိကြောင်း ဝန်ကြီး ဦးသန်းဌေး က အတည်ပြုခဲ့သည်ဟု ထိုင်းစွမ်းအင်ဝန်ကြီးက တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနကို ဗုဒ္ဓဟူးနေ့ က ထုတ်ဖော်ပြောဆိုသည်။

မြန်မာကမ်းလွန်ရေနံလုပ်ကွက်အမှတ် M-3 တွင် သဘာဝဓာတ်ငွေ့ရှာဖွေရန် စမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းနှင့် ထိုင်းနိုင်ငံ စွမ်းအင်ကုမ္ပဏီ PTTEP တို့ ၂ဝဝ၄ ခု သြဂုတ်လ တွင် လက်မှတ်ထိုးခဲ့သည်။

ယင်းလုပ်ကွက်အတွင်း ရှာဖွေရေးတွင်းအမှတ် အောင်သိင်္ခ-၂ မှ သဘာဝဓာတ်ငွေ့ တနေ့လျင် ကုဗပေ ၂၅.၈ သန်းနှင့် ရေနံစိမ်း ၁၅၄ စည် ထွက်မည်ဖြစ်ကြောင်း ၂ဝ၁၁ မေလက တရားဝင် ထုတ်ပြန်ခဲ့သည်။

အောင်သိင်္ခ-၂ မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅၈ ဘီလျံ ကုန်ကျခံ တည်ဆောက်မည့် ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းပါ ထားဝယ်-ကန်ချနဘူရီ အဝေးပြေးလမ်း တလျှောက် ပိုက်လိုင်း များဖြင့် ထိုင်းနိုင်သို့ တင်သွင်းဖွယ်ရှိသည်။

ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP က မုတ္တမပင်လယ်ထဲတွင် ရတနာနှင့် ရဲတံခွန် စီမံကိန်းများမှ သဘာဝဓာတ်ငွေ့ တင်သွင်းနေသည်မှာ ၁ဝ နှစ်ကျော်ပြီ ဖြစ်သည်။ ထို့ပြင် လုပ်ကွက်အမှတ် M-9၊ M-11၊ M-7 တို့တွင်လည်း ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေသည်မှာ ၈ နှစ်ခန့် ရှိပြီဖြစ် ကြောင်း ထုတ်ပြန်ထားသည်။