Sunday, July 29, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရေး ဖို့ဒ်ဝိန်း မိသားစု ပြင်ဆင်

2012-07-29

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့်စက်တင်ဘာလ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ အင်အားအပြည့်နဲ့ ကြိုဆိုနိုင်ရေး အတွက် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများဆုံး နေထိုင်ရာ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာ ပြင်ဆင်နေကြပါတယ်။
အစီအစဉ်တွေ ရေးဆွဲနိုင်ရေးအတွက် ဒီကနေ့ အစည်းအဝေး ခေါ်ယူထားကြောင်း၊ ဖို့ဒ်ဝိန်းမြို့ရောက် မြန်မာတိုင်းရင်းသားများ အားလုံး စုစည်းပြီး ညီညီညွတ်ညွတ်နဲ့ တမြို့လုံးက ကြိုဆိုနိုင်ရေး ပြင်ဆင်နေကြကြောင်း မြန်မာ့အရေး လှုပ်ရှားနေတဲ့ ဦးအောင်မြင့်ထွန်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဖို့ဒ်ဝိန်းမြို့ကို လာရောက်မယ့်ရက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ သူရဲ့ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၉ ရက်နေ့မှာ အမေရိကန်လွှတ်တော်က ဂုဏ်ပြုချီးမြှင့်မယ့် ရွှေတံဆိပ်ဆုကို အရင်ဆုံး လက်ခံရယူမှာ ဖြစ်ပါတယ်။

Friday, July 20, 2012

အာဇာနည်ဗိမာန် လွတ်လပ်စွာ ဂါရဝပြုခွင့်ရ

 

2012-07-19
အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနားကို ဒီနှစ်မှာ စတင်ပြီး ခမ်းနားစွာ ပြန်လည်ကျင်းပခဲ့သလို ပြည်သူအများကိုလည်း အရင်လိုမဟုတ်ဘဲ အာဇာနည် ဗိမာန်မှာ လွတ်လွတ်လပ်လပ် လာရောက် ဂါရဝ ပြုခွင့် ပေးခဲ့ပါတယ်။
Photo: 88 Generation Students
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်က ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့အတူ အနုပညာရှင် ၂၀ ခန့် စုပေါင်းပြီး ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် လွမ်းသူ့ပန်းခွေချ အလေးပြုရန် ရောက်ရှိနေစဉ်။
ဒီကနေ့ နေ့လည် (၃) နာရီလောက်မှာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့အတူ နာမည်ကျော် အနုပညာရှင် ၂၀ လောက် စုပေါင်းပြီး ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်တွေကို လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။
ဒီနှစ် အာဇာနည်နေ့ အခမ်းအနားမှာ အာဏာပိုင်တွေဘက်က ပြည်သူတွေ ပါဝင်ခွင့် ပေးခဲ့တဲ့အတွက် ပြုပြင် ပြောင်းလဲရေးအတွက် တိုးတက်လာတဲ့ အခြေအနေတစ်ခု ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မမီးမီးက RFA ကို ပြောပါတယ်။
"ဒီနေ့ အာဇာနည်နေ့မှာ အခုလိုမျိုးပေါ့နော်၊ အားလုံးပါဝင် အလေးပြုလို့ ရအောင်ပေါ့နော်၊ ဘာမှ စည်းကမ်းတင်းကျပ်ခြင်း၊ ကန့်သတ်ခြင်း မရှိပဲနဲ့ ပြည်သူလူထုအားလုံးကို လွတ်လပ်စွာ အလေးပြုခွင့်ပေးတဲ့ အတွက် ဒီဟာ ကျွန်မတို့ နိုင်ငံရဲ့ ပြန်လည် တည်ဆောက်ရေးကာလမှာ ဒီလိုမျိုးလုပ်တဲ့ ဖြစ်ရပ်ကို ကျွန်မတို့ ဂုဏ်ယူပါတယ်။ နောက်ပိုင်းလည်း ကျွန်မတို့ ပြည်သူနဲ့ အတူ ပူးပေါင်းဆောင်ရွက် သွားမှာပါ။ ပြည်သူကို မကြောက်ပါနဲ့။ ပြည်သူနဲ့အတူ လက်တွဲဆောင်ရွက်ပါ။ ဒါမှသာလျင် စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကို အမြန်ဆုံး ဖော်ဆောင်နိုင်ပြီးတော့ ကျွန်မတို့ တိုင်းပြည်ဟာ အေးချမ်းသာယာပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ တကဲ့ ဒီမိုကရေစီနိုင်ငံသစ် ဖြစ်ပါလိမ့်မယ်လို့ ကျွန်မပြောချင်ပါတယ်"
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ကလည်း ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူး အောက်မေ့တဲ့အနေနဲ့ သင်္ကန်းကျွန်း မဂ္ဂင်ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်လှူဒါန်း ခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက RFA ကို ပြောပါတယ်။
ဒါ့အပြင် ကိုကျော်ကိုကိုနဲ့ အဖွဲ့က ရွှေပြည်သာ မြို့နယ်မှာရှိတဲ့ ပညာ့ပျိုးခင်း ပညာဒါနကျောင်းမှာ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတွေကို အာဇာနည်နေ့အကြောင်း ဟောပြောခဲ့ပြီး ဗကသများ အဖွဲ့ချုပ် အမှုဆောင်တချို့က သံလျင်မြို့နယ်က ကျောင်းသားတွေရဲ့အာဇာနည်နေ့အခမ်းအနား၊ ဟင်္သာတမြို့နယ်က ကျောင်းသားတွေရဲ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
မန္တလေးမြို့မှာတော့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးတွေ ချထားပေမယ့် ရတနာပုံတက္ကသိုလ် ကျောင်းသားတွေ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို အထက်ဗမာပြည် ဗကသများ အဖွဲ့ချုပ်ဝင်တွေ တက်ရောက်ကြတယ်လို့ ဗကသများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီဝင် ကိုမိုးထက်နေက ပြောပါတယ်။
"ရတနာပုံတက္ကသိုလ် ကျောင်းသားတွေက ဦးဆောင်ပြီးလုပ်တယ်။ ကျွန်တော်တို့ အဲဒီပွဲတက်တယ်။ ကျောင်းထဲကိုတော့ ဝင်လို့မရဘူး။ ကျောင်းဝင်းတံခါး ပိတ်ထားတယ်။ ကျောင်းမှာ ဆရာတွေ အဲဒီအပေါက်ဝမှာ ထိုင်စောင့်နေတယ်။ နောက် CCTV ကင်မရာတို့ တပ်ထားတယ်။ နောက် ကန်တပ်ကုန်း ဆရာတော် လုပ်တဲ့ပွဲ တက်တယ်။ လုံခြုံရေး ချထားတာတော့ အနည်းအကျဉ်း ရှိပါတယ်။ နောက်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေလည်း ချထားတာ ရှိတယ်။ ဒါပေမဲ့ ဝင်ပြီး အနှောင့်အယှက် ပေးတာတော့ မရှိဘူး"
ဧရာဝတီတိုင်း ဒေးဒရဲမြို့မှာတော့ ရန်ကုန်မြို့ အာဇာနည်ကုန်း ပုံစံငယ်အတိုင်း ဒေးဒရဲ NLD ရုံးရှေ့မှာ တည်ဆောက်လိုက်ပြီး ဒေသခံပြည်သူနဲ့ အဖွဲ့အစည်းတွေ၊ ဌါနဆိုင်ရာ တချို့က ဝန်ထမ်းတွေ စုစုပေါင်း လူ သုံးထောင်လောက် အာဇာနည်နေ့ကို ကျင်းပခဲ့တယ်လို့ NLD လူငယ် ကိုရင်ထွေးက ပြောပါတယ်။
"ရွှေတိဂုံ အနောက်မုခ်မှာရှိတဲ့ အာဇာနည်ကုန်း ပုံစံမျိုး သစ်သားတွေနဲ့ ဆောက်ပြီးတော့ အပေါ်ကနေ ပိတ်စတွေနဲ့ အုပ်ပြီးတော့ ဗြက် ၁၅ ပေ၊ အရှည် ၁၈ ပေရှိတဲ့ အာဇာနည်ကုန်းဗိမာန် ပုံစံတူ ဆောက်ပြီးတော့ အာဇာနည် ခေါင်းဆောင်တွေ ဓာတ်ပုံ ထည့်ပြီးတော့ ၂၅ နှစ်လုံးလုံး ကွယ်ပျောက်နေတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို သတိရတဲ့လူတိုင်းက အလေးလာပြုဖို့ အတွက် ကျွန်တော်တို့ ဖိတ်မန္ကကပြုပြီးတော့ ကျွန်တော်တို့ ဆောက်ပါတယ်ခင်ဗျ။ လူတွေ အားလုံးပေါင်း ခန့်မှန်းခြေက သုံးထောင်ကျော်လောက် ရှိမယ် ခင်ဗျ။ မြို့မှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေရော လာပြီးတော့ ပန်းခွေချ အလေးပြုပါတယ်ခင်ဗျ။ ဌာနဆိုင်ရာ တချို့ကရော လာပါတယ်ခင်ဗျ"
တောင်ကြီးနဲ့ အောင်ပန်းမြို့တွေမှာလည်း အာဇာနည်နေ့ ပန်းခွေချ အလေးပြုမယ့် အစီအစဉ်ကို မနေ့ကအထိ ပြည်နယ်အစိုးရက ခွင့်မပြုတဲ့အကြောင်း စာပို့ထားပေမယ့် ဒီနေ့မှာတော့ NLD အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေက ပန်းစည်းချ အလေးပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
အလားတူပဲ ပျဉ်းမနား နေပြည်တော်မှာလည်း နေပြည်တော်ကောင်စီက ကြီးမှူးပြီး ပထမဆုံးအကြိမ် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကျွေး တရားနာပွဲကို ကျင်းပခဲ့ပါတယ်။ ဒါအပြင် နေပြည်တော် မဲဆန္ဒနယ်မြေ (၄) ခုမှာ အနိုင်ရသွားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပထမဆုံးအကြိမ် အာဏာပိုင်တွေဘက်က ဖိတ်ကြားခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒက္ခိဏသီရိမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။
ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းက ဗိုလ်ချုပ်ကြေးရုပ်မှာ အများပြည်သူတွေက ပန်းစည်းတွေနဲ့တကွ ဂါရဝ ပြုခဲ့ကြသလို နှစ်ပေါင်းများစွာ ပိတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကိုလည်း ဒီနေ့ ဖွင့်ပေးတဲ့အတွက် ကျောင်းသား၊ ပြည်သူတွေနဲ့ စည်းကား ပြည့်ကျပ်နေပါတယ်။

Thursday, July 19, 2012

ဒေါ်နန်းဝါနုနှင့်စပ်လျှဉ်း၍


ဒေါ်နန်းဝါနုကို ဒေါ်ရီရီအောင်က ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူး
မေး။ ။အခုလိုတင်လိုက်တဲ့ အဆိုဟာဒေါ်အောင်ဆန်းစုကြည်ကို
ရည်ညွှန်းတာဆိုပြီးတော့လဲ ပြောနေကြပါတယ်ရှင့်။ အဲဒါဟုတ်ပါသလား။
ဖြေ။ ။အဲသလိုမျိုးသဘောထား အနေနဲ့တော့ မဟုတ်ဘူးရှင့်။ သူ့ ကို
ရည်ညွှန်းတာတော့ တစ်စိတ်တစ်ပိုင်းပဲ ပါပါတယ်။ ဒါပေမယ့် ကျွန်မတို့
မြန်မာနိုင်ငံကို လတ်တလော ပူပူနွေးနွေးရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကို တိုက်ရိုက်ရည်ညွှန်းတာရှင့်။ မြန်မာနိုင်ငံရဲ့အရေးကိစ္စကိုတော်တော်လေး ထဲထဲဝင်ဝင်လုပ်ပေးနိုင်မယ့်
နောက်ပြိးလို့ ရှိရင် ကျွန်မတို့ ရဲ့ သမ္မတ ဦးသိန်းစိန်ရယ်၊ လွှတ်တော်ဥက္ကဌ
ရယ် ဒေါ်အောင်ဆန်းစုကြည်ရယ်ပူးပေါင်းပြိးတော့ ဆောင်ရွက်ကြမယ်လို့ 
တင်လိုက်တာ။ ကျွန်မအနေနဲ့ကတော့ တစ်ဦးတစ်ယောက်ထဲကနေ
ဆောင်၇ွက်လို့ မရဘူးလို့ ယူဆတယ်ရှင့်။
မေး။ ။ခုလို အဆိုတင်သွင်းလိုက်ပြီးတဲ့နောက်မှာ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ် ဒေါ်နန်းဝါနုတို့ ရယ်တွေဆုံပြီး
တော့ ဆွေးနွေးကြတယ်လို့ သိရပါတယ်ရှင့်။ အဲဒီမှာ ဘာတွေပြောကြပါလဲ။
ဖြေ။ ။တွေ့ ဆုံတယ်ဆိုတာကတော့ ကြိုဆိုတဲ့ အနေနဲ့တွေ့ တာရှင့်။
မေး။ ။ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုရုပ်သိမ်းဖို့ အဆိုပြုချက်တင်သွင်းတာက
ဒေါ်နန်းဝါနု တစ်ယောက်ထဲ့ရဲ့ သဘောထားပါလား
ဖြေ။ ။ဟုတ်ကဲ့ ကျွန်မတစ်ယောက်ထဲရဲ့ သဘောထားပါပဲ။ အမှန်ဆိုလို့ ရှိရင် အချိန်ရှိသေးတယ်ဆိုရင် တော်တော်လေးစဉ်းစားဥိးမယ်။ ကျွန်မအနေနဲ့
ကတော့အချိန်ကသိပ်မ၇ှိတော့ဘူး။ဘာဖြစ်လို့ လဲဆိုတော့နောက်တစ်ပတ်
မှ ဆုံးဖြတ်ကြတော့မယ်ဆိုတဲ့အနေထားကြောင့် ကျွန်မရဲ့သဘောထားက သူတို့ သိသွားသင့်တယ် ဆိုပြိး သဘောပေါက်သွားတာကြောင့် အဆိုကို
ကြိုးစားပန်းစားနဲ့ ကျွန်မတစ်ဦးထဲ ရေးခဲ့၇ခြင်းဖြစ်ပါတယ်။
မေး။ ။ဒေါ်နန်းဝါနုရဲ့ အဆိုပြုချက်ဆိုတာက အစိုးရဘက်က သဘောထားနဲ့ 
တစ်ထပ်တည်းဖြစ်နေတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ အပေါ်မှာချမှတ်
ထားတဲ့ပိတ်ဆို့မှု၊ အရေးယူမှုအားလုံကိုပယ်ဖျက်ပေးစေချင်တယ်ဆိုတာက အစိုးရဘက်ကသဘောထား။ အဲဒီတော့ ဒ်ီအဆိုပြူချက်ကို တင်သွင်းတဲ့
နေရာမှာ ဒီအရေးကြီးတဲ အဆိုအနေနဲ့ တင်သွင်းဖို့ လုပ်တာဟာ စည်းဝါး
ကိုက်လုပ်တာဆိုပြီးတော့ ပြောဆိုမှုတွေကြားရပါတယ်ရှင့်။ ဘာလို့လဲ
ဆိုတော့ ထောက်ခံဆွေးနွေးတဲ့သူတွေဘက်က စာရွက်စာတမ်းအပြည်အစုံ
နဲ့ ထောက်ခံပြိးတော့တင်ပြကြတယ်ဆိုတော့ ညှိထားတာလို့ ပြောနေကြတဲ့ အပေါ်မှာ ဒေါ်နန်းဝါနုဘယ်လိုမျိုးတုန့် ပြန်ပြောဆိုနိုင်မှာပါလဲ။
ဖြေ။ ။ ဒီဟာကလေ ဒီအစိုးရရဲ့ သဘောထားတစ်ခုထဲ မဟုတ်ဘူးရှင့်။ ကျွန်တို့ တိုင်းရင်းသားတွေအားလုံးကလဲ ဒီသဘောထားရှိပါတယ်။အားလုံး
မေးကြည့်လိုက်ပါ။ ဒီအရေးယူပိတ်ဆို့ မှုဆိုတာတွေဟာ ကျွန်မတို့ ဘက်ကို လုံးလုံးမထိပေမယ့် နောက်ပြီးမြန်မာနိုင်ငံကိုလဲ မဖြစ်စေချင်ဘူး။ကျွန်မတို့ စာရိုက်ပြီးတော့မှ အဲဒီဟာလုပ်တယ်ဆိုတာမှန်တော့မှန်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မနဲ့ဒေါ်ခင်စောဝေနဲ့က နှစ်ယောက်က အခန်းခြင်းကပ်ရက်
နေတာ။ ပြီးညတုန်းက ၁ နာရီထိကို ကျွန်မတို့ နှစ်ယောက် ကျွန်မအခန်း
ထဲမှာပဲ ကွန်ပျူတာနဲ့ ရိုက်ပြီးတော့ တစ်ခါထဲမှတိုင်ပင်ပြီးတော့ရေးကြတာ။ ဦးဌေးမြင့် အနေနဲ့ က နဂိုကထဲက သူကစီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ အတွက်ကြောင့် သူက ကျွန်မအဆို မတင်သွင်းခင်လောက်ကထဲက
ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခဲ့တယ်ဆိုတဲ့ အနေအထားကို
သိခဲ့ရတယ်။
မေး။ ။ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော ဘယ်လိုသဘောထားရှိတယ်
လို့ သိရပါလဲ။
ဖြေ။ ။ သူနဲ့တွေ့တဲ့ အချိန်က ကျွန်မက သူ့အတွက်ကြိုဆိုတဲ့နှုတ်ဆက်ပွဲ
ဖြစ်နေတော့လဲ တစ်ယောက် အကြောင်းတစ်ယောက် အများရှေ့ မှာ စကားကောင်းကောင်းပြောရတယ်မရှိဘူး။ကျွန်မက သူ့ ရဲ့စိတ်သဘောထား
ကို မသိဘူးရှင့်။
မေး။ ။မြန်မာနိုင်ငံမှာတိုးတတ်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အရဖြစ်ရပ်တွေဟာ ပြည်ပကနေပြီးတော့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူချမှတ်ထားတဲ့ဖိအား
တွေကနေပေါ်ပေါက်လာတာ။ နောက်ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်
ထဲမှာ ပါဝင်လာပြီးနောက်အထိဖြစ်လာတာပေါ့နော်။ ပိတ်ဆို့ အရေးယူမှု
တွေကိုအမြန်ဆုံရုပ်သိမ်းပေးဖို့  ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဆောင်ရွက်ဖို့
တောင်းဆိုခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အကျပ်အတည်း
ဖြစ်အောင်တွန်းပို့ တယ်ဆိုတဲ့သဘောတွေ ပြောနေတာတွေကြားရ
ပါတယ်။ အဲဒီအပေါ်မှာရော ဒေါ်နန်းဝါနုဘယ်လိုပြောချင်ပါသလဲ။
ဖြေ။ ။ ကျွန်မတို့ကလဲ အဲဒီလိုမျိုး မရည်၇ွယ်ဘူး။ ကျွန်မတို့ ကလုပ်ချင်တဲ့ စိတ်ဆန္ဒရှိတဲ့သူ ဘယ်သူမဆို ကိုယ့်ရဲ့ စိတ်သဘောထားအရသာ ကျွန်မတို့
မြန်မာနိုင်ငံအတွက်လုပ်ပေးပါ ပြောတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်မတို့ အတွက်လုပ်ပေးပါဆိုတာကနေ ကျွန်မ မတောင်းဆိုခဲ့ရဘူး။
သူ မလုပ်သည်ဖြစ်စေ လုပ်သည်ဖြစ်စေ ကျွန်မတို့ နဲ့လဲဆိုင်တယ် သူ လုပ်တယ်ဆိုရင်တော့ ကျွန်မတို့ မြန်မာနိုင်ငံသားတွေအနေနဲ့  အထူးကျေးဇူးတင်ရမှာပေါ့။
..............................................................................................
်ဒေါ်နန်းဝါ၀ါနု ကို ပုဂွိုလ်ရေး တိုက်ခိုက်ထားသည် ဟု ယူဆရသော
စာတစ်ပုဒ် ။
ဒေါ်အောင်ဆန်းစုကြည်ကို အရှက်ခွဲခဲ့သူ ကျားဖြူမမ ဆိုသည်မှာ-
အမည်-ဒေါ်နန်းဝါ၀ါနု (ရှေ့နေ)အသက်-(၃၀) နှစ်
အဖအမည်-စိုင်းဦးဆိုင်
(
၂၀၀၅-ခုနှစ် ရှမ်းပြည်အတိုင်ပင်ခံကောင်စီဖမ်းဆီးမှုတွင် ဗိုလ်ချုပ်ဆေထင်
ကို အားပေးကူညီမှုဖြင့် ပုဒ် ၁၇()တပ်ကာ ထိန်းသိမ်းခံရသည်။ လပိုင်း
အတွင်း ပြန်လွတ်မြောက်ခဲ့သည်။ တောင်ကြီးမြို့-သစ်တောရပ်ကွက်တွင်
အနှိပ်ခန်းဖွင့်လှစ် နေထိုင်သည်။ အနှိပ်ခန်းသက်သက်မဟုတ်ဘဲ
ပြည့်တန်ဆာခန်းပါ ပူးတွဲလုပ်ကိုင်သည်)
ခင်ပွန်းအမည်-ခွန်ဌေးနိုင်လော
နန်းဝါနုသည် ရှေ့နေလုပ်ငန်းဖြင့် အခကြေးငွေမယူပါဟုဆိုပြီး တရားခံများ
ဘက်မှ ပါဝါများကို ယူဆောင်သည်။ သို့သော် ရဲကြေး၊ တရားသူကြီးကြေး၊ ဆွဲချရှေ့နေအတွက်ဟု ဆိုကာ ငွေများကို တရားခံများထံ ပြန်လည်
တောင်းခံသော ထူးခြားသည့် တိုင်းရင်းသူ ရုပ်ရှည်ချောမောသည့် ရှေ့နေမ တစ်ဦးဖြစ်သည်။
ခင်ပွန်းဖြစ်သူမှာ ဗိုလ်နေ၀င်းရဲ့ဒေါက်တိုင် ဒုတိယ-ဗိုလ်မှူးကြီးထွန်းရင်လော
(
မြသန်းတင့်၊ ဗန်းမော် တင်အောင်၊ လူထုစိန်ဝင်းနှင့်ရဲဘော်ဖိုးသံချောင်း
တို့ကို ကျွန်းသို့ပို့ဆောင်ခဲ့သူ) ၏တူတော်မောင် ခွန်ဌေးနိုင်လော ဖြစ်သည်။
ထွန်းရင်လောဆိုသူမှာ ပအိုဝ်းအမျိုးသား လောက်ကောင်အဖြစ် ပအိုဝ်းပြည်သူများက သတ်မှတ် ခံထားရသူဖြစ်သည်။ မဆလ ဒေါက်တိုင်
ဖြစ်သလို နအဖ ညောင်နှစ်ပင်ညီလာခံတွင်လည်း သဘာပတိအဖြစ် ကုလားထိုင်ပေါ် တက်ခွထိုင်ဖူးသူဖြစ်သည်။
လက်ရှိ နန်းဝါနု ခင်ပွန်း ခွန်ဌေးနိုင်လောမှာ အမြဲတမ်းသောက်စားနေသူ
ဖြစ်သည်။ တကယ့်ယစ်ထုတ် ကြီးဖြစ်နေပါသည်။ ဇနီးသည်မှာလည်း ရုပ်ရှည်ချောမောသဖြင့် စိုင်းအိုက်ပေါင်းတို့ လက်စွဲတော်ဖြစ် နေသည်ကို သိရှိသဖြင့် ထွက်ပေါက်ရှာသည့်အနေဖြင့်ပိုမိုအရက်သောက်နေသူဖြစ်သည်
ဖခင်မှာလည်း ဇိမ်ခန်းဖွင့်လှစ်ထားသဖြင့် စိုင်းအိုက်ပေါင်းကဲ့သို့သောလူများ ရန်ကုန်တွင် ခြေငြိမ် သလောက် တောင်ကြီးတွင် ထင်တိုင်းကျဲနေသည်မှာ နန်းဝါနု ဖခင်ဖွင့်ထားသော ဇိမ်ခန်းတွင်ဖြစ် သည်။ တကယ်လည်း စိုင်းအိုက်ပေါင်းသည် ရန်ကုန်တွင် ဗြောင် မ'ဘူး'ရဲပါ။ တောင်ကြီးတွင်သာ စိတ်လွတ်ကိုယ်လွတ် 'ဘူး'ပါသည်။ ထို့ကြောင့်လည်း နန်းဝါနုဖခင်
ဇိမ်ခေါင်း စိုင်းဦးဆိုင်နှင့် ဖောက်သည်ဖြစ်သွားပုံရသည်။
၂၀၁၀-ခုနှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ကျန်းမာရေးမှူး
ဒေါက်တာစိုင်းခမ်းလှိုင်သည် ကော်မရှင်အဖွဲ့ခေါင်းဆောင်ဖြစ်သည်။
နအဖ အခြေခံဥပဒေ နောက်ဆုံးရေးဆွဲသည့် ၅၄ ဦးကော်မတီတွင် လည်း ဒေါက်တာစိုင်းခမ်းလှိုင်ပါဝင်သည်။ (ညောင်နှစ်ပင်ညီလာခံ
အပြီးတွင် ဦးသိန်းစိန်ဦးဆောင်သော အခြေခံဥပဒေ နောက်ဆုံး
အချောသတ်ရေးဆွဲသည့် ၅၄ ဦးကော်မတီဖြစ်သည်)
ဒေါက်တာစိုင်းခမ်းလှိုင်သည် နန်းဝါနု၏ ဦးလေးအရင်းခေါက်ခေါက်
ဖြစ်သည်။ ဒေါက်တာစိုင်းခမ်းလှိုင် သည် ၂၀၁၀ -ရွေးကောက်ပွဲတွင်
ကော်မရှင်မှ ထွက်ကာ ကွန်ဟိန်းမဲဆန္ဒနယ်တွင် ကြံ့ဖွတ်အမတ် အဖြစ်
အရွေးခံသည်။ စိုင်းအိုက်ပေါင်းကလည်း စိုင်းခမ်းလှိုင်တူမဖြစ်သူ နန်းဝါ၀ါနုကိုရွေးချယ်ကာ ကျားဖြူ အမတ်အဖြစ် ကွန်ဟိန်းတွင် ၀င်ရောက်ယှဉ်ပြိုင်စေသည်။ ကွန်ဟိန်းရှမ်းများ ကြံ့ဖွတ်ကို အော့နလုံး နာသဖြင့် နန်းဝါနုသည် အရွေးချယ်ခံ အမတ်ဖြစ်လာသည်။ ဦးလေးဖြစ်သူ ဒေါက်တာစိုင်းခမ်းလှိုင်ကလည်း ရွေးကောက်ပွဲအပြီးတွင် နန်းဝါနုအား ကော်မရှင်ထံတရားစွဲသည်။ စိုင်းအိုက်ပေါင်း အားဖြည့်ကူညီ သဖြင့် ကော်မရှင်တွင် နန်းဝါနု အနိုင်ရကာ အမတ်ဖြစ်လာပြီး လွတ်တော်တွင်းရောက်လာသူဖြစ် သည်။
အမေရိကန်၏စီးပွားရေးပိတ်ဆို့မှုကို နန်းဝါနု မသိပါ။ နားမလည်ပါ။ စိုင်းအိုက်ပေါင်း ဖတ်ကြားခိုင်းလို့ဖတ်ကြားလိုက်ရပါသည်။ လွတ်တော်တွင်း
ဒေါ်အောင်ဆန်းစုကြည် ထိုင်ရခက် ထရခက်ဖြစ်အောင် နန်းဝါနုက
လုပ်ချလိုက်ခြင်းဖြစ်ပါသည်။
အကျိုးရလာဒ်အဖြစ် တောင်ကြီးအက်စ်ဘီနှင့် စရဖများ ၂၀၁၂- ဧပြီလမှ
စပြီး ပိတ်ထားသည့် ဖခင်ဖြစ်သူ ဇိမ်ခန်းသည် မကြာမီအချိန်တွင်း
ပြန်လည်ဖွင့်လှစ်လာမည်ဖြစ်သည်။
အေးချမ်းလှသော ကျနော်တို့ တောင်ကြီး-သစ်တောရပ်ကွက်သည် မကြာမီကာလအတွင်း အော်ဟစ် မူးယစ် မုန်ယိုသံများနှင့် ကြီးစိုး မင်းမူ ဆူညံပေတော့မည် ။
ခွန်အောင်ခမ်းကီ (ကျောက်တလုံး)
စကားချပ်။ ရှမ်းအသိုင်းအ၀ိုင်းက နန်းဝါ၀ါနုလို ပအိုးဝ်ပျက်ကို လင်လုပ်သောကြောင့် ပစ်ပယ်နေကြသလို ယခုအခါပအိုဝ်းများကလည်း
ဒေါ်စုကိုအရှက်ခွဲသော ဖောက်ပြန်သောရှမ်းမကို ဇနီးလုပ်သောကြောင့် ခွန်ဌေးနိုင်လောကို ပစ်ပယ်ကုန်ပြီ။ ရှမ်းပစ် ပအိုဝ်းပစ်ဘဝ ရောက်ရလေပြီ။

Via
ဂါမဏိ










Tuesday, July 17, 2012

အာဇာနည် သီချင်း( အလေးပြုပါတယ်)

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ကိုနေမျိုးဇင်ကချင်ပြည်နယ်ခရီးစဉ်


မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ညှိနှိုင်း ဆောင်ရွက်ရေး တာဝန်သိသူ ကိုနေမျိုးဇင်သည် ကချင်ပြည်နယ်မှ ငြိမ်းချမ်းရေး ဖေါ်ဆောင်ကြိုးပမ်းသူ ကချင် လူငယ်အဖွဲ့ တဖွဲ့ဧ။် ဖိတ်ကြားချက်အရ အခြားသော ငြိမ်းချမ်းရေး လှုပ်ရှားသူ အဖွဲ့ ၆ ဖွဲ့နှင့် အတူ ကချင်ပြည်နယ်သို့သွားရောက်ခဲ့ပါသည်။
ကျနော်က လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ၊ ဦးရဲလွင်တို့ အဖွဲ့မှာလည်း ငြိမ်းချမ်းရေးစစ်ဘေးသင့် ပြည်သူများကူညီရေး ရန်ပုံငွေ ရှာဖွေဖျော်ဖြေတဲ့ပွဲ တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ပန်းရဲ့ လမ်း အဖွဲ့ဝင်လည်း ဖြစ် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှာလည်း ပါဝင်လုပ်ဆောင်နေသူဖြစ်ပါတယ်။
အခု ကျနော် သွားခဲ့တဲ့ ခရီးစဉ် ကိုးရက်ကြာ အတွင်း နိုင်ငံ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး အလွန် အရေးကြီးတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဟာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ် ကဏ္ဍမှာ တည်ရှိကြောင်း လေ့လာသိရှိခဲ့ရပါတယ်။
ကချင်လူငယ် ငြိမ်းချမ်းရေး ကွန်ယက်တခုက ဦးဆောင်ပြီး ကျနော်တို့ကို ဖိတ်ခေါ်လို့ ကျနော်လည်း တခါ မှ မရောက်ဖူးတဲ့ မူဆယ် မြို့ကနေ တရုတ်နိုင်ငံထဲထိ လည်ပတ် လေ့လာခွင့်ရခဲ့ပါတယ်။ ကျနော့် ဘ၀ အတွက်တော့ ဒီ ခရီးစဉ်ဟာ ပထမဆုံးပါ။ ရှမ်းပြည်ဆို နောင်ချိုမြို့ကို လွန်ခဲ့တဲ့ ငါးနှစ်လောက်က တခါပဲ ရောက်ခဲ့ဖူးပါတယ်။ အခုတော့ မိတ်ဆွေများ ကောင်းမှုနဲ့ ကျနော်ဟာ တရုတ်ပြည် ရွှေလီ( သူတို့အခေါ် ရွေလီ) နဲ့ ယန်ကျန်း မြို့တွေ တခြား နယ်မြို့တွေကို ကားနဲ့ ငါးနာရီလောက် ဖြတ်သန်းမောင်းနှင်သွားတဲ့ ခရီးကို သွားရပါတယ်။
မြန်မာဘက်ခြမ်း မူဆယ် လောက် ရောက်ရင်ကိုပဲ နယ်စပ်နဲ့နီးလာတဲ့ တိုးတက်မှု ခေတ်မှီမှုနဲ့ တရုတ် ဘာသာ ကြီးစိုးနေမှုတွေကို သိသိသာသာ တွေ့လာရပါတယ်။ နေရာ တကာ တရုတ် လုပ် ပစည်းတွေ ချည်း လွှမ်းမိုးထားပါတယ်။
ဒါပေမယ့် နယ်စပ် ကူးမယ့် ဂိတ်ကြီးလည်း ရောက်ရော အရမ်းကို ကြေကွဲဝမ်းနည်းရလောက် အောင် တရုတ်တွေ ဘက်က ခမ်းနားကြီးကျယ်စွာ အဆောက်အဦးတွေ စီတန်း စနစ်ကျနစွာ တည်ရှိနေတာကို ဓါတ်ပုံပါ အတိုင်း မြင်လိုက်ရတော့ နေရာတကာ အမှိုက်တွေ ဓါတ်ကြိုးတွေနဲ့ ကွမ်းတံတွေးတွေ ပွရှုပ်နေတဲ့ အမိမြန်မာပြည်က မြို့တွေ၊ အထူး သဖြင့် ရန်ကုန်ကို ရမ်းရော် မှန်းမျှော် ၀မ်းနည်း မိပါတယ်။ ကျနော်တို့ နိုင်ငံဟာ အချင်းချင်း စစ်တွေဖြစ်၊ နိုင်ငံသားချင်း အတင်း ဖိနှိပ်အုပ်ချုပ် ရက်စက်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး စနစ်အောက်မှာ ပြားပြားမှောက်ရင်း တိုင်းပြည် အခုလို သိပ်ဆင်းရဲ နောက်ကျ ကျန်ခဲ့ပါလား ဆိုတဲ့ အတွေး တစ က တရုတ်နယ် ခြေ အချမှာပဲ တ၀ဲလည်လည်ပါ။
ဘတ်စ်ကားပဲ စီးစီး ကိုယ်ပိုင်ကားပဲ မောင်းမောင်း အမြဲ ခါးနာလောက်အောင် ချိုင့်ခွက်တွေ လမ်းပျက်တွေ ပြည့်နေတဲ့ မြန်မာ့ အမြဲဖါ လမ်းမ များနဲ့ တရုတ်ပြည်က ဖြူးဖြောင့်ရှင်းလင်း သပ်ရပ်ညီညာလှပ ချောမွေ့နေတဲ့ လမ်းတွေကတော့ တကယ့်ကို တခြားစီပါပဲ။ လမ်းခင်းတဲ့ အင်ဂျင်နီယာတွေ လမ်းခင်းပညာ မတတ်လို့လား သို့မဟုတ် ခေတ်ကိုက အပြိုင်အဆိုင် ပြည်သူ့ဘဏ္ဍာ ဒို့ ဘဏ္ဍာဆိုပြီး ဘုန်းခဲ့ ကြလို့ တနိုင်ငံလုံး လမ်းပီသ တဲ့ လမ်းတွေ မရှိခဲ့တာလား ဆိုတာကို ငြိမ့်ညောင်းလှတဲ့ တရုတ်လုပ် ကားပေါ်မှာ စီးရင်း ကိုယ့် အမိမြေကိုပဲ ရမ်းရော်ပုံဖေါ်ခဲ့မိပါတယ်။

Friday, July 13, 2012

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း


အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။
(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….
ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။
တကယ့်သစ္စာဖြစ်ရမယ်
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
တော်အောင်ကြိုးစားကြပါ
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။
ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။
တန်ခိုးပြဘို့မဟုတ်
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။
မှန်ကန်သော လူမျိုးရေးတရား
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။
လူကြီးဆိုတာ ဘာလဲ
နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။
ဘယ်တော့မှ သစ္စာမဖောက်
နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။
စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ
နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။
ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။

Monday, July 9, 2012

http://www.scribd.com/doc/14144224/U-Razak-of-Burma

7 July အခမ်းအနားများ အကျဉ်းချုံးကျင်းပ



နယူးဒေလီ (မဇ္ဈိမ) ။ ။ 7 July အခမ်းအနားများ ကျင်းပခြင်း မပြုရန် အာဏာပိုင်များက တားမြစ်ထားသော်လည်း ခရိုင်အချို့တွင် ကြိုတင်ကျင်းပခဲ့ကြောင်း ဗကသ များအဖွဲ့ချုပ် အထက်ဗမာပြည် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောသည်။

“မန္တလေးက လုပ်ဖြစ်ပါမယ်။ အခုဟာက ဖိအားတွေများလာတယ်ဆိုတော့ မြင်းခြံ၊ မအူပင်၊ ဗန်းမော်၊ ရန်ကုန် ပခုက္ကူ၊ မုံရွာမှာလည်း တားတယ်။ မုံရွာက ၃ ရက်နေ့က ဆွမ်းကပ်တယ်။ အကျဉ်းချုံး ကျင်းပလိုက်တယ်။ ဒီကနေ့မှာတော့
ကျောက်ဆည်ခရိုင် မှာလုပ်ပါတယ်။” ဟုဆိုသည်။

ဆဲဗင်းဂျုလိုင် နှစ်ငါးဆယ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို
ကျောက်ဆည်မြို့ရှိ ရေဦးကျောင်းတိုက်တွင် ဗမာ နိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည် လုပ်ငန်းကော်မတီ) နှင့် နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ကျောက်ဆည်) တို့မှ ဇူလိုင် ၅ ရက်နေ့က ဦးစီးကျင်းပခဲ့သည် ဟု ကျောက်ဆည်ခရိုင် ဗကသ တာဝန်ရှိသူ တဦးက ပြောသည်။
7july
ကျောက်ဆည်မြို့ ရေဦးကျောင်းတိုက် ၌ 7 July နှစ် ၅၀ ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ရေစက်ချ တရားနာနေစဉ်။ (ဓါတ်ပုံ မဇ္ဈိမ)

“မနက် ၁၀ နာရီကစတယ်။ သမဂ္ဂအလံ အလေးပြုတယ်၊ ကျဆုံးတဲ့ကျောင်းသူ၊ ကျောင်းသားအပေါင်းကို အလေးပြု တယ်၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် တမိနစ်ငြိမ်သက်တယ်။ ပြီးတော့ တရားနာ၊ ရေစက်ချ အမျှဝေတယ်။ တရားနာ ပြီးတဲ့ အချိန်မှာ သံဃာတွေကို ဆွမ်းကပ်တယ်။” ဟု သူကဆိုသည်။

အခမ်းအနားသို့ သံဃာတော် အပါး ၃ဝ ကျော်၊ ကျောက်ဆည်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူ ၁၀၀ နီးပါး တက်ရောက်ခဲ့သည်။

အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း ဆရာတော်များ ဆွမ်းစားချိန်တွင် အာဏာပိုင်များ လာရောက်
မေးမြန်းမှုများ ပြုလုပ်တာကြောင့် သံဃာတော်များ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရကြောင်း သူက ဆက်ပြောသည်။

“ဒီပွဲကို ဘယ်သူဦးဆောင်လုပ်တာလဲ၊ ဘယ်သူတွေလုပ်တာလဲ၊ မန္တလေးက ဘယ်သူလာလဲ၊ ဘယ်က လူတွေ လာတက်သလဲ၊ ဘယ်နှစ်ယောက်လာသလဲ ဆိုတာတွေ လာမေးတယ်။ ကျောက်ဆည်က အာဏာပိုင်တွေပါပဲ။ နာမည်စာရင်းတွေ မှတ်သွားပါတယ်။” ဟု မဇ္စျိမသို့ ပြောသည်။

ဒေသအသီးသီးမှာ တားမြစ်မှုများရှိနေပြီး ကျင်းပမည့်နေရာများအား အာဏာပိုင်များက လက်မခံရန် လိုက်လံ ဖိအားပေးနေသော်လည်း ဗကသ များအဖွဲ့ချုပ်အနေဖြင့် 7 July နှစ် ၅၀ ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားများအား ဆက်လက် ကျင်းပမည် ဖြစ်သည်။

နယ်ချဲ့စံနစ်၊ တပါတီအာဏာရှင်စံနစ် ခေတ်အဆက်ဆက်တွင် ကျောင်းသားများ အသက်ပေးစတေးခဲ့ရပြီး
ကျောင်းသားသမဂ္ဂသည် တိုင်းပြည်အတွက် အလွန်အရေးကြီးကြောင်း ကိုရဲရင့်ကျော်က ဆက်ပြောသည်။

“အလွန်ထင်ရှားတဲ့ ကျေးဇူးက ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် သမဂ္ဂဥက္ကဋ္ဌ ဦးနုတို့၊ ကိုဗဟိန်းတို့၊ ကိုဘဆွေလေးတို့ ဒီပုဂ္ဂိုလ်တွေကြောင့် ကျနော်တို့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တာပါ။ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခဲ့ရတာပါ။ အဲလိုသာ မဟုတ်ရင် ကျနော်တို့ဟာ သူ့ကျွန်ဟာသူ့ကျွန်ပဲ။ ဒါတွေကို ပြန်ကြည့်ရင် နိုင်ငံရဲ့သမိုင်းမှာ သမဂ္ဂကို ဘယ်လိုမှ ချန်ထားလို့မရပါဘူး။ ကျောင်းသား သမဂ္ဂနဲ့ကင်းပြီးတော့ နိုင်ငံရေးပြောင်းလဲမှု လှုပ်ရှားမှု မရှိသလောက် ပါဘဲ” ဟု သူကပြောသည်။

ရန်ကုန်နှင့် မန္တလေးတိုင်း ထွေ/အုပ် ညွှန်မှူးများက ဗကသ များအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်များအား မှတ်ပုံတင်မထားသည့် အဖွဲ့မှ ဂေဇက်ဝင်နေ့ မဟုတ်သည့် 7 July ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်းကို ခွင့်မပြုနိုင်ကြောင်း ဇွန်လ အတွင်းက သတိပေးထားသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများကို ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရမှ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် ဇူလိုင်လ ၈ ရက်နေ့တွင် တကသ (ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ) အဆောက်အဦး ဗုံးခွဲဖျက်ဆီးခြင်း ခံခဲ့ရသည်။

Saturday, July 7, 2012

ဇူလိုင် ၇ ရက် အခမ်းအနား ၈၈ ရုံးချုပ်မှာကျင်းပ

နှစ် (၅၀) ပြည့် ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။


88 Generation Students Group
နှစ် (၅၀) ပြည့် ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၈၈ မျိုးဆက် ကျောင်းသားများ ရုံးချုပ်တွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ရ ရက်နေ့မှာ ကျင်းပနေစဉ်။
ဒီအခမ်းအနားမှာ ကျောင်းသားကျောင်းသူ တချို့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှု မရှိသေးဘူးဆိုရင် စစ်အစိုးရလက်ထက်ကလို လွန်ဆွဲမှုတွေ ပြန်လည် ဖြစ်ပေါ်လာနိုင်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

"ကျနော်တို့ကို အသုံးချခြင်း မချခြင်းဆိုတာ တိုင်းပြည် ဒီမိုကရေစီ တကယ်ရမှာလား။ လူ့ဂုဏ်သိက္ခာပြည့်ဝတဲ့ နိုင်ငံတော် ဖြစ်မှာလား။ နောက်မျိုးဆက်တွေအတွက် အာမခံ လုံခြုံတဲ့ တိုင်းပြည် ဖြစ်တယ်ဆိုရင် ကျနော်တို့ ဘာမဆို ပေးဆပ်ဖို့ အသင့်ပဲ။ အဲဒါတွေနဲ့ ဆန့်ကျင်မယ်ဆိုလို့ ရှိရင်တော့ ကျနော်တို့ သူတို့နဲ့ အားပြိုင် လွန်ဆွဲရမယ်။ ကျနော်တို့ အင်အားရှိသမျှ မှန်မှန်ကန်ကန် ပြုပြင်ပြောင်းလဲတဲ့သူတွေနဲ့ အတူ လွန်ဆွဲပွဲကြီးကို နောက်တကြိမ် ပြန်ပြီးတော့ ကျင်းပရပါလိမ့်မယ်။"

၈၈ ကျောင်းသား ခေါင်းဆောင်ကိုဌေးကြွယ် ကလည်း ဦးသိန်းစိန် အစိုးရ အနေနဲ့ ဒီမိုကရေစီကို အမှန်တကယ် တည်ဆောက်နေတယ် ဆိုရင် စစ်အစိုးရ လက်ထက်ကလို ခြိမ်းခြောက်မှု၊ မတရား ဖမ်းဆီးမှုတွေ မလုပ်ဆောင် သင့်တော့ကြောင်းနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောပါတယ်။

နှစ် ၅၀ ပြည့် ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပဖို့ စီစဉ်ခဲ့ကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်းနဲ့ မဖြိုးဖြိုးအောင်တို့ကို အာဏာပိုင်တွေက မနေ့ည ကတည်းက ဖမ်းဆီးထားဆဲ ဖြစ်ပြီး၊ ဒီကနေ့ ညပိုင်းမှာ ပြန်လွှတ်ပေးလိမ့်မယ်လို့ သတင်းတချို့ ထွက်ပေါ်နေပေမယ့် အာဏာပိုင်တွေရဲ့ တရားဝင် ပြောကြားမှုတော့ မရရှိသေးပါဖူး။

ဇူလိုင် ၇ ရက်နှစ်ပါတ်လည် အခမ်းအနား ကျင်းပဖို့ စီစဉ်မှုကြောင့် ရန်ကုန်မြို့မှာ ကျောင်းသားခေါင်းဆောင် (၄)ယောက်၊ မန္တလေးမြို့မှာ (၄)ယောက်၊ မြင်းခြံမြို့မှာ (၇) ယောက်၊ မုံရွာမြို့မှာ (၄) ယောက်၊ လားရှိုးမြို့မှာ (၃) ယောက်၊ စစ်ကိုင်းမြို့မှာ (၁) ယောက် စုစုပေါင်း ကျောင်းသားခေါင်းဆောင် (၂၃) ဦးကို မနေ့ညက အာဏာပိုင်တွေ ဖမ်းဆီးခဲ့တယ်လို့ ဗကသ ကျောင်းသားတွေက ပြောပါတယ်။ အခမ်းအနားကို NLD ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းတင်နဲ့ (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ စုစုပေါင်း လူအင်အား (၃၀၀) လောက် တက်ရောက်ခဲ့ပါတယ်။
နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အဖမ်းခံရသူတွေ ပြန်လွတ်လာပြီလို့ လည်း သိရပါတယ်။