Sunday, October 31, 2010

နေပြည်တော်တွင် တပ်အင်အား အများအပြားချ၊ ဆိုင်များ ည၉နာရီ ပိတ်ရန် ညွှန်ကြား

မိုးမခ အထောက်တော်၊ ရန်ကုန်

နိုဝင်ဘာ ၁၊ ၂၀၁၀

ယခုရက်ပိုင်းအတွင်း နေပြည်တော် ပျဉ်းမနား၊ လယ်ဝေး တ၀ိုက်တွင် စစ်တပ်အင်အား အများအပြားချထားပြီး မြို့နှင့် ရွာများမှ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ည ၉နာရီနောက်ဆုံးထားပြီး ပိတ်ကြရန် ညွှန်ကြားထားသည်ဟု နေပြည်တော်မှ လာသောသတင်းများ အရသိရသည်။

စစ်တပ်များအား ချထားသည့် ပုံစံမှာ ယခင်နှင့်မတူ ထူးခြားနေပြီး လက်ပတ်တံဆိပ်မတူသည့် စစ်သားများအား နေရာတခုအတွင်း နီးကပ်စွာ မြင်တွေ့နေရသဖြင့် အထက်မှ အမိန့်ပေးခြင်း မတူသည့် တပ်ရင်းများဖြစ်နိုင်သည်ဆိုသည့် မှန်းဆပြောဆိုမှုများလည်း ရှိနေပြီး စစ်ခေါင်းဆောင်အထက်ပိုင်းအား သစ္စာခံ မတူသည့် တပ်များဖြစ်နိုင်သည်ဆိုသည့် ပြောဆိုမှုများလည်း ထွက်ပေါ်လျက်ရှိသည်။

ယခုရက်အတွင်း စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ည ၉ နာရီ ပိတ်ခိုင်းသော်လည်း ရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုတွင် ညနေ ၆ နာရီ ပိတ်ခိုင်းမည့် သတင်းလည်းထွက်ပေါ်လျက်ရှိကာ၊ ညမတွက်ရ ကာဖျူးအမိန့်ထုတ်သကဲ့သို့ လူအသွားအလာ ခြောက်ကပ်နေသည်ဟုလည်း နေပြည်တော်တွင် နေထိုင်သူ တဦးကပြောသည်။

လယ်ဝေး ဘက်မှ ပျဉ်းမနားမြို့သို့ အ၀င်လမ်းကြောင်းများအားလုံးအား ကင်းချ စောင့်ကြည့်လျက်ရှိ ပြီးစစ်သားများအား ဟိုနားသည်နား အစုလိုက်တွေ့မြင်နေရသဖြင့် မြို့ခံလူထုမှာ စိုးရိမ်ထိတ်လန့်မှု ပိုမိုလာနေသည်ဟုလည်း မြို့ခံတဦးကပြောသည်။

လာမည့် အပတ် တနင်္ဂနွေတွင် ကျင်းပမည့် ရွေးကောက်ပွဲအား စစ်အစိုးရအား ကိုယ်စားပြုသည့် ကြံ့ဖွံ့ပါတီ အနိုင်ရရေးအတွက် နည်းအမျိုးမျိုးသုံးပြီး လုပ်ဆောင်နေသလို၊ အတိုက်အခံပါတီများ၏ စည်းရုံးရေး ခရီးစဉ်များအားလည်း အနှောက်အယှက်ပေးခြင်း သို့မဟုတ် နည်းဥပဒေ လုပ်ထုံးလုပ်နည်းများသုံးပြီး နှေးကွေး အလုပ်မဖြစ်အောင် လုပ်ဆောင်လျက်ရှိသည်ဟု အတိုက်အခံ ပါတီအင်အားစုများက ထုတ်ဖေါ်ပြောဆိုကြသည်။

NLD/LA နယ်သာလန်ပထမအကြိမ်ညီလာခံ သတင်းဓါတ်ပုံ

NLD-LA-NLD-30-10-2010

Saturday, October 30, 2010

ရွေးကောက်ပွဲနှင့်နိုင်ငံရေးအကျဉ်းသားများဆိုင်ရာ ရုပ်မြင်သံကြားသတင်

တက်ကြွလှုပ်ရှားသူ လူငယ်များ တောင်ဒဂုံမှာတားဆီးခံနေရတယ် သွားရောက်အားဖြည့်ကြပါ

ရွေးကောက်ပွဲမှာ မဲမပေးရေး စာရွက်တွေ လိုက်ဝေတဲ့သူ ၁၀၀ ကျော်ကို ရဲတွေက တားထားပြီး နာမည်စာရင်းတွေ ကောက်ယူနေတယ် လို့ သိရပါတယ်။

အန်အယ်လ်ဒီ လူငယ်တွေ နဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေ ပါဝင်တဲ့ အဲ့ဒီအဖွဲ့ဟာ ဒီနေ့မနက်ခင်းက တောင်ဒဂုံ၊ ရပ်ကွက် ၂၀ ကို ရောက်နေတဲ့အချိန်မှာ ရဲတွေရောက်လာပြီး စာရွက်တွေကို သိမ်း၊ ရှေ့ဆက်မသွားဖို့ တားပြီး အခုလို လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

တောင်ဒဂုံ ရပ်ကွက် ၂၀ အဝေရာ ၁ လမ်း၊ အိမ်အမှတ် ၁၉၄၀ (ခ) မှာလုပ်တဲ့ အန်အယ်လ်ဒီနဲ့ ပတ်သက်တဲ့ ရပ်ကွက်တွင်းက သက်ကြီးတွေကို ပူဇော်တဲ့ပွဲအပြီးမှာ သခင်ကိုယ်တော်မှိုင်း၊ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံတွေပါတဲ့ တီရှပ်အဖြူတွေဝတ်ပြီး စီတန်းလမ်းလျှောက်လာခဲ့တယ်။

အဲ့ဒီမှာ ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာထားတဲ့ နိုင်ငံသားတယောက်ဟာ မဲပေးပိုင်ခွင့်ရှိသလို မဲမပေးပဲလည်း နေထိုင်ခွင့်ရှိတဲ့ဆိုတဲ့စာတွေ ရိုက်နှိပ်ထားတဲ့ စာရွက်တွေကို ဝေတဲ့အခါ ရဲတွေက ၃ ယောက်တတန်းလျှောက်လို့ အမိန့်ပေးပြီး လူငယ်တွေရဲ့ နာမည်တွေကို ရေးမှတ်ကြတယ်လို့ ပါဝင်တဲ့ လူငယ်တဦးက ပြောပြပါတယ်။

အဲ့ဒီလို တားဆီးနေတဲ့ကြားက ဖောက်ထွက်လာတဲ့လူငယ်တချို့ဟာ မြောက်ဥက္ကလာ ဖက်ကို ဆက်သွားနေကြတယ်လို့ ပြောပြပါတယ်။

လူငယ်တချို့ကတော့ တောင်ဒဂုံမှာ တားဆီးခံနေရဆဲလို့ သိရပါတယ်။

Friday, October 29, 2010

အဲပုဂံကို မစီးရန် သပိတ်မှောက်

သန်းထိုက်ဦး Friday, 29 October 2010 13:34

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇ၏ အဲပုဂံ (Air Bagan) လေကြောင်းလိုင်းကို ခရီးသွားများအနေဖြင့် မစီးကြရန် မြန်မာ့အရေး လှုပ်ရှားနေသော နိုင်ငံခြားသားတချို့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အဲပုဂံ ရုံးခွဲရှေ့တွင် ယမန်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။


ဆန္ဒပြမှု စတင်သည်နှင့် အဲပုဂံရုံးခွဲ တံခါးများကို ပိတ်လိုက်သည် (ဓာတ်ပုံ - ဧရာဝတီ)
ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံနှင့် အဲပုဂံကို ဆန့်ကျင်ကြောင်း ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“ဒီ လေကြောင်းလိုင်းကို စီးတာဟာ မြန်မာစစ်အစိုးရကို ထောက်ပံ့နေတာနဲ့ အတူတူပဲ ဆိုတာကို ခရီးသည်တွေ နားလည်စေ ချင်ပါတယ်။ အဲပုဂံကို လုံးဝ မစီးပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလူက ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးတူ စီးပွားဖက်ဖြစ်နေလို့ပဲ” ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ အမျိုးသမီးတဦးက ပြောသည်။

ချင်းမိုင်မြို့တွင် အဲပုဂံရုံးခွဲ မရှိသင့်ကြောင်း တောင်းဆိုခဲ့ကြပြီး အဲပုဂံ လေကြောင်းလိုင်းအား ကန့်ကွက်သည့် စာရွက်စာတမ်းများကိုလည်း လူစည်ကားရာ ကားဂိတ်နှင့် ဈေးများတွင်လည်း လိုက်လံ ပေးကမ်းခဲ့ကြောင်း သိရသည်။

နိုင်ငံခြားသားများ၏ ဆန္ဒပြ ကန့်ကွက်မှုစတင်သည်နှင့် အဲပုဂံရုံး တံခါးများကို ချက်ချင်း ပိတ်လိုက်သည်ဟု သွားရောက်ကြည့်ရှုသူတဦးက ပြောသည်။

အဲပုဂံရုံးခွဲသို့ ဧရာဝတီက ယနေ့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ ဝန်ထမ်းတဦးက “ဆန္ဒပြတာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နေမှာပေါ့။ ကျနော်က ထိုင်းနိုင်ငံသားဆိုတော့ သိပ်တော့ မသိဘူး” ဟု ဖြေကြားသည်။

ယနေ့တွင် အဲပုဂံရုံးခွဲကို ပြန်လည် ဖွင့်လှစ်ထားကြောင်းလည်း သိရသည်။

အဲပုဂံ လေကြောင်းလိုင်းသည် ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို တပတ်လျှင် ၂ ကြိမ်နှုန်းဖြင့် ကြာသပတေးနှင့် တနင်္ဂနွေနေ့တို့တွင် ပြေးဆွဲနေကြောင်း၊ မြန်မာနိုင်ငံမှ ချင်းမိုင်သို့ လာရောက်သူများထဲတွင် အလည်အပတ် ခရီးထွက်သူများ၊ စီးပွားရေးသမားများ၊ ကျောင်းသူကျောင်းသားများ၊ ရဟန်းသံဃာများ ပါဝင်ကြောင်း သိရသည်။

သက်တမ်း ၅ နှစ်ကျော်လာပြီ ဖြစ်သည့် အဲပုဂံ လေကြောင်းလိုင်းသည် ယခုအခါ မြန်မာပြည်တွင်း ၁၆ မြို့နှင့် ပြည်ပတွင် အာရှ ၇ နိုင်ငံသို့ ပြေးဆွဲနေသည်။

အဲပုဂံတွင် စုစုပေါင်း လေယာဉ် ၈ စီး ရှိပြီး လေယာဉ် အမျိုးအစား များမှာ A310 ၂ စီး၊ F-100 ၂ စီး၊ ATR-72 ၂ စီး၊ ATR-42 ၂ စီးတို့ ဖြစ်သည်ဟု အဲပုဂံ၏ ဖေဖော်ဝါရီလထုတ် Lotus စာစောင်တွင် ဖော်ပြထားသည်။

ယခင်ကလည်း ချင်းမိုင်မြို့သို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)၊ အဲမန္တလေး (Air Mandalay) စသည့် ပုဂ္ဂလိက လေကြောင်းလိုင်းများ ပြေးဆွဲခဲ့ဖူးသည်။ အဲမန္တလေးက ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို ရပ်နားခဲ့သည်။

အဲပုဂံရုံးခွဲရှေ့ ဆန္ဒပြပွဲ ရုပ်သံဖိုင် (အဲပုဂံ ဆန္ဒပြခံရ) ကြည့်ရှုရန်

CoI ဖွဲ့စည်းရေး အမေရိကန် ဖိအား ထပ်ပေးမည်

ဧရာဝတီ Friday, 29 October 2010 16:48


မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရေးအတွက် အမေရိကန် အစိုးရက ဆက်လက် ဖိအားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း၊ ဟိုနိုလူလူမြို့တွင် အမေရိကန်-အာရှ ပစိဖိတ် ဆက်ဆံရေးဆိုင်ရာ နိုင်ငံခြားရေး မူဝါဒကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ပြောနေစဉ် (ဓာတ်ပုံ - Reuters)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က “မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို CoI ဖွဲ့စည်းပြီး စစ်ဆေးဖို့အတွက် ကျမတို့ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ရော၊ ကုလသမဂ္ဂနဲ့ရော ပူးပေါင်းပြီး လုပ်ဆောင်နေတယ်ဆိုတာကို ကျမ ပြောချင်ပါတယ်” ဟု ယမန်နေ့က ပြောဆိုသည်။

အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း၊ ဟိုနိုလူလူမြို့တွင် အမေရိကန်-အာရှ ပစိဖိတ် ဆက်ဆံရေးဆိုင်ရာ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ ဟောပြောစဉ် ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။

“မကြာခင်မှာပဲ အပြစ်အနာအဆာများတဲ့ ရွေးကောက်ပွဲတခုကို မြန်မာပြည်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ကျမတို့ သိသလောက်ကတော့ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲဆိုတာထက် အများကြီး ပိုပါတယ်။ မြန်မာ့ ခေါင်းဆောင်တွေကို သူတို့ရဲ့ မူဝါဒဟောင်းကြီးတွေကနေ လမ်းခွဲထွက်ရမယ်လို့ ကျမ ပြောချင်ပါတယ်” ဟု မစ္စ ကလင်တန်က ပြောသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပနေသည့် အာဆီယံ အစည်းအဝေးတွင်လည်း မစ္စ ကလင်တန်က အာဆီယံ ထိပ်သီးခေါင်းဆောင်များနှင့် မြန်မာ့အရေးကို ဆွေးနွေးမည်ဟု သိရှိရသည်။

အာဆီယံ အစည်းအဝေးကို ယမန်နေ့က စတင်ခဲ့ပြီး ယခုလ ၃၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ယမန်နေ့က ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းပြောဆိုချက်အပြီးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ပီဂျေ ခရော်လေက စစ်အစိုးရ၏ ယင်းလုပ်ရပ်သည် သူရဲဘောကြောင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်ဖျားလိုက်ခြင်းဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုသည်။

ယမန်နေ့တွင် အာဆီယံ ထိပ်သီးခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲ မတိုင်မီလွှတ်ပေးရန် ဦးဉာဏ်ဝင်းကို ဖိအားပေးပြောဆိုကြကြောင်း ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး ကဆစ်ပီရုမ်းက The Nation သတင်းစာသို့ ပြောဆိုထားသည်။

ယင်းသို့ ဖိအားပေးပြောဆိုသည့် အပေါ်တွင်လည်း ဦးဉာဏ်ဝင်းက တစုံတရာ တုံ့ပြန်ခြင်း မရှိကြောင်းလည်း သိရသည်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလို၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်စဝမ် တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အချိန်ကျရောက် နေပြီဖြစ်ကြောင်း၊ ဆက်လက် ဖမ်းဆီးထားရန်အကြောင်း မရှိကြောင်း ပြောသည်ဟု အေပီသတင်းဌာနတွင် ဖော်ပြထားသည်။

ရန်ကုန်တွင် မဲမပေးလိုသူ ၇၀ ရာခိုင်နှုန်းရှိ

နရီလင်းလက် Friday, 29 October 2010 17:58


မကြာသေးမီက ကောက်ယူထားသော လူထုစစ်တမ်းအရ ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည့် ရွေးကောက်ပွဲတွင် မဲမပေးလိုသူ ၇၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရသည်။

ဆန္ဒမဲပေးရန် အမည်စာရင်းကို သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်ရုံးများတွင် ဖော်ပြပေးထားသော်လည်း အမည်စာရင်း လာကြည့်သူ ၅ ဦးထက်မပိုကြောင်း အနောက်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ဝင် တဦးကပြောသည်။

၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ မဲဆွယ်မှုအတွင်း အဆိုပါ ပါတီ၏ ပိုစတာတခုကို ဝယ်ယူရန် ကြည့်ရှုနေသည့် အမျိုးသမီးတဦး (ဓာတ်ပုံ - AP)

အဆိုပါ ရလဒ်မှာ မဲမပေးရေး ဆန့်ကျင်မှုလုပ်ရပ်များကြောင့်မဟုတ်ဘဲ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် ပြည်သူလူထုကိုယ်တိုင် စိတ်ပါဝင်စားမှု မရှိခြင်းအားပြသခြင်းသာဖြစ်ကြောင်း လေ့လာသူများက ဝေဖန် ပြောဆို နေကြသည်။

“ကျေးလက်တောရွာတွေမှာ မဲပေးမယ့်သူက ရာခိုင်နှုန်း တော်တော်များများရှိတယ်။ အဓိက မြို့ကြီးတွေမှာ ကျတော့ ရွေးကောက်ပွဲ အသိပညာနဲ့ ထိတွေ့မှုရှိနေတော့ ကိုယ်ကြိုက်တဲ့ပါတီတခုကို မဲထည့်လိုက်လို့ ရွေးကောက်ပွဲပြီးသွားလည်း စစ်အစိုးရဖွဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ပဲ အနိုင်ရမှာ သိနေတော့ သွားထည့်ဖို့ စိတ်မ၀င်စားကြဘူး” ဟုအလုံ မြို့နယ် ရပ်ကွက် ကော်မရှင် အဖွဲ့ဝင်တဦးက ပြောသည်။

မြို့ပြတွင် မဲမပေးလိုသည့် လူထု ၇၀ ရာခိုင်နှုန်းခန့်နှင့် အပြောင်းအလဲဖြစ်လာမလားဟု မျှော်လင့်ကာ မဲပေးလိုသည့် လူထု ၃၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သူက ရှင်းပြသည်။

စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲသည် ပြောင်းလဲမှု တစုံတရာ ဖြစ်လာမည် ဟု မျှော်လင့်ချက်မရှိသောကြောင့် မဲသွား ပေးမည်မဟုတ်ဟု ဆေးဝါးသုတေသနဌာနမှ ဆရာဝန်ဦးက ပြောသည်။

“အခုလောလောဆယ် ကြံ့ဖွံ့က အင်အားအကောင်းဆုံး ဖြစ်နေတာက တပိုင်း၊ တကယ်လို့များ လွှတ်တော်မှာ တခြားပါတီတခုကလည်း အပြိုင် အနိုင်ရခဲ့ရင်ရော တကယ် အဲဒီပါတီကို အုပ်ချုပ်ခွင့် ပေးမှာလားဆိုတာ ဘယ်သူမှ မယုံဘူး။ ဒါကြောင့်လည်း အပြောင်းအလဲဖြစ်မလာမယ့် အရေးကို မဲမထည့်ချင်ဘူး” ဟု သူက ဆိုသည်။

မဲပေးလိုသည့် လူထု ၃၀ ရာခိုင်နှုန်းခန့်တွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည ပါတီ) တို့အား မဲပေးလိုမှု များကြောင်း သိရသည်။

“ကြံ့ဖွံ့ပါတီကတော့ လုံးဝ မဲမပေးဘူး။ ကျန်တဲ့ ပါတီထဲက စဉ်းစားရမယ်ဆိုရင် ကြံ့ဖွံ့ကို အပြိုင်နိုင်ဆုံးက NDF ပဲရှိတော့ NDF ကိုမဲထည့်မယ်။ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့နိုင်မယ် ဆိုတာ သိပေမယ့် တမဲ ထည့်လိုက်ရတယ်၊ စစ်အစိုးရပါတီ မဟုတ်ဘူး ဆိုတဲ့ စိတ်နဲ့ ကိုယ့်တမဲက သူတို့အတွက် ဆန့်ကျင်လိုက်ရတယ် ဆိုတာမျိုးနဲ့ ကျေနပ်ရတာပေါ့” ဟု ပညာရေး တက္ကသိုလ် ဘွဲ့လွန် ကျောင်းသားတဦးက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ သဘောထားအမှန်ကောက်ယူမှုအရ NLD ပါတီ အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာကို ဆက်လက်ယူထားခဲ့ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထု ထောက်ခံမှု မရှိခဲ့သော်လည်း နည်းလမ်းမျိုးစုံ အသုံးပြု၍ ထောက်ခံမှု ရယူခဲ့သည့် သာဓကများ ရှိခဲ့ခြင်း တို့ကြောင့် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် တစုံတရာ ပြောင်းလဲမှုဖြစ်နိုင်ဖွယ်ရာမရှိသည့်အတွက် မဲပေးလိုမှု စိတ်ဆန္ဒ မရှိကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တစောင်မှ သတင်းထောက်တဦးက ဆိုသည်။

“ပြည်သူလူထု မဲမပေးချင်တဲ့အချက်ထဲမှာ ပါတီတွေကနေ ရွေးကောက်ပွဲကို မထောက်ခံဖို့၊ မဲမပေးဖို့ လှုပ်ရှားမှုတွေကြောင့် မဟုတ်ဘူး။ မြန်မာပြည်သူလူထုက နိုင်ငံရေးနဲ့ ပတ်သက်ပြီး အလှမ်းဝေးအောင်၊ စိတ်မ၀င်စားအောင် စစ်အစိုးရက လုပ်ထား တဲ့ အချက်တွေကြောင့်လည်း ပါတယ်။ နိုင်ငံရေး အသိပညာ ချို့တဲ့တဲ့ လူတွေကျတော့ နိုင်ငံရေး၊ ပါတီ ဆိုတဲ့အသံကြားတာနဲ့ ထောင်ကိုပဲ ပြေးမြင်တာ။ နောက်တခုက စီးပွားရေးပေါ့။ တဘက်မှာ ကိုယ့်စားဝတ်နေရေးအတွက် လှုပ်ရှား ရုန်းကန် နေရတော့ စိတ်မ၀င်စားတော့ဘူး” ဟု သူက ဆက်ပြောသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီများထဲ၌ ကြိုက်နှစ်သက်သည့် ပါတီတခုမှ မပါဝင်သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နှစ်သက်မှုမရှိခြင်းကြောင့် ယခု ကျင်းပသည့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြောင်း ဒဂုံ တက္ကသိုလ် သမိုင်းဌာနမှ နည်းပြဆရာ တဦးက ပြောသည်။

“အခု ကြည့်လိုက်ရင် ကြံ့ဖွံ့ ပါတီက လွဲပြီး သူနဲ့ ယှဉ်မယ့် ပါတီတွေကရော အားကိုးရပါ့မလား ဆိုတာမျိုး မေးစရာရှိလာတယ်။ တစည ပါတီကလည်း မဆလ ကနေ ပေါက်ဖွားလာတာ။ NDF ဆိုတာကလည်း ဒေါ်စုက ရွေးကောက်ပွဲ မ၀င်ဘူးလို့ ပြော လိုက်တဲ့အချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ခွဲထွက်သွားတဲ့ ပါတီတခုလို့ မြင်တယ်။ ဒီတော့ ဘယ်ပါတီကိုမှ မဲမပေးချင်ဘူး” ဟု သူက ရှင်းပြသည်။

အနုပညာအလုပ်နှင့် စီးပွားရေးလုပ်ငန်းကိုသာ အာရုံစိုက်နေရသောကြောင့် ရွေးကောက်ပွဲနှင့် ပါတီများကို စိတ်မ၀င်စား နိုင်ကြောင်း ၀ါရင့် အနုပညာရှင်အမျိုးသမီးတဦးက ပြောသည်။

“ပါတီတွေ ရှိတယ်လို့ ကြားတယ်။ ဒါပေမယ့် အဲဒီဘက်ကို အမှန်အတိုင်းပြောရရင်စိတ်မ၀င်စားဘူး။ ရွေးကောက်ပွဲ လုပ်မယ် မဲထည့်ရမယ်ဆိုတာတော့ သိတယ်။ ဘယ်သူ့ ထည့်ရမယ်မသိဘူး။ ဘယ်သူတက်တက် ကိုယ့်ဘာသာကိုယ်ပဲ ရှာစားရမှာ ဆိုတော့ စိတ်လည်းမ၀င်စားဘူး။ ခု ရုပ်ရှင်ကားတခု အတွက် နိုင်ငံခြားမှာ အသံထည့်တာတို့ အဲဒီလိုမျိုးတွေလုပ်ဖို့ ကိုယ့်စီးပွားရေးအတွက်ပဲ ခေါင်းထဲမှာရှိတယ်” သူက ဆိုသည်။

လက်ရှိ ကြံ့ဖွံ့ပါတီသည် ပါတီဝင် အင်အား ၁၆ သန်းမှ ၁၈ သန်းကြားတွင်ရှိသည်ဟု ထုတ်ပြန်ထားပြီး၊ ကြံ့ဖွံ့ပါတီကို ထောက်ခံ သည့် မဲဆန္ဒများကိုလည်း နည်းလမ်းမျိုးစုံအသုံးပြု ရယူနေသော်လည်း အမှန်တကယ်တွင်မူ ရွေးကောက်ပွဲကို စိတ်ပါ ၀င်စားသည့် လူထု နည်းနေကြောင်း ရွေးကောက်ပွဲ လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်အမှု နေပြည်တော်တွင် ကြားနာ

မင်းနိုင်သူ Friday, 29 October 2010 18:06

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအမှုကို နေပြည်တော်ရှိ တရားရုံးချုပ်က ယနေ့ လက်ခံကြားနာ စစ်ဆေး ခဲ့သည်။


၂၀၀၇ ခု အောက်တိုဘာ ၆ ရက်က အမေရိကန် နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာ သံရုံးအပြင်ဘက်တွင် မြန်မာ့အရေး လှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို သံတိုင်အနောက်တွင် ထားပြီး သရုပ်ဖော် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - Getty Images)
ယနေ့ တရားရုံးချုပ် ကြားနာမှုနှင့် စပ်လျဉ်း၍ NLD ဒုဥက္ကဌ ဦးတင်ဦးက “ဒီနေ့ မနက် ၁၀ နာရီတိတိမှာပဲ တရားသူကြီးချုပ် ဦးအောင်တိုး အပါအ၀င် တရားသူကြီး ၃ ဦးပါ အဖွဲ့က အမှုကို စတင် ကြားနာပါတယ်။ ဒီဘက်က ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့က အယူခံလျှောက်လဲချက်ပေးပြီး တဘက်ရှေ့နေကလည်း လျှောက်လဲချက်ပေးပါတယ်။ လိုက်ပါသွားကြတဲ့ ပါတီဝင်တွေကိုလည်း တရားရုံးချုပ်က ၀င်ရောက် နားထောင်ခွင့်ပြုခဲ့ပါတယ်။ နေ့လည် ၁ နာရီလောက်မှာ သူတို့ နှစ်ဘက် လျှောက်လဲချက် ပေးပြီးပြီလို့ သိရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ ကြားနာမှုသည် နေအိမ်အကျယ်ချုပ် အယူခံအတွက် နောက်ဆုံးတရားခွင်ဖြစ်ခဲ့ပြီး မည်ကဲ့သို့ ဆုံးဖြတ်သည်ကိုမူ တရားရုံးချုပ်က ချက်ခြင်းမထုတ်ပြန်သေးပေ။

“ဒီလိုကိစ္စမျိုးက ချက်ခြင်း ဆုံးဖြတ်ချက်ချလေ့မရှိပါဘူး။ သူတို့ နှစ်ဘက် လျှောက်လဲချက်တွေအပေါ် စဉ်းစား ဆုံးဖြတ်ပြီးမှ တရားရုံးချုပ်တွေမှာ ထုတ်ပြန်ပါလိမ့်မယ်။ အဲဒါကို ကျနော်တို့က စောင့်ကြည့်ကြရမှာပါ။ ဒီတပတ် သောကြာနေ့မှာ ကြားနာတဲ့ အမှုကို နောက်တပတ် သောကြာမတိုင်မီမှာ ထုတ်ပြန်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါက ကျနော့်ထင်မြင်ချက်ပါ” ဟု ဦးတင်ဦးက ဆိုသည်။

နေအိမ်အကျယ်ချုပ်လျှောက်လဲချက် ပေးခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများသည် ယနေ့ ရန်ကုန်သို့ ပြန်လာနေကြဆဲ ဖြစ်သဖြင့် မည်ကဲ့သို့ လျှောက်လဲချက်ပေးခဲ့ကြသည်ကိုမူ မသိရသေးပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၂ ခုနှစ် မေလက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် နိုင်ငံအနှံ့ ခရီးထွက်ပြီး လူထု တရားပွဲများကို ကျင်းပခဲ့ရာ ၂၀၀၃ ခုနှစ် မေလ၌ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံပြုထား သူများက တားဆီး ရိုက်နှက်ပြီးနောက်ပိုင်း နေအိမ် အကျယ်ချုပ် ချမှတ်ခံခဲ့ရသည်။

နေအိမ်အကျယ်ချုပ်ဖြင့် နေရစဉ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောက ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် ဝင်ရောက်ခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခံခဲ့ရသည်။ ထို့နောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ သို့ လျှော့ချခဲ့သည်။

အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၄ ရက်တွင် ရန်ကုန်တိုင်း တရားရုံးသို့ တင်သွင်းရာ လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံခဲ့ရသည်။

ထို့နောက် တရားရုံးချုပ် (ရန်ကုန်) က ယခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ပြန်လည် လက်ခံကြားနာခဲ့ပြီး နေပြည်တော် တရားရုံးချုပ်တွင် ဆက်လက်ကြားနာရန် ဆုံးဖြတ်ပေးခဲ့သည်။

နေပြည်တော်တရားရုံးချုပ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမိန့်ဖြင့် ချထားသော နေအိမ်အကျယ်ချုပ် ၁၈ လ ပြည့်ရန် ၁၅ ရက် အလိုတွင် လက်ခံ ကြားနာခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။

၈၈မျိုးဆက်ကျောင်းသားများ(ပြည်ပ)၏ ကြေညာချက်

88 Generation STUDENTS Statement for Boycott[1]

စစ်အာဏာရှင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှုကော်မတီ၏ ပြည်သူသို့အထူးနှိုးဆော်ချက်

Campaign Letter for 2010 Eletion

Thursday, October 28, 2010

ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင်ငံရေး မဟာဗျုဟာများ..

ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင်ငံရေး မဟာဗျုဟာများ..


ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင်ငံရေး မဟာဗျုဟာများ
(တော်လှန်ရေး အောင်မြင်ရေး လမ်းညွန်ချက်များ)
အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တော်လှန်ရေး အောင်မြင်ရေး လမ်းညွန်ချက်များကို ဗိုလ်ချုပ်ရေးသားခဲ့သော “ကမ္ဘာစစ်နှင့် ဗမာ” ဆောင်းပါးတွင်ပါသော ဗမာ့ထွတ်ရပ်ဂိုဏ်း ၏ လုပ်ငန်းစဉ် အပိုင်းမှ ကောက်နုတ်ဖော်ပြပါသည်။ ယနေ့ ဗမာတမျိုးသားလုံး ရင်ဆိုင်ကြုံတွေ့နေရသော ဖတ်ဆစ်စနစ် ထက်ဆိုးသော စစ်အာဏာရှင်စနစ် အောက်မှ လွတ်မြောက်ရေးတိုက်ပွဲ အတွက် တဖက်တလမ်းမှ အကျိုးရှိစေခြင်းငှာ ရှာဖွေတင်ပြရခြင်းဖြစ်ပါတယ်။



သဘောထားချင်းတူသော မည်သည့်နိုင်ငံရေးဂိုဏ်း၊ မည်သည့် အခြားအဖွဲ့အသင်း နှင့်မဆို လမ်းအတူတူ၊ အလုပ်အတူတူလုပ်ရန် အသင့်ရှိရမည်။


တိုင်းသူပြည်သားများ၏ ပိုမိုနိုးကြားမှု၊ လွပ်လပ်ရေးစိတ် ထက်သန်မှုတို့အတွက် အပြင်းအထန် အားထုတ်ရန်လိုသည်။
တိုင်းသူပြည်သား အများအား နေ့စဉ် တာဝန်ခံ၊ ညွှန်ကြားဆောင်ရွတ်မည့် ခေါင်းဆောင်များ ပေါ်ပေါက်လာရန် လိုသည်။

တိုင်းပြည်လွတ်လပ်ရေးအတွက် အချိန်အလိုက် ဆောင်ရွတ်နိုင်စေမည့် ငွေကြေး တောင့်တင်းမှုကို ရရှိရန် လိုလေသည်။
အစည်းအရုံးဝင်များ များပြားလာအောင် ဆောင်ရွက်ခြင်း၊ဗမာ့လက်ရုံးတပ်များ တည်ထောင်၍ လေ့ကျင့်ခြင်း၊

နိုင်ငံရေးပညာသင်တန်းများ ဖွင့်လှစ်ခြင်း၊

ဆွေးနွေးပွဲများ ကျင်းပခြင်း၊
ငွေကြေးစုဆောင်းခြင်း၊
နိုင်ငံခြားတွင် ဝါဒဖြန့်ဖြူးခြင်း။
အပြောစခန်းမှ အလုပ်စခန်းသို့ အရောက်သွားရမည်။

မည်သည့်ကိစ္စကိုမှ ဆောင်ရွတ်သည်ဖြစ်စေ၊ ပယောဂထုတ်ရုံနှင့်မရ၊ ဒေသအားဖြင့်လည်းကောင်း၊ ကာယအားဖြင့်လည်းကောင်း၊ သင့်မြတ်မှလည်း အောင်မြင်နိုင်မည်။


လူ ပယောဂလည်း ပါရမည်။ ဒေသအားဖြင့်လည်း သင့်မြတ်ရမည်။ အချိန်အားဖြင့်လည်း ကောင်းရမည်။ လွတ်လပ်ရေးလိုကြောင်း သို့အတွက် အရေးဆိုပြီဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ဝါဒဖြန့်ရမည်၊ စည်းရုံးရမည်။ဝါဒဖြန့်စဉ် တိုင်းပြည်လွတ်လပ်ရေးအတွက် လိုအပ်သော နိုင်ငံရေး ညီညွတ်မှုကို ရရှိရန် ကြိုးစားရမည်။ နိုင်ငံရေး ညီညွတ်မှု ဆိုသည်မှာ ခေါင်းဆောင်ဆိုသူများ ညီညွတ်ရေးဟု အတပ်မဆိုသာ။


အရေးတော်ပုံ အတွက် ဓါတ်စာကျသော အလုပ်သမား၊ ကျောင်းသား၊ အမျိုးသမီး၊ ကုန်သည်၊ စာရေးစာချီ။ လယ်လုပ်လယ်သီးစား၊ လယ်ကူလီများ၊ ရှမ်း-ချင်း-ကချင်-ကရင်- ချင်းတောင်များ နယ်များရှိ ဆင်းရဲသားလူထုများ အားလုံး ညီညွတ်မှု၊ သွေးစည်းမှုကို ဆိုလိုသည်။


ဝါဒဖြန့်ရင်း နိုင်ငံရေးညီညွတ်ရေး ရရှိမှု ကြိုးစားရင်း မြို့ရွာဒေသ အလျောက်လည်းကောင်း၊ လယ်သမား ‘ဗမာပြည်တွင် အရေးကြီးဆုံးဖြစ်သည်’ အလုပ်သမားစသည့် အမျိုးအစား အလျောက်လည်းကောင်း၊ ပေါ်ပေါက်နေသော လက်ငင်းကိစ္စကလေးများမှ ဆူပူလှုံ့ဆော်၍ တိုင်းပြည်ရှိ လူထုအင်အားများကို လွတ်လပ်ရေးတိုက်ပွဲအတွက် စစ်အင်ကျင်း၍ အပြင်းစစ်ပြင်ရပေမည်။
ပေါ်ပေါက်နေသော လက်ငင်းကိစ္စကလေးများမှ ဆူပူလှုံ့ဆော်၍ တိုင်းပြည်ရှိ လူထု အင်အားများကို လွတ်လပ်ရေးတိုက်ပွဲအတွက် စစ်အင်ကျင်း၍ အပြင်းစစ်ပြင်ရပေမည်။


အစဉ်တစိုက် သဲသဲမဲမဲ လုပ်ငန်းများချ၍ ဆောင်ရွတ်ပါက ပန်းတိုင်ရောက်မည်။

ပန်းတိုင် မရောက်သည့်တိုင်အောင် ဗမာများ မညံ့လွန်းလှလျှင် အကြီးအကျယ် နိုင်ငံရေးအဆင့်အတန်း တိုးတက်ရန် အကြောင်းရှိသည်။
တိုးခဲ့သောပွဲမှ သင်ခန်းစာ အမျိုးမျိုးရပေမည်။ ထိုအခါ နောက်ထပ် လွတ်လပ်ရေးတိုက်ပွဲအတွက် မခဲယဉ်းတော့ပြီ။


ကျောင်းသားလူငယ်များ အကူအညီဖြင့် တိုင်းပြည်အနှံ့ လွတ်လပ်ရေးတရား၊ လက်နက်ဥပဒေ ပယ်ဖျက်ရေးတရား၊ ကမ္ဘာ့အဖြစ်အပျက်အမှန်များတို့ကို အဓိကထား၍ ဝါဒဖြန့်ခြင်း၊
ဗမာ့လက်ရုံးတပ် စသော အပျော်တမ်းတပ်များ ထောင်ခြင်း၊
တို့ဗမာအစည်းအရုံး အသင်းသားစုဆောင်းခြင်း၊
တရုတ်ပြည် အိန္ဒိယပြည်၊ ဘိလပ် စသော တိုင်းနိုင်ငံများအား လူကိုယ်တိုင်သော်လည်းကောင်း၊ စာအားဖြင့်သော်လည်းကောင်း ဝါဒဖြန့်ခြင်း၊
ဗမာပြည်အကြောင်း စာအုပ်စာတမ်း ရိုက်ဝေခြင်း၊
တတိုင်းတနိုင်ငံလုံး၏ အင်အားကိုယူသောအားဖြင့် ပြည်လုံးကျွတ်နိုင်ငံရေး အစည်းအဝေးကြီးကျင်းပခြင်း၊
အမျိုးသားသတင်း စသည်များပြုလုပ်ခြင်း၊
ပြည်သူ့ဆန္ဒများ ကောက်ယူခြင်း။
ယခုအခါ နိုင်ငံရေးလုပ်ငန်းမှာ ရှေးကအချိန်မျိုး မဟုတ်သဖြင့် ဗမာမှန်သမျှ ဗမာပြည်သူပြည်သားမှန်သမျှအား နှိုးဆော်တိုက်တွန်းခြင်း၊
တိုင်းစိတ်ပြည်စိတ်ကို မွေးစေခြင်း၊
ဂိုဏ်းစိတ် ဂဏစိတ်များကို မိမိတို့က ခေါင်းဆောင်၍ ဖျောက်ဖျက်ခြင်း၊
အလုပ်သမား၊ လယ်သမား၊ ကျောင်းသား သွေးစည်းမှုများ၊ ရှမ်း-ကရင်-ကချင်-ချင်း အစရှိသည်တို့နှင့် တသွေးတစိတ်တည်း ရှိမှုတို့အတွက် ကြိုးစားခြင်း၊
တိုင်းရင်းသားများ၊ အောက်တန်းစားများ၊ အစိုးရအရာရှိ အမှုထမ်းများ အားလုံးအား လွတ်လပ်ရေးသည် ၎င်းတို့အတွက်ပါ ဖြစ်သည်ဟု သိစေခြင်း။
ပြိုင်တူ ပေါ်ပေါက်လာသော အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ဈေးသူဈေးသား အခွန်ထမ်း အစရှိသော ကိစ္စများနှင့် ပတ်သတ်၍ အရေးတော်ပုံကလေးများကို အမှီပြု၍ လွတ်လပ်ရေးအကြောင်း၊ အုပ်ချုပ်ရေးအကြောင်း၊ စစ်အကြောင်း၊ လက်နက်ဥပဒေ ပယ်ဖျက်ရန်အကြောင်း အမြဲဝါဒဖြန့်ရမည်။

ထိုအရေးတော်ပုံကလေးများသည် လာမည့်အရေးတော်ပုံကြီး၏ ရှေ့ပြေးမျှသာဖြစ်ကြောင်း တိုင်းသူပြည်သားများ၏ဆိုင်ရာ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ နိုင်ငံရေးဆောင်းဆိုချက် အရပ်ရပ်မှာ လွတ်လပ်ရေးအပေါ်တည်ကြောင်းကို တိုင်းပြည်အား သိစေရမည်။


လွတ်လပ်ရေးဆိုသည်မှာ လွှတ်တော်အတွင်းတွင် အဆိုသွင်းရုံနှင့်မရ၊ လွှတ်တော်အဆိုမှာ ဝါဒဖြန့်ရုံလောက်သာ ရှိသည်။
လွတ်လပ်ရေးဆိုသည်မှာ လွှတ်တော်အတွင်းတွင် အဆိုသွင်းရုံနှင့်မရ၊ လွှတ်တော်အဆိုမှာ ဝါဒဖြန့်ရုံလောက်သာ ရှိသည်။ အလုပ်လုပ်ရပေမည်။ လုပ်မှရမည်။ အိပ်နေ၍မရ။ တဦးတည်းဗိုလ်၊ တဦးတည်းနောက်လိုက် လုပ်၍မရ။ မဲဝယ်၍မရ။ ရာထူး လိုက်နေ၍မရ။ အော်ရုံဖြင့်မရ။ အနစ်နာခံ၊ အဆင်းရဲခံ။ အပင်ပန်းခံ၊ အစတေးခံကြမှရမည်။ သို့သော် ဆောင်ရွတ်လျှင် ငါတို့သည် အောင်ပန်းကိုမချွတ် လက်လှမ်းနိုင်မည်။


လူတို့၏ဝတ္တရားကား ဤဓနရှင်စနစ်အကြောင်း အကျိုးတရားများကို လေ့လာပြီးလျှင် အချိန်ကျလျှင် အသင့်ဖြစ်စေရန် စီမံထားရန်ပင်ဖြစ်သည်။

လွတ်လပ်ရေး တိုက်ပွဲအတွက် ပြင်ဆင်ရာ၌ လူမျိုးအချင်းချင်း၊ လူတန်းစားအချင်းချင်း၊ မကွဲထိုက်သင့်အချိန်တွင့် မကွဲထိုက်သူများနှင့် မကွဲကွဲအောင် လုပ်တတ်သော နယ်ချဲ့စနစ်၏ ပရိယာယ်ကို သတိပြုရမည်။

ရှေ့လောခြင်း၊ စစ်မရောက်ခင် မြှားကုန်ခြင်း၊ စစ်မဖြစ်ခင်က အရှုံးပေးလိုခြင်း စသော အပြုအမှုများကိုရှောင်ရမည်။
ငါတို့၏ အောင်ပွဲကား အသေအချာပင်ဟု ယုံကြည်စိတ်ထားရမည်။



အချိန်ကောင်း၊ အခြေအနေကောင်းတွင် လွတ်လပ်ရေးအတွက် အပြင်းအထန် အားထုတ်ကြရမည်။
ကျောင်းသားတစ်ဦး (ဘလော့ခ်ဂါ အလင်းဆက်) မှ တွေးဆ၊ ရှာဖွေ၊ ရေးသား တင်ပြခြင်း ဖြစ်သည်။

စစ်အာဏာရှင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှုကော်မတီ၏ ပို့စတာလှုပ်ရှားမှု

Fight for Election Support for Pinlong Comfren

Wednesday, October 27, 2010

ပြည်ထောင်စုတပ်မတော်အဖြစ် တာဝန်ထမ်းဆောင်ရန်အသင့်

ဒို့အနာဂါတ်ကိုဒို့ကာကွယ်ကြစို့

Pinpet Burmese for Web

သမိုင်းဆိုတာ ရုန်းကန်သူတွေကသာ ပြောင်းလဲနိုင်တာမို့

Ghost

ဂီရိလေဘေး အမေရိကန်က ဒေါ်လာတသိန်းဖိုးကူ

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဂီရိဆိုင်ကလုန်းဒဏ်သင့် ရခိုင်ပြည်နယ်သားများကို အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၁ သိန်းဖိုး ထောက်ပံ့မည်ဟု ရန်ကုန် အမေရိကန်သံရုံးက ဆိုသည်။

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ “USAID” က မုန်တိုင်းဘေးသင့်သူများကို ကူနေသည့် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ “Save the Children” မှ တဆင့် ထောက်ပံ့ရန် အစီအစဉ်ရှိကြောင်းလည်း အမေရိကန်သံရုံးက မဇ္ဈိမကို ပြောဆိုသည်။

စစ်အစိုးရ လက်ခံမည်မခံမည် မသိရသေးသော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ နာဂစ်မုန်တိုင်းဒဏ် ခံရသူများအတွက် အမေရိကန်အကူကို စစ်အစိုးရ လက်ခံခဲ့ကြောင်း၊ ယခုမုန်တိုင်းအတွက်လည်း “အလားတူ” ကူညီလိုသည်ဟု မနေ့က သတင်းစာရှင်းပွဲ၌ ဖြေကြားခဲ့သည်။

ယခု အကူအညီသည် ၂ဝဝ၈ မေလ နာဂစ် ဆိုင်ကလုန်းအတွက် အမေရိကန်အစိုးရက ကူညီခဲ့သည့် ဒေါ်လာ ၈၃ သန်းကျော်၏ “အဆက်” ဟု ရန်ကုန် အမေရိကန်သံရုံး၏ မနေ့က ထုတ်ပြန်ချက်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးဆီသို့ ယနေ့နံနက်တွင် အမေရိကန်သံမှူးလာပြီး ရခိုင်လေဘေးကယ်ဆယ်ရေး ထောက်ပံ့မှုအကြောင်း ရှင်းပြခဲ့သည်။

ဂီရိမုန်တိုင်းဒဏ်ခံ ကျောက်ဖြူ၊ မင်းပြား၊ ပေါက်တောနှင့် မြေပုံ ဒေသခံများအတွက် အစိုးရမဟုတ်သည့် အဖွဲ့များ၊ ကုလ အေဂျင်စီများက ကူညီနေပြီဖြစ်ကြောင်းလည်း ကုလလူမှုအကူအညီ ကြီးကြပ်ရေးရုံး UN-OCHA က မနေ့က ထုတ်ပြန်သည်။

စစ်အစိုးရကလည်း လူ ၂၇ ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

မြေပုံမြို့နယ်အတွင်း ဆန်နှင့် သောက်ရေသန့် အရေးပေါ် လိုအပ်နေသည်ဟု ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ ကျောက်ဖြူမြို့ခံတဦးက ပြောသည်။

“မြေပုံက အဆိုးဆုံးဗျ။ ကျနော်တို့လူငယ်တွေ ၈ ရွာလောက် ရောက်ပြီးပြီ။ ငါးပသုန်၊ ကျွန်းသာယာ၊ ရေနီကြီး၊ ပျဉ်ဝမ်း၊ ကုက္ကို အဲဒီရွာတွေကတော့ တော်တော်လေး ပျက်စီးတယ်ဗျ။ လူလည်း အသေအပျောက် ရှိတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

“ပင်လယ်ကမ်းစပ် ရေလုပ်ငန်းလုပ်တဲ့ ရွာတွေမှာ ရေတက်တယ်ဆိုတာနဲ့ အားလုံး ဘာမှလုပ်လို့ မရတော့ဘူး။ အဓိက အခက်အခဲက ဆန်နဲ့ သောက်ရေပေါ့။ ကျွန်းသာယာဘက်မှာတော့ အစိုးရက ရွက်ဖျင်တဲလေးတွေ လုပ်ပေးထားတယ် ပြောတယ်ဗျ” ဟု သူက ဆက်ပြောသည်။

ကျောက်ဖြူနှင့် မြေပုံမြို့နယ်ရှိ ကျေးရွာ ၂ဝ မှ အိမ် ၁,၂ဝဝ ပျက်စီးသွားပြီး ကျောက်ဖြူမြို့ပေါ်၌ ဒုက္ခသည် ၅,ဝဝဝ ကျော် ရှိသည်ဟု ကုလက ထုတ်ပြန်ထားသည်။

နာဂစ်မုန်တိုင်းကျစဉ်က စစ်အစိုးရဘက်မှ တုံ့ပြန်မှုအား နည်းခဲ့သော်လည်း ယခုမုန်တိုင်းဝင်ပြီး နောက်တနေ့ ၂၃ ရက်နေ့တွင် အနောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်စိုးသိန်းနှင့် သက်ဆိုင်ရာဝန်ကြီးများ ကျောက်ဖြူမြို့သို့ ရောက်ရှိပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စများ ဆွေးနွေးခဲ့သည်။

ရွေးကောက်ပွဲကာလအတွင်း မုန်တိုင်းတိုက်သဖြင့် ရခိုင်ပြည်နယ်တွင် အနည်းဆုံး ၈ မြို့ နယ်၌ ပျက်စီးဆုံးရှုံးခဲ့ပြီး အခြေအနေ ဆိုးရွားသည့် မြေပုံ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များတွင် “တည်ငြိမ်” လာသည်အထိ ရွေးကောက်ပွဲရက် ရွှေ့ပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က လိုလားနေသည်။

ရွေးကောက်ပွဲကော်မရှင် ဥပဒေ အခန်း ၃ တွင်လည်း “သဘာဝဘေးအန္တရာယ်” ကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိလျှင် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း လုပ်နိုင်ကြောင်း ဖြော်ပထားသည်။

“ညီညွတ်ရေး အရေးကြီးတယ်”

ကိုစိုးထွန်း Wednesday, October 27, 2010 အင်တာဗျူး .




စစ်အာဏာပိုင်တွေ ဖမ်းဆီးခံရမယ့် အန္တရာယ်က တိမ်းရှောင်နေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ဖြစ်သူ ကိုစိုးထွန်း ကိုယ်တိုင် ဧရာဝတီကို ပေးပို့လာတဲ့ သူ့ရဲ့အသံဖိုင်ကို ဖော်ပြလိုက်ပါတယ်။

ဒီ အသံဖိုင်ဟာ နိုဝင်ဘာ ၇ ရက်မှာ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ၀င်မယ့် နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး ဦးဆောင်သူတွေ အပါအ၀င် လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး ကိုစိုးထွန်း ရဲ့ ပြောကြားချက် မှတ်တမ်း အသံဖိုင် ဖြစ်ပါတယ်။

ကိုစိုးထွန်းဟာ ၂၀၀၇ ခုနှစ်ကတည်း တိမ်းရှောင်နေခဲ့ရပြီး ၁၉၈၈ ခုနှစ် လူထုအုံကြွမှု ဒီမိုကရေစီ အရေးတော်ပုံကာလ အခြေခံပညာ ကျောင်းသား(အကသ) လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ကျောင်းသား လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ရန်ကုန်မြို့မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

လတ်တလောမှာလည်း ကိုစိုးထွန်း ဟာ တိမ်းရှောင်နေရင်းနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေသူဖြစ်ပါတယ်။

လက်ရှိအခြေအနေကတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘာပဲဖြစဖြစ် အစိုးရက လုပ်တော့မှာပေါ့ဗျာ။ တိုင်းပြည်နဲ့လူမျိုး တိုးတက်ရေး အတွက် စိတ်မကောင်းဖြစ်ရတာတော့ ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ၂၀၀၇ စက်တင်ဘာမှာ သံဃာတော် တွေရဲ့ မြင့်မြတ်တဲ့ မေတ္တာပို့ ဆန္ဒပြလှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးရလဒ်ပဲလို့ပဲ ကျနော် ယုံ ကြည်တယ်။ နအဖ အစိုးရလည်း အဲဒါကြောင့် ဒီ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာကိုလည်း အပြသဘောပဲ ဖြစ်တယ်ပေါ့ဗျာ။

ဒါ ၂၀၁၀ ရွေးကောက်ပွဲအတိုင်း သူလုပ်နေပါပြီ။ Road Map အတိုင်း သူသွားနေတယ်။ သူ့လမ်းစဉ်အတိုင်း သူသွား နေတယ်ဆိုတာ လုပ်ပြ တာပဲဖြစ်တယ်ပေါ့လေ။ အမှန်တော့ သူ ချက်ချင်းမြန်မြန်ဆန်ဆန် လုပ်ချင်မှလုပ်မှာ မလုပ်ချင် ဘူးပေါ့နော်။ သူဟာ တဖြည်းဖြည်းနဲ့ NLD(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) ကို အမှည့်ခြွေ ခြွေပြီးတော့ ကျနော်တို့ ဒီမိုကရေစီ အင်အားစု တွေကို အားနည်းသွားအောင်လုပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း အချိန်ဆွဲနေ သေးတာကိုး။ အဲဒီတုန်းက။ ၂၀၀၇ စက်တင်ဘာ သံဃာတော်တွေရဲ့ မေတ္တာပို့မှုကြောင့် ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှု ကြောင့်သာ Road Map ကို မြန်မြန်ဆန်ဆန် သူလုပ်ပြရတယ်။

၂၀၁၀ ရွေးကောက်ပွဲလည်း သူ ရေရှည် အာဏာယူထားဖို့ မဟုတ်ပါဘူး ဆိုတဲ့အကြောင်းကို သူသက်သေပြတဲ့အနေနဲ့ လုပ်တာပေါ့နော်။ ဒါပေမယ့်လည်း ဒီ ၂၀၁၀ မှာလည်း သူ့အာဏာကို လက်မလွှတ်ချင်တော့ သူနည်းမျိုးစုံနဲ့ မတရား မှု မျိုးစုံနဲ့ ဒါအနိုင်ယူဖို့ လုပ်နေတာလည်း ဒါခင်ဗျားတို့ ကျနော်တို့ အကုန်အသိပဲ။ အဖြေကတော့ ရှင်းနေတာပေါ့ဗျာ။ ၂၀၁၀ မှာ သူပဲအားလုံး အာဏာရသွားမယ်။ ကြံ့ဖွံ့ပါတီပဲ အများဆုံး အာဏာရအောင် လုပ်သွားမယ်။ ကျနော်တို့ဘက်ကတော့ ရဖို့သိပ်မလွယ်ပါဘူး။ ကျနော်တို့ဝင်ရောက်ပြီး ယှဉ်ပြိုင်တဲ့ ဒီပါတီတွေအနေနဲ့ သိပ်ပြီးတော့မှ Percentage (ရာခိုင်နှုန်း)အရဆို ၂၀ ရာခိုင်နှုန်းလောက် ရဖို့တောင် တော်တော် ကြိုးစားယူရမယ့် အနေအထားရှိ တယ် ပေါ့လေ။
ဒီမိုကရေစီ အင်အားစုတွေက ၂၀၁၀ နအဖရဲ့ ဟန်ပြလုပ်တဲ့ ဒီရွေးကောက်ပွဲမှာ ညီညွတ်မှုတွေ တစုံတရာ ပြိုကွဲမယ့် အရေးကို ကျနော်စိုးရိမ်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သံဃာတော်တွေက အသက်သွေးချွေး ပေးဆပ်ပြီးတော့၊ ရဟန်းရှင်လူ ပြည်သူအသက်သွေးချွေး ပေးဆပ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ဒီအကျိုးရလဒ်ဟာ ကျနော်တို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အဆင့်မြင့်သွားတဲ့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲတော်လှန်ရေးမှာ တဆင့်တက်သွားတဲ့ အနေအထားပဲ ဖြစ်သင့်တာပေါ့နော်။ ဒါပေမယ့် အခုဟာက ကျနော်တို့က ဖြစ်ပေါ်လာတဲ့ ရွေးကောက်ပွဲကနေ အဆိုးထဲက အကောင်း ဆိုတာ သိပ်မတွေ့နိုင်ဘူးပေါ့နော်။

ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကတော့ နည်းနည်း အကောင်း အပြုသဘောအနေနဲ့ မြင်တယ်။ အဆိုးထဲက အကောင်း လို့တော့ မြင်တယ်လို့တော့ ပြောတာပေါ့။ ဒါတွေလည်း ကျနော်တို့က ဝိဝါဒကွဲပြားပြီး ငြင်းခုန် နေရတာ လည်း ဒါ တချိန်ကျရင်တော့ သမိုင်းက သက်သေပြမှာပေါ့။ လူထုက သမိုင်းကို ဖန်တီးတယ်ဆိုတဲ့ စကားလည်း ရှိတာကိုး။

အခု ရွေးကောက်ပွဲဝင်တဲ့ တိုင်းရင်းသားပါတီ အပါအဝင် ရွေးကောက်ပွဲဝင်ပြီးတော့ ပြိုင်ကြတဲ့ ပုဂ္ဂိုလ်တွေကလည်း အရဲစွန့်ရတဲ့ လှုပ်ရှားမှုပဲလေ။ နအဖက ဖမ်းဆီးနှိပ်စက် ထောင်ချတယ်ဆိုတာ အတိုက်အခံအားလုံးကို ဘယ်သူ့ကိုမှ မျက်နှာသာ မပေးဘူး။ သူ့တပ်ထဲက သူ့ရဲ့ စစ်ဗိုလ်တွေကိုတောင်မှ လိုအပ်လာရင် ဖြုတ်ထုတ်ရှင်း လုပ်သေးတာကိုး။ အဲဒီအတွက်ကြောင့် ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေကလည်း တော်တော် အရဲစွန့်ရတဲ့ သဘောရှိနေတာပေါ့နော်။ ဒီအပေါ်မှာ အကျိုးကို မျှော်ကိုးပြီးဝင်တဲ့ ပါတီတွေကတော့ ကျနော်တို့ မပြောလိုဘူးပေါ့။ အဲဒီတော့ ပြည်သူ့အတွက် အကျိုးကို လိုလားတဲ့ပါတီတွေ၊ ပုဂ္ဂိုလ်တွေကတော့ နအဖ အစိုးရအောက်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ရတာပဲ။ ဒါလည်း ကျနော်တို့နဲ့ ထူးမခြာနား လှုပ်ရှားရတဲ့ စွန့်စားမှုတွေပါပဲ။ အဲဒီအတွက်ကြောင့် ကျနော်တို့ သူတို့ကိုလည်း တစုံတရာ လေးစားမှုထားဖို့တော့ လိုပါတယ်။ တိုင်းရင်းသားပါတီတွေရော အခု ရွေးကောက်ပွဲမှာဝင်မယ့် ပြည်သူ့ အကျိုးအတွက် ဆောင်ရွက်မယ်ဆိုတဲ့ ပါတီတွေကို နားလည်ပါတယ်လို့ ကျနော်ပြောတယ်။ အဲဒီတော့ ကျနော်တို့ ဒီလိုပဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဦးဆောင်ပါတီဖြစ်တဲ့ အနိုင်ရပါတီဖြစ်တဲ့ NLD ကိုလည်း ကျနော်က တစုံ တရာ နားလည်ပေးစေချင်တယ်ပေါ့ဗျာ။

အခုလက်တွေ့မှာ ပြနေတာကလည်း လက်ရှိ ရွေးကောက်ပွဲဝင်မယ့် သူတွေဟာ NLD ခေါင်းဆောင်မှုကိုတောင်မှ တစုံ တရာ ယုံကြည်မှုနည်းလို့ သူတို့လည်းမဖြစ်မနေ ပါဝင်ဆောင်ရွက်ပြီးတော့ လုပ်ကြရတော့မယ်။ တိုင်းရင်းသားဆို လည်း တိုင်းရင်းသားအရေးကို ကိုယ်ရသလောက် ကိုယ့်နယ်မြေဒေသကို ရနိုင်သလောက် စိုးမိုး၊ ကိုယ့်ဒေသ စီးပွား ရေး ကို တတ်နိုင်သလောက် ဖော်ဆောင်ဖို့အတွက် ယုံကြည်ချက်တွေနဲ့ ဝင်ကြရတဲ့ အနေအထားဖြစ်တော့ NLD ကိုယ်တိုင်လည်း ဒါကို လက်ခံရမယ့်အနေအထား ရှိလာပြီပေါ့လေ။

အဲဒါကြောင့်လည်း NLD က အနှစ် ၂၀ ကာလမှာ သူထိထိရောက်ရောက် ဦးဆောင်မှုမပေးနိုင်တဲ့အပေါ်မှာ တောင်းပန် မှုလည်း လုပ်ခဲ့ပြီးပေါ့ဗျာ။ အဲဒီတော့ သမိုင်းက ဆုံးဖြတ်ပေးမှာကတော့ လူထုက ဒီ NLD က မူအရပေါ့နော်၊ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို လက်မခံနိုင်ဘူး။ ရွေးကောက်ပွဲ ဥပဒေကို မတရားလို့ လက်မခံနိုင်ဘူးဆိုတဲ့ မူအရ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်၊ လူထုကိုလည်း သပိတ်မှောက်ပါလို့ ပြောတယ်။ ဒါပေမယ့် လူထုရဲ့ အခြေအနေကလည်း စိတ် မကောင်းစရာက ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲကနေ အမြတ်ရအောင်လုပ်ကြရမှာ လူထုရဲ့ နိုင်ငံရေးစိတ်ဝင်စားမှု၊ နိုင်ငံရေးနိုးကြားမှုတွေက တော်တော်ကြီးကို အားနည်း ကျဆင်းနေတာရှိတယ်။ အားလုံးသိတဲ့ အတိုင်း စားဝတ်နေ ရေး ကြောင့် ဒုက္ခရောက်နေကြတာရှိတယ်။ အဲဒီလိုပဲ သပိတ်မှောက်ပါလို့ NLD က ဘယ်လောက် လုပ်နိုင်လဲပေါ့နော်၊ လူထုက ဘယ်လောက် သူ့အပေါ်ယုံကြည်မလဲ ဘယ်လောက် ထိထိရောက်ရောက် ဦးဆောင်နိုင်မလဲဆိုတဲ့ ကိစ္စမှာ လည်း လူထုက ဆုံးဖြတ်ပေးမှာပဲလို့ ကျနော်မြင်တယ်။

ဒါပေမယ့် ကျနော်တို့က မျှော်လင့်ရမှာက ၂၀၁၀ ရွေးကောက်ပွဲ အပြီးပေါ့နော်။ အပြီးမှာ ကျနော်တို့ မြှင့်တဲ့ စိတ်ထား တွေနဲ့ တကယ့်ကို ကျနော်တို့ အမြင်ကျယ်ကျယ်နဲ့ လှမ်းရမယ့် ခြေလှမ်းကတော့ အားလုံး အရေးအကြီးဆုံးကတော့ ညီညွတ်ရေး အရေးကြီးတယ်လို့ ကျနော်မြင်တယ်။ ညီညွတ်ရေး တည်ဆောက်ကြမယ်။ NLD အနေနဲ့လည်း ပြောခဲ့ တာရှိတာပေါ့ဗျာ။ အခု ဦးဝင်းတင်ပြောတာလည်း ဒါ ကျနော်တို့ တကယ့်ကိုအားရပါတယ်။ သူ ရွေးကောက်ပွဲ အပြီးမှာ လည်း ကျနော်တို့ အင်အားစုတွေ အားလုံးဟာ တစုတစည်းတည်း ညီညီညွတ်ညွတ် ဆက်လက်ပြီးတော့ တိုင်းပြည် အရေးကို လုပ်သွားကြမယ်။ NLDကလည်း အဲဒီနေရာမှာ ဦးဆောင်မှု အခန်းကဏ္ဍလို့တောင် သူမပြောဘူးပေါ့လေ။ အားလုံးပေါင်းစည်းပြီးတော့ တပ်ပေါင်းစုအနေနဲ့၊ အင်အားတရပ်အနေနဲ့ ဆက်သွားမယ် ဒါတွေက အရမ်းအားကောင်း တယ်။ ဒီလိုပဲဖြစ်သင့်တယ်။ ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာ အလကား ဖြစ်လာတာ မဟုတ်ဘူး။ သံဃာတော်တွေ သွေးမြေကျပြီးတော့မှ ပေးဆပ်ခဲ့ရတဲ့ ရွေးကောက်ပွဲဆိုတာကို နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံး ဟာ သတိကြီးကြီးထားပြီးတော့ တိုင်းပြည်အတွက် အကျိုးစီးပွား တကယ့်ကို ဖြစ်ထွန်းနိုင်မယ့် အနေအထားမျိုးကို လှမ်းနိုင်ကြဖို့လိုတယ်လို့ ကျနော်တော့ မြင်တယ်ပေါ့လေ။

လူထုလိုက်ပါနိုင်တဲ့ နည်းလမ်းတွေပေါ့ဗျာ။ အဲဒါတွေနဲ့ ဦးဆောင်နိုင်ဖို့လိုတယ်။ နိုင်ငံရေးခေါင်းဆောင်တွေဟာ လူထု အခြေအနေ လူထုရဲ့ လက်ရှိရပ်တည်နေရတဲ့ အခြေအနေ စားဝတ်နေရေးအခြေအနေတွေ သူတို့ရဲ့ စိတ်ခံစားမှု ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို လက်တွေ့ကျကျနားလည် သဘောမပေါက်ဘဲနဲ့ အဲလို ဦးဆောင်မှုတွေ ပေးနေရင်တော့ လူထု လိုက်ပါနိုင်မှာ မဟုတ်ဘူးပေါ့နော်။

ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေကလည်း တိုင်းပြည်ရဲ့ ဒီလက်ရှိအနေအထားက ပြည်သူလူထုရဲ့ တကယ့်လိုအပ်နေတဲ့ အနေအထားက အခြေခံအကျဆုံးလိုအပ်ချက်က ပြည်သူတွေရဲ့ဘဝတွေရဲ့ ငြိမ်းချမ်းစွာ ပျော်ရွှင်စွာ နေထိုင်နိုင်ရေး ပေါ့။

ကျနော်တို့က သမိုင်းသင်ခန်းစာတွေ အများကြီးရခဲ့ကြပြီ။ လွတ်လပ်ရေး ရပြီးကတည်းက မညီညွတ်ခဲ့ကြလို့ အဲဒီလိုပဲ ညီညွှတ်ရေး တည်ဆောက်ပါလို့ပြောရင်းနဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလည်း ဆရာမသေခင် ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်ကွယ်ဆိုပြီးတော့ ပြောရင်းနဲ့ပဲ သူငြိမ်းချမ်းရေးကို မမြင်သွားရရှာဘူး။ ဆရာကြီးသေပြီးနောက် မျိုးဆက် မျိုးဆက် အခုဆိုရင် နောက်ထပ်မျိုးဆက်တွေလည်း မငြိမ်းချမ်းကြသေးဘူး။ ဘဝတွေ ဒုက္ခတွေ များနေတယ်။ အဲဒီတော့ ကျနော်တို့ လက်ထက်မှာလည်း ငြိမ်းချမ်းရေးကို လုပ်ကြရမယ်။

ကိုယ့်အချင်းချင်းမှ ညီညွတ်ရေး မတည်ဆောက်နိုင်ရင်တော့ ကျနော်တို့က နအဖနဲ့ ညီညွတ်ရေး တည်ဆောက်မှု က လည်း အလှမ်းဝေးနေဦးမှာပဲလို့ ကျနော်မြင်တယ်။ အဲဒီတော့ အခုလက်ရှိမှာလည်း ကျနော်တို့ အနေအထားတွေက တကယ့် အားရစရာတော့ သိပ်တော့ မရှိဘူးပေါ့နော်။

ကျနော် ပြီးတော့ ဆက်ပြောချင်တာက မြန်မာပြည်ရဲ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ Ideology ပေါ့ဗျာ။ ကျနော်တို့ တိုင်းပြည်ရဲ့ အဓိက လိုအပ်ချက်ဟာ ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဆိုတာ ညီညွတ်ရေး မရှိဘဲနဲ့ မရဘူး။ အရင်ဦးဆုံး ကျနော်တည်ဆောက်ရမှာက နအဖနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တောက်လျှောက် ပြောနေကြတယ်၊ တွေ့ဆုံဆွေးနွေးရေး ပြောနေကြတယ်၊ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးက အကောင်းဆုံး ဖြေရှင်း နည်းဟာ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးပဲလို့ ကျနော်တို့ပြောနေကြတယ်။ အဲဒီတော့ နအဖနဲ့တောင် ကျနော်တို့ တွေ့ဆုံဆွေးနွေးရေး ပြောနေကြတဲ့အနေအထားမှာ ကျနော်တို့ အချင်းချင်းထပ်ပြီး ကွဲပြားနေတယ် ပေါ့နော်။ ကိုယ့်အချင်းချင်း အမျိုးသားအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ ညီညွတ်ရေး တည်ဆောက်ထား နိုင်ပြီးတော့မှ နအဖ အစိုးရနဲ့ ဆက်ပြီးတော့ တပ်မတော် ခေါင်းဆောင်များနဲ့ ညှိနှိုင်းဆွေးနွေးတဲ့ တွေ့ဆုံဆွေးနွေးရေး ဖန်တီးနိုင်လိမ့်မယ်လို့ ကျနော်မြင်တယ်ပေါ့ဗျာ။ ကျနော်တို့ ဒီကဏ္ဍတွေက ကျနော်တို့ရဲ့ ညီညွှတ်ရေး တည်ဆောက် တာ ပေါ့နော်။ တဘက်ကလည်း လူထုကို ဦးဆောင်နိုင်မှုပေါ့ဗျာ။

လူထု ဦးဆောင်နိုင်မှုမှာကျတော့ တိုင်းပြည်ရဲ့ အခြေခံအကျဆုံး ပြဿနာကျတော့လည်း ခေါင်းဆောင်မှုပဲလို့ ကျနော် မြင်တယ်။ လူထုကို နိုင်ငံရေးအသိတွေ မြင့်လာအောင်၊ နိုင်ငံရေးနိုးကြားမှုတွေ နိုင်ငံရေးမှာ စိတ်ဝင်စားမှုတွေ လုပ်လာ အောင်၊ ဖြစ်လာအောင် လုပ်ဖို့ဆိုတာကတော့ ခေါင်းဆောင်မှုမှာ တာဝန်ရှိတာပေါ့ဗျာ။ အခုက လူထုဘဝမှာ ဒုက္ခတွေ အမျိုးစုံ ဝိုင်းရံပြီးတော့ နိုင်ငံရေးကို စိတ်မဝင်စားဘူး ဖြစ်နေရတယ်။ အဲဒီအတွက်လည်း တာဝန်ရှိတဲ့ ခေါင်းဆောင် တွေက လူထု စိတ်ဝင်စားအောင် မလုပ်နိုင်ခဲ့လိုလည်း နိုင်ငံရေးနဲ့ ဝေးနေရတယ်လို့ ကျနော်မြင်တယ်။ NLD ဆိုလည်း အနှစ် ၂၀ လုံးလုံး လူထုကို လူမှုရေးအရ အကူအညီတွေ၊ လူမှုရေးဒုက္ခတွေကို ဖြေရှင်းပေးတဲ့ နည်းတွေလည်း သူသိပ် ပြီးတော့ ထိထိရောက်ရောက် မလုပ်လာနိုင်ခဲ့တာလည်း ပါမှာပေါ့။

ကျနော်တို့ဘက်က ခုနပြောသလို ခေါင်းဆောင်မှုတွေကလည်း အားနည်းနေတဲ့ အတွက်ကြောင့်မို့ လူထုက သူရဲ့ အခြေခံ အကျဆုံး ဘ၀ဒုက္ခဖြစ်တဲ့ စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်လုံးပန်းနေရတာ။ ဒါကတော့ လူထုလိုက်ပါ နိုင်ဖို့ အားနည်းတယ်၊ လူထု စိတ်ဝင်စားမှု အားနည်းတာတော့ ဒါ သဘာဝကျပါတယ်။

အဲဒီတော့ ကျနော်တို့ အရေးကြီးဆုံးက ကျနော်တို့ လူထုကို ဦးဆောင်မှုပေးဖို့ ဆိုတာက သူတို့လုပ်ကြရမှာ တိုင်းပြည် ရဲ့လူထုရဲ့အကျိုးစီးပွားရေးဆိုပြီး ဝင်ကြတယ်၊ ရွေးကောက်ပွဲကို၊ ဒီအခြေခံဥပဒေ ပြောင်းလဲဖို့ဆိုပြီး သူတို့ပြောနေကြ တယ်။ ဒါလည်း အကောင်းဆုံး အဖြေတခုကတော့ ညီညွတ်မှု မရှိဘဲနဲ့တော့ ကျနော်တို့ပြောင်းလဲလို့ ရမှာမဟုတ်ဘူး။ တိုင်းပြည်ငြိမ်းချမ်းမှုရအောင် ညီညွတ်မှုကို တည်ဆောက်ကြရမယ် ဆိုတဲ့ဟာကို အခု ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေး ပါတီ တွေကို ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုရွေးကောက်ပွဲကို လက်မခံနိုင်တဲ့ တိုင်းရင်းသား အင်အားစု တွေ ရှိတယ်။ အဲဒီလို အလားတူပဲ လက်ခံနိုင်တဲ့ တိုင်းရင်းသား အင်အားစုတွေ ရှိတယ်ပေါ့နော်။ အဲဒီဟာတွေကြားမှာ ကျနော်တို့တွေက ညီညွတ်ရေးကို တည်ဆောက်ကြရမယ်။ တိုင်းပြည်မှာ အဲဒီလိုမျိုး ညီညွတ်မှု၊ ငြိမ်းချမ်းမှု မရှိသရွေ့ က တော့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း တည်ဆောက်လို့ ရမှာမဟုတ်ဘူး။

တကယ့် တိုင်းပြည်မှာလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရှိရင်လည်း တိုင်းပြည်ဟာ နိုင်ငံရေးတည်ငြိမ်မှု မရှိဘဲနဲ့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင် ရောက်မှာမဟုတ်ဘူး။ အဲဒီတော့ အခုလက်ရှိ ခံစားနေကြတာတော့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးတို့ဆိုတာ မြန်မာပြည်နဲ့ဆိုရင် နည်းနည်းဝေးပါသေးတယ်လို့ ပြောရမှာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ နိုင်ငံတခုဗျ။ လောလောဆယ်မှာ တရားဥပဒေ စိုးမိုးရေးဆိုတာ လုံးဝမရှိတဲ့အတွက်ကြောင့် ကျနော်တို့ အရင်ဦးဆုံး တည်ဆောက်ကြရမှာက တရားဥပဒေစိုးမိုးရေးပဲ။

တရားဥပဒေစိုးမိုးမှု ရှိလာရင် ကျန်တဲ့ လူ့အခွင့်အရေးဆိုတာ အလုပ်သမား အခွင့်အရေး၊ လယ်သမား အခွင့်အရေး၊ ကျောင်းသား အခွင့်အရေး အစုံ ဒီလို အလွှာစုံ ဘာသာရေးလွတ်လပ်ခွင့် ဟောပြောခွင့်ဆိုတာ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်။ အဲဒီတော့ တရားဥပဒေ စိုးမိုးရေးမဏ္ဍိုင်ကို အရင်ဆုံး တည်ဆောက်ရမယ့်သဘော ဖြစ်နေတယ်ပေါ့ လေ။ အဲဒီအတွက်ကြောင့် ကျနော်တို့ဟာ ရေရှည် သဘောထား အမြင်ကျယ်ကျယ်နဲ့ သဘောထားကြီးကြီးထားပြီး ကျနော်တို့ အချင်းချင်း ညီညွတ်ရေးတွေ တည်ဆောက်ကြရမယ်။ ကျနော်တို့ အင်အားစုတွေပေါ့နော်။

NLD အနေနဲ့လည်း ဒီလိုမျိုး အလားတူ ညီညွတ်ရေး ကိုရှေးရှုပြီးတော့ တိုင်းပြည်ရဲ့လူထုရဲ့အနေအထားတွေမှာ လက် တွေ့ ကျတဲ့အနေအထားကို ခံစားနေရတဲ့ လူထုရဲ့ အနေအထားကို နားလည်သဘောပေါက်ပြီးတော့ လူထု လိုက်ပါ နိုင်တဲ့ နည်းလမ်းတွေနဲ့ မပေးမဖြစ်ပေးရမယ့် အခြေအနေမျိုးတွေ ရှိလာခဲ့ရင် တကယ့်မှန်ကန်တဲ့ သင့်တော်တဲ့ ရိုးသား တဲ့ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့လူကိုပဲ ပေးကြဖို့အတွက် ဒီလိုဟာမျိုးတော့ ပြောသင့်တယ်လို့ပဲ ကျနော်မြင်တယ် ပေါ့ဗျာ။ ။

Tuesday, October 26, 2010

သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ သဘောထားထုတ်ပြန်ချက်နှင့် နအဖအလံသစ်အား ဆန့်ကျင်မီးရှို့ပွဲ သတင်းဓာတ်ပုံ

Than Ga News

လူထုတိုက်ပွဲဆီသို့ လက်တွဲချီတက်ကြ

၂၀၁၀ ကို ဖြတ်သန်းခြင်း (၂)

၂၀၁၀ ရွေးကောက်ပွဲ မရောက်ခင် မြန်မာပြည်သူတွေ တွေးသင့်တွေးထိုက်တာ၊ လုပ်သင့်လုပ်ထိုက်တာတွေ ဘာတွေရှိသလဲလို့ လေ့လာမိတဲ့အခါ အရေးကြီးအချက်များကို တွေ့ရှိသမျှ ထုတ်ဖေါ်ပြီး ဆွေးနွေးတင်ပြမယ်။ ဒီတင်ပြချက်ဟာ လက်ခံနိုင်စရာဖြစ်တယ်၊ လက်ခံပြီး ကျင့်သုံးကြရင် တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အကျိုးရှိကောင်းရှိနိုင်ရဲ့ ဆိုတဲ့ မေတ္တာတရားနဲ့ ဒီစာကို ရေးသားတင်ပြလိုက်တာပါ။ ဝေဖန်အကြံပြုသူများ လက်ကမ်းကြိုဆို ပါတယ်။ မှန်ကန်သော ဝေဖန်မှုတွေ ရရင်အားလုံးအတွက် အကျိုးရှိမှာပါ။
ပထမအချက်အနေနဲ့ ပြောရရင် အမှတ်(၁)မှာ ရေးထားတဲ့အတိုင်း အတိုက်အခံတွေ နိုင်ဘို့ အလှမ်းဝေးနေပါတယ်၊ စံနစ်တကျ နအဖက ပြင်ဆင်ပြီး ဗြောင်ညစ်ပတ်ထားတဲ့ လုပ်ရပ်တွေနဲ့ ပြည့်နေတဲ့အတွက်ဖြစ်ပါတယ်။ နိုင်ငံတကာကလည်း ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်ဘူး ဆိုတာကနေ နောင်တက်လာမည့် အစိုးရနဲ့ ဆက်ညှိုနှိုင်းလို့ ရနိုင်မယ်ဆိုတဲ့ အဆင့်ထိရောက်လာလို့ ၁% ရာခိုင်နှုန်းလောက်ဘဲ ဖြစ်နိုင်ချေရှိတာတောင် ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းဆိုတဲ့ လက်နက်ကို ဆုတ်ကိုင်ထားရမယ်လို့ ရေးခဲ့တာ ဖြစ်တယ်။
ဘာကြောင့်ဒီလိုရေးရသလဲ ဆိုရင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး မဖြစ်ခင် ကြိုကြားဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ ဘယ်နိုင်ငံရေးပါတီမှလည်းမရှိ၊ ဘယ်ကျောင်း သားခေါင်းဆောင်မှလဲ မပေါ်သေးပါ။ သြဂုတ်လ ၈ ရက်နေ့မှာ အားလုံးဆန္ဒပြကြမယ်ဆိုတဲ့ Timing ဆုံချက်ကို (BBC) ဘီဘီစီကကြားရတော့ လူတွေရဲ့ စိတ်ထဲမှာ ဖြစ်ချင်ဖြစ်မယ်၊ ဖြစ်ချင်မှဖြစ်မယ်ဆိုပြီး ရှိကြပါတယ်၊ မဖြစ်နိုင်ဘူးဆိုတဲ့ သူတွေများပါတယ်။ ဒါပေမဲ့ ရှစ်လေး လုံးဆန္ဒပြပွဲကြီး ရန်ကုန်မှ စတင်ဖြစ်လာခဲ့ပါတယ်။ အဲဒီကနေ ပြည်နယ် တိုင်းအသီးသီး ကူးစက်ပြီး ဘယ်သူမှ မမျှော်မှန်းထားတဲ့ ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီး ဖြစ်လာခဲ့တာပါ။ ရှစ်လေးလုံး ဆန္ဒပြပွဲကြီးဟာ လူထုက နိုးကြားလာပြီး မဆလ အမည်ခံစစ်အုပ်စုကို တွန်းလှန် ခဲ့တဲ့ သမိုင်းဝင်တိုက်ပွဲကြီးပါ။ ပြည်သူတဦးချင်းစီရဲ့ အသိစိတ်ဓာတ်ကြောင့်၊ တိုက်ပွဲဝင် မှုကြောင့် ရရှိလာတဲ့ အောင်ပွဲဖြစ်တယ်ဆိုတာဟာ ငြင်းလို့မရနိုင်ပါဘူး။ တနည်းပြောရရင် ရှစ်လေးလုံးစိတ်ဓာတ်ဟာ ခေါင်းဆောင်မဲ့ပြည်သူတွေ ကိုယ့်အသိစိတ်နဲ့ ကိုယ်ပူးပေါင်းပါဝင် တိုက်ပွဲဝင်ခဲ့ကြတဲ့ စိတ်ဓာတ်ဖြစ်တယ်ဆိုရင် မမှားပါဘူး။

ရှစ်လေးလုံးအုံကြွမှုကြီးဟာ ခေါင်းဆောင်မရှိပါဘူး၊ ပြည်သူတွေက ဦးဆောင်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တို့အားလုံး ခေါင်းဆောင်တွေ မဖြစ်ကြသေးပါဘူး၊ လှုပ်ရှားပါဝင်ခဲ့သူတွေဘဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပြည်သူတွေက ခေါင်းဆောင်ထလုပ်မှ လုပ်မယ်ဆိုပြီး ငြိမ်မနေကြပါဘူး။ ကိုယ့်အသိနဲ့ ကိုယ်ပါဝင်လာကြပြီး အောင်ပွဲရလာမှ ခေါင်းဆောင်ကို ရွေးခဲ့ကြတာပါ။ ဒါကြောင့် ၂၀၁၀ ကို ဖြတ်သန်းရာမှာလည်း ဒေါ်စုလွတ်မှ၊ မင်းကိုနိုင်လွတ်မှဆိုပြီး ကိုယ်လုပ်သင့်ရာကို မလုပ်ဘဲ ခေါင်းဆောင်ကိုမျှော်တဲ့စိတ်ကို ပြောင်းလဲပြီး ရှစ်လေးလုံး စိတ်ဓာတ်အတိုင်း ကိုယ်တနိုင်တပိုင်ကို ပြည်သူတွေ၊ ပါတီ ထောင်ခွင့်ရလို့ ပါတီခေါင်းဆောင်ဖြစ်လာသူတွေက ပြုလုပ်ကြဘို့၊ တာဝန်ကျေကြဘို့ လိုပါ တယ်။
ဒါကြောင့် မဖြစ်နိုင်တဲ့ အရာဘာမှမရှိဘူး၊ မဖြစ်သေးတာဘဲရှိတယ်လို့ ပြောခဲ့တာပါ။ မဖြစ်သေးတာကလည်း မလုပ်သေးလို့ မဖြစ်တာလို့ ကောက်ချက်ချရပါမယ်။

၂၀၁၀ မှာ တပန်းရှုံးနေတာက ခေါင်းဆောင်တွေ ရှိနေပါပြီ၊ အဲဒီလို ခေါင်းဆောင်တွေ
ရှိနေတဲ့ အတွက်ကြောင့် ပြည်သူဟာ ဒီခေါင်းဆောင်တွေ လုပ်လိမ့်မယ်လို့ မျှော်ကိုးပြီး စောင့်နေတာဖြစ်ပါတယ်။ လက်ရှိခေါင်းဆောင်တွေ ရှိနေတာဟာ ရှစ်လေးလုံးနဲ့ မတူတဲ့ အချက်ပါ။ ဒါကြောင့် ဒီခေါင်းဆောင်တွေ ဘာလုပ်မှာလဲ၊ ဘာမှ မလုပ်နိုင်ရင် ပြည်သူက ဒီခေါင်းဆောင်တွေကို မစောင့်ဘဲ ပြည်သူထဲက စွန့်ဝံ့သူ၊ သတ္တိဗျတ္တိရှိသူတွေက ရှစ်လေးလုံး ကကဲ့သို့ တိုက်ပွဲဝင်ခဲ့ရင် ၁% ကနေ ၉၉% သို့ ချက်ချင်းပြောင်းလဲသွားနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ကြောက်ရင်လာဒ်လွဲ ရဲမင်းဖြစ်ဆိုတဲ့ စကားဟာ ဒီနေ့အခြေအနေပါ။ ပြည်သူ တို့ဟာ နေအိမ်အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မှာကို မျှော်မနေကြဘဲ တိုက်ပွဲ ဝင်ကြရင်ဖြင့် မြန်မာပြည်နိုင်ငံရေး အခင်းအကျင်းကို မထင်မှတ်ဘဲ ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ပါတယ်။ နဝတ/ နအဖဟာ နိုင်ငံတော်အမည်ကို ပြည်သူ့ဆန္ဒခံယူပွဲ မလုပ်ဘဲ ပြောင်း ပစ် လိုက်သလို၊ နိုင်ငံတော်အလံကိုလဲ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ လွှတ်တော်က အတည်ပြုပေးပြီးနောက်မှ အတည်ဖြစ်လာမဲ့ ၂၀၀၈ အခြေခံဥပဒေထဲမှာ အတည်ပြုထားတဲ့ အလံကို လွှင့်ထူရမှာဖြစ်ပေမဲ့ သူတို့ပြုစုထားတဲ့ ဥပဒေကို သူ့တို့ဖာသာ ဗြောင်ချိုးဖောက်ပြီး ပြုလုပ်ခဲ့တာကိုကြည့်ရင် သူတို့ဟာ ဘယ်လောက်ကောင်းတဲ့ ဥပဒေကို စာရွက်ပေါ်မှာ ရေးထားရေးထား အချိန်မရွေး ဖေါက်ဖျက်မဲ့သူတွေဆိုတာ ထင်ရှားစေပါတယ်။
ဗိုလ်သန်းရွှေက “၂၀၁၀ ရွေးကောက်ပွဲပြီးရင် ရင့်ကျက်တဲ့ ဒီမိုကရေစီရဘို့ မမျှော်လင့်နဲ့” ဆိုတဲ့စကားကို သတိရကြစေချင်ပါတယ်၊ ဒါကြောင့် ကုလားအုပ်လို တဖြေးဖြေးခေါင်းဝင်၊ ကိုယ်ဝင်၊ တကိုယ်လုံးဝင်တယ်ဆိုတဲ့သူတွေ သတိထားရမှာက သူတို့နဲ့ကစားနေတဲ့ ရန်သူဟာ ဘယ်တုံးကမှ ကတိမတည်သူ၊ သစ္စာမရှိသူ၊ အင်မတန်ကောက်ကျစ်သူတို့ ဖြစ်တယ်ဆိုတာကို မမေ့ဘို့ ပါဘဲ။ သူတို့ဟာ သူတို့ရေးထားတဲ့ ဥပဒေကိုတောင် ချိုးဖောက်သူတွေ ဖြစ်တာ ကြောင့် သူတို့ရေးထားတဲ့ ဥပဒေတွေကို ယုံကြည်ကိုးစားမယ်ဆိုရင် ငါးပါးမှောက်ကိန်းဘဲ ဆိုက်မှာဖြစ်ပါတယ်။
ဒါကြောင့် အတိုက်အခံ ဒီမိုကရေစီအင်အားစုများအားလုံး စည်လုံးညီညွတ်ကြပြီး၊ ရွေးကောက်ပွဲမှာ အမတ်နေရာမဖြစ်စလောက်ကလေးရဘို့ ကိုယ့်အချင်းချင်း ပုတ်ခတ်ပြော ဆိုပြီး စည်းရုံးရေးဆင်းနေမည့်အစား ရွေးကောက်ပွဲ ညစ်ပတ်မှုတွေကို ဗြောင်ဖွင့်ချ ဖေါ်ထုတ်ပြီး အတုအယောင်ရွေးကောက်ပွဲမှသည် လူထုတိုက်ပွဲဆီသို့ လက်တွဲချီတက်ခြင်း ကသာလျှင် မြန်မာပြည်ကြီးကို အမြန်ဆုံးစစ်သူခိုး ဓားပြတို့ရန်မှ လွတ်ကင်းအောင် လုပ်နိုင် လိမ့်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။


အားလုံးကို မေတ္တာထားလျှက်

ထွန်းအောင်ကျော်

အင်းစိန်နှင့် မင်္ဂလာဒုံ တကျောတွင် မဲမပေးရေး စာရွက်များဖြန့်

ဇာနည်မာန် Tuesday, October 26, 2010


ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေခွင့်ရှိကြောင်း ရေးသားထားသည့် စာများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် လူငယ်များက ရန်ကုန်တိုင်း အင်းစိန်နှင့် မင်္ဂလာဒုံမြို့နယ်များတွင် ယနေ့နံနက်က လိုက်လံပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

အင်းစိန်၊ ဖော့ကန်၊ အောင်ဆန်း၊ မင်္ဂလာဒုံ၊ မှော်ဘီနှင့် ထောက်ကြန့် အရပ်များရှိ လူစည်ကားရာ ဈေးများတွင် NLD လူငယ်များက စာရွက်များကို လိုက်လံပေးဝေခဲ့ကြကြောင်း ဒေသခံများက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသလို မဲမပေးဘဲ နေနိုင်ခွင့်လည်းရှိတယ်ဆိုတဲ့အချက် တွေပါတဲ့ စာရွက် ကမ်းတယ်။ ပြည်သူလူထုကိုလည်း ဒီအကြောင်း ရှင်းပြတယ်။ စောင့်ကြည့်တာ နှောင့်ယှက်တာတော့ မရှိဘူး။ ထောက်ကြန့်ဈေးမှာတော့ ကျနော်တို့ စာရွက်တွေ လိုက်ဝေပြီးလို့ ကားပေါ်အတက်မှာ သတင်းတပ်ဖွဲ့ဝင်တွေက ဓာတ်ပုံ လိုက်ရိုက်တယ်” ဟု NLD လူငယ် တဦးက ပြောသည်။

ပြည်သူများအနေနှင့် လာမည့်ရွေးကောက်ပွဲတွင် မဲပေးရန်ေ၀၀ါးနေဆဲဖြစ်ပြီး တချို့ကမူ NLD ပါတီ ရွေးကောက်ပွဲ ၀င်မည်ဟု ထင်မှတ်နေကြကြောင်း သူက ဆိုသည်။

“တချို့က မသိကြဘူး။ ခွပ်ဒေါင်းတွေ၊ ခမောက်တွေပါတော့ NLD က ရွေးကောက်ပွဲဝင်တယ် ထင်ကြတယ်။ ကျနော်တို့က NLD ရွေးကောက်ပွဲ မ၀င်ဘူးဆိုတာရယ်၊ ဘာကြောင့် မဝင်ဘူးဆိုတာရယ်ကို ရှင်းပြရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ ပြည်သူလူထုကို ရှင်းပြ၍ မဲမပေးဘဲ နေခွင့်ရှိကြောင်း စာရွက်များ ဖြန့်ဝေမှုကို တခြား မြို့နယ်များတွင်လည်း ဆက်လက် အရှိန်မြှင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲတွင် မဲမပေးရေး၊ ရွေးကောက်ပွဲ သပိတ်မှောက်ရေး အတွက် အထိုက်အသင့် အောင်မြင်မှုရှိလိမ့်မည်ဖြစ်ကြောင်း NLD လူငယ်များက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း သန်လျင်မြို့နယ် NLD အဖွဲ့ဝင် လူငယ်များက သန်လျင်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် မဲမပေးဘဲ နေခွင့်ရှိကြောင်း စာရွက်များ လိုက်လံပေးဝေခဲ့သေးသည်ဟု သိရသည်။

“စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ မတရားဘူးဆိုတာ ပြည်သူတွေ သိဖို့လိုတယ်။ ကျနော်တို့ ဒီလိုလုပ်တော့ မသိတဲ့သူတွေ သိသွားလို့ ထိရောက်မှု တခုဖြစ်တယ်” ဟု NLD လူငယ်တဦးက ပြောသည်။

စစ်အစိုးရက လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ကြေညာထားသည်။

အဆိုပါ ရွေးကောက်ပွဲသည် စစ်အစိုးရက တဖက်သက် အတည်ပြုပြဌာန်းထားသော ၂၀၀၈ အခြေခံ ဥပဒေကို အခြေခံ၍ ကျင်းပမည်ဖြစ်သောကြောင့် ရွေးကောက်ပွဲ ၀င်မည်မဟုတ်ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲအချိန် နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲဝင်မည့် ပါတီများ၏ စည်းရုံးဟောပြောမှုများ ရှိနေပြီး ရွေးကောက်ပွဲတွင် မဲမပေးရန်၊ သပိတ်မှောက်ရန် စည်းရုံး လှုံ့ဆော်မှုများကိုလည်း နိုင်ငံအ၀န်းရှိ တက်ကြွလှုပ်ရှားသူ လူငယ်များက နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များကလည်း ပြည်နယ်နှင့်တိုင်း အသီးသီးသို့ သွားရောက်၍ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို ကိုယ်တိုင်ကွင်းဆင်း ရှင်းပြမှုများ ပြုလုပ်လျက်ရှိသည်။

သမိုင်းပေးတာဝန်ထမ်းဆောင်ကြဖို့အချိန်တန်ပြီ

Tuesday, October 26, 2010





စဉ်းစား
၂၀၀၉ ခုနှစ်အရ မြန်မာနိုင်ငံဟာ
နိုင်ငံတော် စာရင်းရှင်းတန်း ဒေါ်လာသန်း ၉၂၄
နိုင်ငံတော် ဝင်ငွေ ဒေါ်လာသန်း ၁၁၄၂
ပြည်ပစီးပွားရေးအကူအညီ ဒေါ်လာသန်း ၁၁၄ ရှိနေပေမယ့်
နိုင်ငံတော် အကြွေး ဒေါ်လာ သန်း ၇၃၇၃ ရှိနေတုန်းပါဘဲ။ ဒါ့အပြင်

ကမ္ဘာ့နိုင်ငံများအလယ်မှာ မြန်မာနိုင်ငံဟာ
နံပါတ် ၆ ငွေကြေးဖောင်းပွမှုအများဆုံးနိုင်ငံ
နံပါတ် ၁၃ လူကုန်ကူးမှုအများဆုံးနိုင်ငံ
နံပါတ် ၁၄ ငြိမ်းချမ်းရေးကင်းမဲ့ဆုံးနိုင်ငံ
နံပါတ် ၁၅ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ
နံပါတ် ၁၇ AIDS/HIV ရောဂါနှင့် အသေအပျောက်အများဆုံးနိုင်ငံ
နံပါတ် ၃၈ ဆင်းရဲသား (အချိုး) အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့
ကမ္ဘာ့နိုင်ငံများအလယ်မှာ မြန်မာနိုင်ငံဟာ
နံပါတ် ၂ လဒ်ပေးလဒ်ယူအများဆုံးနိုင်ငံ
နံပါတ် ၂ လွတ်လပ်စွာပြောဆိုခွင့် ထိမ်းချုပ်မှုအများဆုံးနိုင်ငံ
နံပါတ် ၃ လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးနိုင်ငံ
နံပါတ် ၅ စီးပွားရေးလွတ်လပ်မှုအကင်းမဲ့ဆုံးနိုင်ငံ
နံပါတ် ၅ ပညာရေးအတွက် အသုံးစာရိတ်(အချိုး) အနည်းဆုံးနိုင်ငံ
နံပါတ် ၈ ကျန်းမာရေးအတွက် အသုံးစာရိတ်(အချိုး) အနည်းဆုံးနိုင်ငံ
စစ်ရေးအတွက် အသုံးစာရိတ်(အချိုး) ကတော့ နံပါတ် ၃၆ အများဆုံးနိုင်ငံ ဖြစ်တယ်။

အဓိကကတော့ မဦးဆောင်သင့်တဲ့လူတွေ ဦးဆောင်နေလို့ပါ။

ပြောင်းလဲဖို့အချိန်တန်ပြီ ...................... သိလား။
ပြောင်းလဲမှုက သင့်လက်ထဲမှာ ရှိတယ် ...... စဉ်းစား။
ပြောင်းလဲမှုကို သင်ဖန်တီးနိုင်တယ်.......... လှုပ်ရှား။

Monday, October 25, 2010

ဒုတိယပင်လုံညီလာခံ..ဦးဝင်းတင်နဲ့ မေးခွန်းများ

ဒုတိယပင်လုံညီလာခံအကြို ၊ နိုင်ငံရေးပေါင်းစည်းမှုအင်အား နဲ့ မြန်မာကွန်မြူနီတီ ညီညွတ်မှု ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ။ အောက်တိုဘာ ၂၅၊ ၂၀၁၀


(photo - U Win Tin at One Month Anniversary of U Ohn Myint, Oct 17th 2010)
ယခုရက်သတ္တပတ်မှာ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ရာမှာ ဆရာက အောက်တိုဘာ ၂၄၊ တနင်္ဂနွေနေ့၊ ချင်းပြည်နယ်၊ ကလေးမြို့မှာ ကျင်းပခဲ့တဲ့ ဇူးမီးအမျိုးသားကွန်ဂရက် ထူထောင်ခြင်း ၂၂ နှစ်ပြည့် ညီလာခံမှာ တောင်ပေါ်၊ မြေပြန့် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ စုပေါင်းပြီး ထုတ်ပြန်တဲ့ သဘောထားထုတ်ပြန်ချက်အကြောင်း ပြောဖြစ်ပါတယ်။
“ပထမအချက်က ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည် ညီညွတ်ရေး စတဲ့ ရည်မှန်းချက်တွေကို မှန်ကန်တဲ့ ဦးဆောင်မှု ညီညွတ်မှုအင်အားနဲ့ ဆောင်ရွက်သွားကြမယ်။
ဒုတိယအချက်ကတော့ အခု၂၀၁၀ ရွေးကောက်ပွဲဟာ အထက်ပါ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေမှာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးရဲ့ ညီညွတ်ရေး အင်အားနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ကြမယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာကြရမယ်လို့ ပြောတယ်။
သုံးအချက်ကတော့ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး မှီတင်းနေထိုင်တဲ့ မြန်မာပြည်မှာ တပြည်ထောင်စနစ်နဲ့လည်း မဟုတ်ဘူး၊ ခွဲထွက်ရေး စနစ်လည်း မဟုတ်ဘူး။ ဒီမိုကရေစီနည်းကျ လူမျိုးပေါင်းစုံ တန်းတူညီမျှ အတူတကွပေါင်းစည်းနေထိုင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်နဲ့ အားလုံး လက်တွဲပြီး နေထိုင်ကြမယ် ဆိုတဲ့ သံန္နိဋ္ဌာန် သဘောထား ရှိကြတယ်။ အဲဒါကို ဖြစ်ပေါ်စေဖို့ တိုင်းရင်းသားတွေအားလုံးနဲ့ စုဝေးပြီး ဒုတိယပင်လုံညီလာခံကို ခေါ်ယူကြမယ်ဆိုတာကို သဘောတူကြတယ် ဆိုတာက နံပါတ် ၃ အချက် ဖြစ်ပါတယ်။
အဲဒါကို ကြိုတင်ပြီး ဆွေးနွေးခဲ့ကြတယ်။ အဲသည် ကလေးမြို့အခမ်းအနားကို မသွားရောက်နိုင်တဲ့ ရန်ကုန်က နိုင်ငံရေးခေါင်းဆောင်တွေကလည်း သဘောတူတဲ့အကြောင်း လက်မှတ်ရေးထိုးခဲ့ကြတယ်။ ကလေးမြို့ညီလာခံမှာလည်း တက်ရောက်သူအားလုံးက သဘောတူ လက်မှတ်ထိုး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ အသက် ၉၀ ကျော် ၈၀ ကျော်တွေကလည်း ၀ိုင်းပြီး လုပ်နေကြတာ ဖြစ်တယ်။ ကျနော်တို့ဆီက ၀ိုင်းဝန်းပြီးတော့ ထောက်ခံဆောင်ရွက်နေကြတယ်။ တိုင်းရင်းသားအဖွဲ့တွေကလည်း ၀မ်းသာအားရ ဖြစ်ကြတယ်။ ကျနော်တို့ အင်န်အယ်ဒီက ဦးတင်ဦးတို့ ဦးဝင်းတင်တို့ကိုလည်း လက်မှတ်ထိုးပါ ဆိုလို့ ဖိတ်ခေါ်လို့ လက်မှတ်ထိုးပေးခဲ့ပြီးပြီ ဖြစ်တယ်။ ၀ါရင့်နိုင်ငံရေးသမားကြီးတွေလည်း ပါကြတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း တိုင်းရင်းသားတွေ အားလုံး အတူတကွ တညီတညွတ်တည်း တစုတစည်းတည်း ဖြစ်မှုကို တွေ့ကြရတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။”
အဲသည်မှာ မေးတဲ့မေးခွန်းကတော့ - ဒုတိယအချက်မှာ ပြောထားသလို ၂၀၁၀ ရွေးကောက်ပွဲကနေ ဒီမိုကရေစီရေးကို မဖော်ဆောင်နိုင်ဘူးလို့ ပြောထားတဲ့အတွက်၊ မဲဆန္ဒရှင် ပြည်သူတွေရဲ့ သဘောထားတွေက ဘယ်လိုရှိနေသလဲ ဆိုတာ ဖြစ်ပါတယ်၊
“အခုဟာက ပြန်ကြည့်လိုက်ရင် - အစပိုင်းမှာ အင်န်အယ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်တယ် လို့ ပြောလိုက်တဲ့အခါကျတော့ ပြည်သူအများစုမှာက အနည်းနဲ့ အများတော့ သံသယရှိခဲ့ကြတယ်။ သူတို့ ဒီလိုလုပ်တာ မှန်ပါ့မလားပေါ့။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် လမ်းလို့ ပြောတဲ့သူတွေကလည်း ရှိကြတာကိုး။ ပြီးတော့ အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲကို မ၀င်ဘူး၊ သပိတ်မှောက်တယ် လို့ ပြောလိုက်ရတာက စစ်အစိုးရရွေးကောက်ပွဲဥပဒေအရ ပါတီရဲ့ တရားဝင်ရပ်တည်ခွင့်ကိုပါ စွန့်လွှတ်ပြီးတော့ သပိတ်မှောက်တယ်လို့ ပြောလိုက်ရတာကိုး။
ရွေးကောက်ပွဲဆိုတာ ဖြစ်သန်းရတဲ့ ဖြစ်စဉ်တခုမျှသာ ဖြစ်တယ်။ နောက်ပြီးတော့ အိုဘားမားပြောခဲ့သလိုပေါ့ကွာ။ ရွေးကောက်ပွဲဆိုတာက သန့်ရှင်းတယ်၊ တရားမျှတတယ် ဆိုယုံနဲ့လည်း ပြီးတာ မဟုတ်ဘူး။ ရွေးကောက်ပွဲပြီးသွားရင်ကော ဘာဖြစ်မှာလဲ ဆိုတာကလည်း အရေးကြီးတယ်တဲ့။ ရွေးကောက်ပွဲပြီးသွားရင်ကော Good Governance ဆိုတဲ့ စစ်မှန်တဲ့ အစိုးရတရပ် ဖြစ်ပေါ်လာမှာလား ဆိုတာက အဓိကကျတယ်။ ဒီလိုမျိုး Good Governance ကို ဦးမတည်နိုင်ရင် အလကားပဲ ဖြစ်တယ်။
ရွေးကောက်ပွဲဆိုတာဒီမိုကရေစီအဖွဲ့အစည်းတွေက ဖြတ်သန်းရတယ်။ ရွေးကောက်ပွဲကို ဖြတ်ကျော်လိုက်ပြီးတဲ့နောက် မှာရွေးကောက်ပွဲပြီးသွားတဲ့အခါ ဗြိတိန်မှာပဲ ဖြစ်ဖြစ်၊ အမေရိကန်မှာပဲ ဖြစ်ဖြစ် အာဏာရဖို့တင် မဟုတ်ဘူး။ ပြည်တွင်း ပြည်ပ နိုင်ငံရေးကိစ္စတွေမှာ ပြည်သူတွေနဲ့အတူ အစိုးရအဖွဲ့အသစ် ပေါ်ထွန်းလာပြီးတော့ Good Governance အတွက် ပိုမိုကောင်းမွန်တိုးတက်မယ် ဆိုတဲ့ မျှော်လင့်ချက်ကို ဦးတည်နေကြတာ ဖြစ်တယ်။
အခုဒီမှာ ဖြစ်နေတာကို ပြန်ကြည့်လိုက်ကြတော့၊ ရွေးကောက်ပွဲအချိန်နီးလာတဲ့အမျှ၊ ရွေးကောက်ပွဲအကြိုကာလမှာတင်ကို မတရားမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ အများကြီးကို ပေါ်ပေါက်လာပြီ ဖြစ်တယ်။ စစ်အစိုးရရဲ့ ဘီလူးအစွယ်ထုတ်ပြတဲ့အခါကျတော့ ပြည်သူတွေက အင်န်အယ်ဒီ ရပ်တည်ချက်က မှန်ပါလားလို့ စိတ်တွေ ဖြစ်လာတယ်။
နောက်ပြီးတော့ ရွေးကောက်ပွဲအလွန်ကာလမှာ ဒီမိုကရေစီကို ဦးတည်တဲ့ Good Governance ကို ဖော်ဆောင်နိုင်မယ်ဆိုတာကို မျှော်လင့်ပြီး ရွေးကောက်ပွဲဝင်ကြတဲ့ နိုင်ငံရေးပါတီတွေ၊ တတိယအုပ်စုလို အင်အားစုတွေ ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲအလွန်ကို မပြောနဲ့ဦး အခုလို ရွေးကောက်ပွဲအကြိုကာလမှာတောင် ဒီမိုကရေစီ ဆိုတဲ့ စကားတွေကိုတောင် သုံးနှုံးခွင့်မရှိအောင် ဖိနှိပ်ချုပ်ချယ် ကန့်သတ်ထားတာကို ခံနေကြတယ်။ ဘာအခွင့်အရေးတောင်မှ မရှိဘူး ဖြစ်လာတယ်။ သူတို့တွေကိုယ်တိုင်တောင် မသေချာတဲ့ အခြေအနေဖြစ်လာတယ်။
ဒါ့အပြင် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် Good Governance ကိစ္စကို အသာထားဦး၊ မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ အချက်တခုကတော့ - ၂၀၀၈ အခြေခံဥပဒေဆိုတာကြီးက ရှိနေတယ်။ ဒါကိုလည်း ကျနော်တို့ကို ပစ်ပယ်ထားလို့ မရဘူး။ ဒါဟာ မှားယွင်းတဲ့ အခြေခံဥပဒေဖြစ်တယ်ဆိုပြီးတော့ အင်န်အယ်ဒီပါတီက ထောက်ပြထားပြီး ဖြစ်တယ်။
အဲဒီအချက်တွေကြောင့် ပြည်သူလူထုမှာ အနည်းနဲ့ အများ သဘောာပေါက်လာကြပြီ ဖြစ်တယ်။ ပြည်သူတွေထဲမှာ သည်ရွေးကောက်ပွဲဟာ ဟန်မကျဘူး။ မဟုတ်ဘူးဆိုတာ တလပြီး တလ၊ တနေ့ပြီး တနေ့ သဘောပေါက်လာကြတယ်။ အမှန်ကို မြင်လာကြပြီ ဖြစ်တယ်။ အခုလိုမျိုး ပြည်တွင်းမှာ လူထုသဘောထားက ရှိလာကြပြီ၊ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက အခုလိုမျိုး ဒုတိယပင်လုံညီလာခံလိုမျိုး ပေါ်ထွန်းလာဖို့ တောင်းဆိုမှုတွေ ပေါ်ထွန်းလာရတယ်။ ဒါကိုလည်း ပြည်သူတွေက လိုအပ်ချက်အဖြစ်၊ နိုင်ငံရေးပေါင်းစည်းမှု အဖြစ် မြင်လာကြလိမ့်မယ်လို့ ပြောချင်တယ်။
အဲသည်မှာ မေးခွန်းတခုကတော့ - ပြည်တွင်းက ပြည်သူတွေရဲ့ သိသာထင်ရှားတဲ့ အသံတွေ၊ သဘောထားတွေ ထုတ်ဖော်ပြသခွင့် မရှိအောင် ဖိနှိပ်ခံထားရတဲ့အချိန်မှာ ပြည်ပက မြန်မာပြည်သူတွေရဲ့ အခမ်းကဏ္ဍကိုကော ဆရာဦးဝင်းတင်တို့က ဘယ်လို သဘောထားသလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
ဟုတ်တယ်။ ကျနော်က ဒါကို တဆက်တည်း ပြောချင်တယ်။ အခုလိုမျိုး ပြည်တွင်းမှာ အင်န်အယ်ဒီတို့လို၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေက တိုင်းပြည်မှာ ဒီမိုကရေစီရေး ဖော်ဆောင်နိုင်ဖို့ လမ်းတွေ၊ သဘောထားတွေ၊ သံန္နိဋ္ဌာန်တွေ ချမှတ်ပြီး ဖော်ဆောင်နေချိန်မှာ၊ ပြည်တွင်းက အဖိနှိပ်ခံထားရတဲ့ ပြည်သူတွေက ဘာမှ ထုတ်ဖော်ပြောဆိုခွင့် မရကြဘူး။ အဲသည်လို အချိန်မှာ ပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေက သူတို့သဘောထားကို ထုတ်ဖော်ပြသကြတယ်လို့ ကြားသိရတယ်။ အယင်အပတ်က အမေရိကန်ပြည်က ပြည်နယ် ၄၊ ၅ ခု မှာ ရောက်ရှိနေထိုင်ကြတဲ့ မြို့နယ် ၁၄ မြို့နယ်က မြန်မာကွန်မြူနီတီတွေက တစုတစည်းတည်း သဘောထားတွေ ထုတ်ပြန်ကြတယ်လို့ ဆိုပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံဘူး၊ ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ ဘယ်ရလဒ်ကိုမှ လက်ခံခြင်း မရှိဘူးလို့ တစုတစည်း၊ တညီတညွတ်တည်း ပြောလိုက်တယ် လို့ ဆိုတယ်။
အခုချိန်မှာ ပြည်တွင်းက ပြည်သူတွေက သဘောပေါက်စ ပြုနေပြီ။ အင်န်အယ်ဒီပါတီက အောက်ခြေတွေအထိ ဆင်းပြီး ရှင်းလင်းမှုတွေ ပြုတဲ့နေရာမှာ အခု နောက်ဆုံးအဆင့်အနေနဲ့ ကျေးလက်တွေအထိပါ ဆင်းပြီး ပြောပြနေတယ်။ လူထုရဲ့ သဘောပေါက်မှုဟာ မြင့်မားလာနေတယ်။ သို့သော် လူထုဟာ ထုတ်ဖော်ပြောခွင့် မရကြတော့ သူတို့တွေရဲ့ ရွေးကောက်ပွဲ အပေါ်မှာ ကန့်ကွက်မှုတွေ၊ မကျေနပ်မှုတွေကို အများက သိရှိခွင့် မရကြဘူး။ အဲသည်လို အခြေအနေမှာ ပြည်ပက မြန်မာကွန်မြူနီတီကနေပြီးတော့ ပြည်တွင်းက ပြည်သူတွေရဲ့ သဘောထားတွေ ကိုယ်စားထုတ်ဖော်ပေးတယ်လို့ ကြားသိရတဲ့အတွက် အင်မတန်မှ အဖိုးတန်တယ်လို့ ပြောချင်ပါတယ်။
သည်လိုမျိုး ကြိုတင်သဘောထားတွေ ထုတ်ပြန်ထားတာကို ပြည်တွင်းက မြန်မာတွေက သိရှိသွားကြတဲ့အခါမှာ နောက်ဆုံး မဲပေးတဲ့နေ့ကို ရောက်လာကြရင် မဲမပေးဘဲ နေကြမယ်။ မဖြစ်မနေ မဲရုံထဲ တွန်းပို့ခံကြရရင်တောင်မှ ပြည်သူတွေဟာ သူုတို့ရဲ့ သဘောထားမှန်ကို အဲသည်မှာ ထုတ်ဖော်ပြသကြလိမ့်မယ်လို့ ယုံကြည်တယ်။ အခက်အခဲတွေကတော့ အများကြီးနဲ့ရင်ဆိုင်ကြရမှာပါပဲ။ သို့သော် ရွေးကောက်ပွဲဟာ ပြည်သူ့အစိုးရဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ မျှော်လင့်ချက်မရှိဘူး။ နောက်ဆုံးတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေအတိုင်း စစ်အာဏာရှင်တွေ တည်မြဲဖို့ပဲ ဖြစ်တယ်ဆိုတာကို ပြည်သူတွေကြားမှ သိရှိမှု၊ နိုးကြားမှုတွေ ပိုမိုပြီး ပြန့်နှံ့စေတယ်ဆိုတာကိုတော့ ပြောရမှာ ဖြစ်ပါတယ်။
အခုအချိန်မှာ ကျနော် ရှေ့က အင်တာဗျူးမှာ ပြောခဲ့သလို နိုင်ငံရေးစုစည်းမှု အင်အားတွေ ဖြစ်ပေါ်လာတယ်လို့ ပြောချင်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးကို ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားတွေကိုယ်တိုင်ပါ ပါဝင်ပြီး ဆောင်ရွက်နိုင်တဲ့ အဆင့်တွေ ဖြစ်လာတယ်။ စစ်အာဏာရှင်တွေရဲ့ရွေးကောက်ပွဲကို အကြောင်းပြုပြီးတော့ အခြားတဖက်မှာ ကျနော်တို့ ဒီမိုကရေစီရေးအင်အားစုတွေ စုစည်းမိလာတယ်။ ညီညွတ်လာကြတယ်။ ဒါမျိုး ပြောချင်ပါတယ်။

ကလေးမြို့တိုင်းရင်းသားနှင့်နိုင်ငံရေးအင်အားစုခေါင်းဆောင်ကြီးများ၏ ဆုံးဖြတ်ချက်များအပေါ် စစ်အာဏာရှင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှုကော်မတီမှ ထောက်ခံကြိုဆို

Supot Statement for Kalay Decision

ရွေးကောက်ပွဲကို လူတထောင်ကျော် ဆန့်ကျင် ဆန္ဒပြ

2010-10-25

မကြာခင် စစ်အစိုးရပြုလုပ်မဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းက တိုင်းရင်းသား လူအင်အား တထောင်ကျော်လောက် အောက်တိုဘာလ ၂၅ရက် ဒီကနေ့ မနက်ပိုင်းမှာ စုရုံးဆန္ဒပြခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီအကြောင်းအပြည့်အစုံကို RFA သတင်းထောက် ကိုမိုးကျော်က အခုလို သတင်း ပေးပို့ထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် အနောက်ဖက်ခြမ်း ၄ မိုင်အကွာမှာ ရှိတဲ့ကျေးရွာတွေက လူထုတွေဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့အဝင်က စစ်တပ်ဂိတ်ဝထိ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ချီတက် ဆန္ဒပြခဲ့တာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ကိုဇာနည်သွေးက အခုလိုပြောပါတယ်။

“နအဖကျင်းပပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူလူထုအနေနဲ့ ဆန့်ကျင် တိုက်ဖျက်တဲ့ လူထုလှုပ်ရှားမှု ဆန္ဒပြပွဲပါ။ ဒေသခံ ကြာအင်းဆိပ်ကြီး မြို့နယ်တဝိုက်မှာ ရှိတဲ့ ရှမ်းလူမျိုးတွေ နေတဲ့ကျေးရွာရယ်၊ မွန်လူမျိုးတွေ နေတဲ့ ကျေးရွာရယ်၊ ကရင်လူမျိုးတွေ နေတဲ့ကျေးရွာရယ်၊ ကြာအင်း ဆိပ်ကြီး အနောက်ဖက်က။ ဒီကနေ့ မနက်ကတော့ အင်အား တထောင်နဲ့ တရာကျော် ပါတယ်။ ၂၀၁၀ နအဖ ရွေးကောက်ပွဲ အလိုမရှိဆိုတာကို ကြွေးကြော်ပါတယ်။ ပြီးတော့မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ နောက် ဒီမိုကရေစီ တည်ဆောက်ရေး၊ နောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဒို့အရေး ဒို့အရေးဆိုပြီး ကြွေးကြော်ပါတယ်။ ပြီးတော့မှ အရေးတော်ပုံ အောင်ရမည် အောင်ရမည်။ အဲဒါပါ။”

ချီတက်ဆန္ဒပြခဲ့တဲ့ နောက်ဆုံးနေရာဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့ ရှေ့တန်းအခြေချ စစ်ဗျူဟာရုံးရှိတဲ့နေ ရာဖြစ်ပါတယ်။ စစ်အစိုးရအာဏာပိုင်တွေဖက်ကတော့ နှောင့်ယှက်ဟန့်တားတာမျိုးမရှိဘူးလို့လည်းသိရပါတယ်။

အလားတူ ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့တုန်းကလည်း ကြာအင်းဆိပ်ကြီးနဲ့ ချောင်းနှစ်ခွ ကားလမ်းဘေးမှာ တိုင်းရင်းသား အင်အား ၅၀ဝ ကျော်လောက်က စုရုံးဆန္ဒပြခဲ့တယ်လို့သိရပါတယ်။ ခုလိုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့လည်း ဆန္ဒပြရာမှာပါဝင်တဲ့ ကိုဇာနည်သွေးက အခုလိုပြောပြပါတယ်။

“မြန်မာနိုင်ငံသူ နိုင်ငံသားတွေဖြစ်တဲ့ ကျနော်တို့ ပြည်သူတရပ်လုံးရဲ့ သဘော ဆန္ဒကိုလည်း မြန်မာတနိုင်ငံလုံးလည်းသိနိုင်အောင် ကျနော်တို့ တကမ္ဘာလုံးကလည်း သိနိုင်အောင် အဲဒီ တခြား တခြားသော ဒေသတွေမှာ ရှိတဲ့ မြန်မာပြည်သားတွေလည်း သူတို့ ရောက်ရှိတဲ့ နေရာမှာ သူတို့ရဲ့ သဘောဆန္ဒကိုလည်း အခုလို ပွင့်ပွင့်လင်းလင်း ပြသဖို့ အချိန်ရောက်ပြီ ဆိုတာကို ပြသဖို့ ကျနော်တို့ ဆန္ဒပြခြင်း ဖြစ်ပါတယ်။”

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် ထိစပ်နေတဲ့ ဒေသတွင်းမှာ စစ်အစိုးရဖက်က ရွေးကောက်ပွဲ ဥပဒေနဲ့ မကိုက်ညီတဲ့ ကြိုတင်မဲတွေ လိုက်လံ ကောက်ယူတာမျိုးတွေ ပြုလုပ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကရင်ပြည်နယ် အတွင်းက ဒေသအချို့ဟာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ် ကြေညာထားကြောင်း သိရပါတယ် ။

Sunday, October 24, 2010

တို့ပြည်ထောင်စု အလံတော်သည်.. ပြည်သူအကျိုးအတွက် မပါပါသည်.. ငတက်ပြားတို့ ယတြာချေသည် အားလုံးကန့်ကွက်ကြပါမည်..

အရင်အလံဟောင်းကို ခေါင်းပေါင်း မြို့တော်ဝန် ဝါးတီးဝတ်စုံနဲ့ ကျကျနနတွေ့ရပြီး..


ကျွန်တော်တို့ ငယ်ငယ်က မဆလ ခေတ်လက်ထက်မှာ ပြည်ထောင်စုနေ့တိုင်း ကျိက္ကဆံကွင်းကို တစ်အိမ်တစ်ယောက် မတက်မနေရ ချီတက်ရပါတယ်..။ ခမောက်တွေ ကိုယ်စီနဲ့ နေပူကျဲတဲထဲမှာ ခမောက်ကိုယ်စီနဲ့ ကိုယ့်ထမင်းထုတ်ကိုယ် ယူပြီး တက်ကြရပါတယ်.. လူတိုင်းမတက်ချင် တက်ချင်နဲ့ပေါ့ .. လူပေါင်းများစွာ တက်ရောက်တဲ့ ကျိုက္ကဆံကွင်းမှာ ခေါင်းညိတ် လက်ညှိုးထောင် ကြွေးကြော်သံတိုင်ပြီး ပြန်လာကြရပါတယ်..။ ပြန်လာတဲ့ ဦးလေးတွေ အဒေါ်တွေ မျောက်ဖြူတွေ အတိုင်း ဖုန်တလုံးလုံး ပင်ပန်းနွမ်းနယ်ပြီး တောက်တခေါက်ခေါက်နဲ့ပေါ့...။ တစ်ချို့လည်း ကျိုက္ကဆံကွင်း မရောက်ခင် ဘတ်စ်ကားစီးပြီး ပြန်လစ်လာကြတယ်လေ ။ မဆလခေတ် ပြည်ထောင်စုနေ့တိုင်း ပင်လုံမြို့ကနေ နိုင်ငံတော် အလံကို တိုင်းနဲ့ပြည်နယ်တွေကို ဖြတ်သန်း သယ်ဆောင်တဲ့ အခါမှာတော့ ပြည်နယ်နဲ့တိုင်းတွေက ကြိုဆိုကြ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ကြပေါ့.. မဆလခေတ် ပါတီကောင်စီတွေလည်း ကြိုဆိုရေးစားရိတ် ဘာစားရိတ် ညာစားရိတ် ဆိုပြီး ရိတ်ခတွေ ရကြပေါ့..။ ပြည်တွေကတော့ တိုင်းနဲ့ပြည်နယ် အလံရောက်တဲ့ မြို့တိုင်းမှာ နေပူကျဲတဲအောက်မှာ ဒုက္ခရောက်ကြပေါ့..။ အဲ့ဒါမဆလခေတ်လေ...

နောက်ပိုင်း နဝတခေတ်မှာတော့ မြို့တော်ခန်းမမှာထားပြီး မြို့တော်ဝန်က အလံတော်ကို ဖလားပေါ်မှာပဲ စိုက်ထူရုံပဲ ပြုလုပ်ပါတော့တယ်..။

ထိုမဆလခေတ် ရုပ်မြင်သံကြားနဲ့ ရေဒီယိုက ထုတ်လွှင့်နေကြ သီချင်းဖြစ်တဲ့

တို့ပြည်ထောင်စု အလံတော်သည်
တလူလူလွှင့်လို့ ချီလာပြီ
ပြည်သူအပေါင်းတို့ ပျော်ရွှင်သည်
အားလုံးအလေးပြုကြပါမည်...

ဆိုလား သေချာတော့ မမှတ်မိတော့ပါ..

အခုခေတ် လူငယ်တွေကတော့ ကြားဘူးချင်မှ ကြားဘူးပါလိမ့်မယ်...။

မဆလခေတ် အဲ့ဒီသီချင်းကို လူငယ်တွေဖျက်ဆို ခဲ့တာကတော့

တို့ပြည်ထောင်စု အလံတော်သည်
ဗိုလ်ချုပ်ဈေးက ဝယ်လာသည်
တစ်ထည် ၅ကျပ်တန်ပါသည် ..
ဆေးဆိုးပန်းရိုက် ဖြစ်ပါသည်..

ဆိုပြီး ဖျက်ဆိုကြပါတယ်..။

ပြီးခဲ့တဲ့(၂၁)ရက်နေ့က မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက အံ့သြရလောက်တဲ့ ၂၁ရက်နေ့ နေ့လည် ၃နာရီ ၃၃မိနစ်မှာ ယတြာမျိုးစုံနဲ့ တင်ခဲ့တဲ့ အလံကတော့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့အလံနဲ့ ထပ်တူတူနေသလို ရှမ်းပြည်နယ်ရဲ့အလံ ခွပ်ဒေါင်းအလံတွေနဲ့ အရောင်တွေ အကုန်တူနေတာပါပဲ..။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ရဲ့အလံနဲ့တူနေတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး မြန်မာပြည်က နိုင်ငံရေးသမားကြီးတစ်ဦးအား မေးမြန်းကြည့်ရာမှာတော့ NCGUBမှ ထိုအလံကိစ္စကို အမြဲကန့်ကွက်နေကြောင်းနဲ့ ဘာလို့. စစ်အာဏာရှင်တွေက ယူသုံးရတာလဲလို့ မေးမြန်းကြည့်ရမှာတော့ စစ်အစိုးရလည်း NCGUB ဖြစ်ချင်လို့နေမှာပေါ့ကွာလို့ ပြန်ဖြေဆိုသွားပါတယ်။


ယတြာအလံတင်ပွဲမှာတော့ တိုက်ပုံအဖြူ၊ ရတာခိုင်ရအောင် ရခိုင်ပုဆိုး၊ စင်ကြယ်ဖိနပ်နဲ့ ခေါင်းပေါင်းမပါ အလှူအိမ်က ဖိနပ်မှားစီးလာတဲ့ ပုံစံလိုလို အိပ်ယာက ကမန်းကတန်းထလာတဲ့ ပုံစံလိုလို နိုင်ငံတော် အလံတင်အခမ်းအနား ဝတ်စုံတဲ့
ဓာတ်ပုံ ဧရာဝတီဘလော့(ဂ်)

လာမယ့်ပြည်ထောင်စုနေ့မှာတော့ ဒီအလံ ဒီအရောင်နဲ့ ရွေးကောက်ပွဲ ဝင်မယ့်ပါတီတွေ ဘယ်လိုများ ဇာတ်ကကြဦးမလဲ ဆိုတာတော့ စဉ်းစားစရာ ဖြစ်နေပါတယ်..။ အလံတင်တဲ့နေ့မှာလည်း မစင်ကြယ်တဲ့ မြို့တော်ဝန်အောင်သိန်းလင်းက စင်ကြယ်ဖိနပ်စီးပြီး ဝတ်ထားတဲ့ တိုက်ပုံတောင်ရှည်ပုဆိုးတွေနဲ့ မအပ်စပ်ပဲ လူပျက်ယောင်ယောင် ယတြာချေသွားပါတယ်။ လောလောဆယ်မှာတော့ အလံတင်ပြီး ကြပ်ပြေးကို နေ့လည် ၃နာရီ ၃၀ မိနစ်မှာ ဆင်ဖြူရောက်ပြီး နောက်နေ့မှာပဲ .. မြန်မာပြည်အနောက်ပိုင်းနဲ့ အလယ်ပိုင်းကို ဂီရီမုန်တိုင်းက ဝင်မွှေသွားတာဟာ.. ဒဿဂီရိလို ဘီလူးခေါင်းဆောင်းထားတဲ့ ဗိုလ်ချုပ်တွေအတွက် နိမိတ်ပြလိုက်တာပါပဲ.. မီဒီယာတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ နာမည်ကြီး ဝေဒပညာရှင် စံဇာဏီဘိုက ပြောကြားရာမှာတော့ ထိုနေ့မှာ ပြုလုပ်တဲ့ အလံတင် အခမ်းအနားဟာ ကောင်းရင်လည်း အရမ်းကောင်း သွားနိုင်တယ်။ ဆိုးရင်လည်း အရမ်းဆိုးသွားနိုင်တဲ့ တုန့်ပြန်မှုတွေ ရှိတယ်လေ။ ဟုပြောဆိုသွားပါတယ်.. လက်ရှိအနေအထားရ ကောင်းနိုင်မယ့် အနေအထား တစ်ခုမှ မမြင်ရသေးပါဘူး..။ အလံသစ်ဟာ နအဖအတွက် နောက်ဆုံး ကျဆုံးခန်းဖြစ်ပြီး အလံပေါ်မှာ ကြယ်ဖြူဖောက် အာဏာရှုးတွေပျောက် ဆိုတဲ့နေ့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း....။

ကလေးမြို့တွင်ကျင်းပသော (၂၂)နှစ်မြောက် ဇိုမီးအမျိုးသားကွန်ဂရက်၏ နှစ်ပါတ်လည်ကြေညာချက်နှင့် ဒုတိယ(ပင်လုံညီလာခံ)ခေါ်ယူရေးကြေညာစာတမ်း

Message From Pu Chin Sian Thang

Kalay Decision Announcement[1]

Saturday, October 23, 2010

ကျောက်ဖြူမြို့သို့ ဂီရိဆိုင်ကလုန်းဝင်၊ အရေးပေါ်အကူအညီ လိုအပ်

ဧရာဝတီ Saturday, October 23, 2010 . ဆိုင်ကလုန်း မုန်တိုင်းကြီး ဂီရိ ၀င်ရောက် တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်တွင် အရေးပေါ် အကူအညီများ လိုအပ်နေပြီး လေတိုက်နှုန်းနှင့် ဒီရေမြင့်တက်မှုတို့ကြောင့် လူအသေအပျောက် ရှိနိုင်ကြောင်း သတင်းရရှိသည်။


ဂီရိ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်တည်မှုနှင့် မြန်မာပြည်သို့ ရွေ့လျားရာ လမ်းကြောင်း (ဓာတ်ပုံ - Myanmar Climate Change Watch)
“တမြို့လုံး မြို့ပျက်ကြီးတခုလို ဖြစ်နေတယ်။ ဈေးဆိုင်တွေလည်း မဖွင့်ဘူး။ လမ်းတွေပေါ်မှာလည်း သစ်ပင်တွေ အတုံးအရုံး လဲပြိုနေတယ်။ ကမ်းနားမှာရှိတဲ့ အိမ်တွေဆို လုံးဝလဲပြိုကုန်တယ်။ လောလောဆယ် ဆန်ဝယ်ဖို့ အခက်အခဲဖြစ်နေတယ်။ စားဖို့ သောက်ဖို့ အခက်အခဲ ဖြစ်နေတယ်။ သောက်ရေလိုတယ်” ဟု ကျောက်ဖြူမြို့ပေါ် စေတီကုန်းရပ်ကွက်နေ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

မိုးလေ၀သ လေ့လာရေး အဖွဲ့အား ဦးဆောင်နေသူ မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာန၏ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းလွင်က “မနေ့က ကျောက်ဖြူမှာ လေတိုက်နှုန်း တနာရီ ၉၁ မိုင်နှုန်းနဲ့ ဖြတ်ခဲ့တယ်။ ကျောက်ဖြူနဲ့ တိုက်ရိုက် အဆက်အသွယ်ရထားတယ်။ အိမ်နဲ့သစ်ပင်တွေ အပျက်အစီးများပါတယ်။ ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးမှုရှိခဲ့ပြီး လူအသေအပျောက်မရှိဘူး ပြောတယ်။ ရေက ၆ ပေ ၇ ပေလောက် ကမ်းနားပိုင်းမှာ တက်ခဲ့တယ်” ဟု ပြောသည်။

ယမန်နေ့ညပိုင်း ၀င်ရောက်တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်ဖြူမြို့ပေါ်တွင်ပင် ဒီရေ ၅ ပေခွဲခန့် တက်ခဲ့ပြီး သစ်ပင်များပြိုလဲခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်း ၁၀ နာရီခန့်အထိ လမ်းမများပေါ်တွင် ရေ ၂ ပေ၊ ၃ ပေနီးပါး ရှိနေသေးကြောင်း၊ ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက် ၁၁ ခုလုံးတွင် အိမ်အမိုးများလန်သွားခဲ့ကြောင်း ဒေသခံများကို ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

ကျောက်ဖြူမြို့နယ်အပါအ၀င် ကျောက်ဖြူဝန်းကျင်တခုလုံးတွင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေနှင့် ပြန်လည် ဆောက်လုပ်ရေး ပစ္စည်း လိုအပ်သူ ဒုက္ခသည် သောင်းချီရှိနိုင်ကြောင်း သံတွဲခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတဦးက ဆိုသည်။

ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက် ၁၁ ရပ်ကွက်တွင် လူပေါင်း တစ်သောင်းနီးပါးနေထိုင်သည်ဟု သိရှိရသည်။

ကျောက်ဖြူမြို့ပေါ်ရှိ ကညင်ကုန်းရပ်ကွက်၊ စေတီတော်ကုန်းရပ်ကွက်များ အပါအ၀င် ရပ်ကွက်များတွင် တထပ်အိမ်များ နစ်မြုပ်သွားသည်အထိ မုန်တိုင်းဒီရေတက်ခဲ့ကြောင်း၊ မုန်တိုင်းကြောင့် ပုဇွန်ကန်၊ စပါးသိုလှောင်ရာနေရာများ၊ ကျောက်ဖြူမြို့ အမှတ် (၁) နှင့် အမှတ် (၂) သင်္ဘောဆိပ်ကမ်း၊ လကွေ့သင်္ဘောဆိပ်ကမ်းများလည်း လုံးဝပျက်စီးသွားကြောင်း၊ ကျောက်ဖြူမြို့နယ်ကို ပတ်ထားသည့် ရေမဝင်အောင် တားဆီးထားသော ရေငန်တာကြီးလည်း ကျိုးပေါက်သွားခဲ့ကြောင်း သိရှိရသည်။

ကျောက်ဖြူမြို့မှ ငါးဖမ်းလုပ်ငန်းရှင်တဦးက မုန်တိုင်းသည် အလွန်ပြင်းထန်ပြီး ကျေးရွာများနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း၊ ကျေးရွာအများစုသည် ပင်လယ်ကမ်းခြေနှင့် နီးပြီး ပင်လယ်ဒီရေကြောင့် ထိခိုက်သေပျောက်မှု ရှိနိုင်ကြောင်း ပြောသည်။

“ကျနော့်မိတ်ဆွေတွေရှိတဲ့ ရွာတွေကို ဆက်သွယ်နေတယ်။ လုံးဝ ဆက်သွယ်လို့မရဘူး” ဟု ၄င်းက ဆိုသည်။

ကျောက်ဖြူဒေသခံများ၏ ပြောကြားချက်အရ ပင်လယ်ကမ်းခြေကို အခြေပြုနေထိုင်ကြသော ကျေးရွာ ရာနှင့်ချီရှိပြီး ကျေးရွာတရွာလျှင် အိမ်ခြေ ၁၀၀ ခန့်ရှိကြောင်း သိရသည်။

မုန်တိုင်းဝင်ပြီးနောက် ကြိုးဖုန်း အဆက်သွယ်များ အားလုံးပြတ်တောက်ခဲ့သော်လည်း ယခုအခါ ကမ်းရိုးတန်းဒေသသုံး CDMA 450 MHz ဖုန်းများ အဆက်အသွယ်ပြုလုပ်၍ ရနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် စတင်ဖြစ်ထွန်းခဲ့ပြီး တဖြည်းဖြည်းနှင့် အားကောင်းလာကာ ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

ဒေါက်တာ ထွန်းလွင်က “ည ၁၂ နာရီအထိ ရခိုင်ရိုးမကို မကျော်သေးဘူးလို့ ခန့််မှန်းတယ်။ မနက်ပိုင်းမှာတော့ ကုန်းတွင်းကို ၀င်ရောက်လာပြီး အခု မန္တလေးတိုင်းပေါ်မှာ ရှိနေပါတယ်။ Category II အဆင့်ကနေ လျော့ကျသွားပါပြီ။ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ မိုးရွာသွန်းမှုတွေ ရှိလာပါမယ်” ဟု နောက်ဆုံးအခြေအနေကို ခန့်မှန်းထားသည်။

၂၀၀၈ မေလ ဆန်းက တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်းတွင် လူဦးရေ ၁၄၀၀၀၀ ၀န်းကျင် သေဆုံး ခဲ့ရသည်။

Thursday, October 21, 2010

မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီး ဆင်နွှဲကြတော့မည်

အထွေထွေသပိတ် တိုက်ပွဲကြီး ဆင်နွှဲမည်
မြတ်ခိုင်ဦး / ၂၁ အောက်တိုဘာ ၂၀၁၀



လာမည့်စနေနေ့၊ သီတင်းကျွတ်လပြည့်နေ့တွင် တိုင်းတခွင်လုံး၌ အထွေထွေသပိတ်ကြီး ဆင်နွဲမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကော်မတီမှ တိုက်တွန်း နှိုးဆော်လိုက်သည်။

“၂၀၁၀ ရွေးကောက်ပွဲဟာ တရားမမျှတလို့ပါ၊ အခြေခံဥပဒေကိုလည်း မကြိုက်လို့ပါ။ လူ့အခွင့်အရေးလည်း လုံးဝမရှိတဲ့အတွက်ကြောင့်ပါ၊ ဒါကို ပြည်သူလူထုကလည်း သိပြီးသား ဖြစ်တဲ့အတွက်ကြောင့် အခုလို တက်ညီလက်ညီနဲ့ သပိတ်မှောက်ရခြင်း ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့နေ မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ် ကော်မတီဝင်တဦးက ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါ အထွေထွေသပိတ်ကော်မတီအား ယခုလ အောက်တိုဘာလ (၁၅) ရက်နေ့တွင် မြန်မာပြည်ရှိ တိုင်း (၆) တိုင်း၊ ပြည်နယ် (၄) ခုတို့မှ ကိုယ်စားလှယ်ပေါင်း (၂၁) ဦးတို့က ဦးဆောင်ကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အထွေထွေ သပိတ်ကော်မတီကို ပြည်သူလူထုတရပ်လုံး၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန်အလို့ဌာ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအဖွဲ့သည် လွန်ခဲ့သော ရက်ပိုင်းများကတည်းက ရန်ကုန်မြို့တွင် ရွေးကောက်ပွဲဆန့်ကျင်ရေး စာများ ဖြန့်ဝေကာ လူထုကို စည်းရုံးထားကြောင်းလည်း အဆိုပါ သပိတ်ကော်မတီဝင် တဦးက ပြောသည်။

ပြည်သူလူထုပါဝင် ဆင်နွှဲလာမည်ဟုလည်း ယုံကြည်ကြောင်း ၎င်းက “ဟုက်ကဲ့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေကလည်း သူတို့ မတရား လိမ်နေတာကို သိနေတဲ့ အတွက်ကြောင့်ပါ၊ ဒီတခါဆိုတာ ဒီမိုကရေစီရဖို့အတွက် နောက်ဆုံးအချိန် ဖြစ်လို့ပါ။ ပြည်သူတွေပါမှာပါ” ဟု ဆိုသည်။

ရင်ဆိုင်ကြုံတွေ့ရနိုင်မည့် အခြေအနေများနှင့် ရပ်တည်ချက်များနှင့် ပတ်သက်၍လည်း ၎င်းက “ကျနော်တို့ကတော့ မထူးတော့ဘူးလေဗျာ။ ပြည်သူတွေမှာက သေမထူး နေမထူး ဖြစ်နေပြီလေ။ ဒီအတိုင်း ခေါင်းငုံ့ခံနေရင် ကျနော်တို့ ဘ၀တွေဟာ သွားပြီလေဗျာ။ စစ်ဖိနပ်အောက် ပြားပြားမှောက်နေရတော့မှာလေ။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေဟာ ထိပ်တိုက်ရင်ဆိုင်ကြမှာပါ” ဟု ဆက်လက် ရှင်းပြသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကော်မတီအနေဖြင့် ဘက်ပေါင်းစုံမှ အကွက်ကျကျ စီစဉ်ထားကြောင်း၊ ပြည်သူများအနေနှင့် ၎င်းတို့နှင့်အတူ ပါဝင်အားဖြည့်ကြရန်လည်း ပြည်သူများအား ပြန်ကြားကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ အနေနဲ့ကတော့ ယုံကြည်ချက်ကို ဦးတည်ထားတဲ့အတွက်ကြောင့် အောင်ကိုအောင်မြင်မှာပါ၊ ဒီမိုကရေစီပန်းတိုင် ရောက်ကိုရောက်မှာပါ” ဟုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ် ကော်မတီဝင်တဦးက ပြောကြားသွားသည်။
www.khitpyaing.org

တရားမ၀င်(နအဖ)နှင့်( ကြံဖွတ်)တို့မှမူးကြောင်ရူးကြောင်နဲ့ နိုင်ငံတော်အလံသစ်တင်ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆီးနေပြီ

ဧရာဝတီ Thursday, October 21, 2010

လက်ရှိ အသုံးပြုနေသော နိုင်ငံတော်အလံကို ယနေ့ မီးရှို့ဖျက်ဆီးမည် ဖြစ်ပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော နိုင်ငံတော် အလံသစ်ဖြင့် ယတြာ သဘောအရ စတင် အစားထိုးပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း နေပြည်တော် စစ်အရာရှိ အသိုင်းအဝန်းက ဆိုသည်။အလံဟောင်းများကို တပြိုင်နက်တည်း မီးရှို့ဖျက်ဆီးကာ မြေမြှုပ်မည် ဖြစ်သည်
အဆိုပါ နိုင်ငံတော်အလံသစ်တွင် အ၀ါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင်ခြယ်ထားပြီး အလယ်တွင် အဖြူရောင် ကြယ်ကြီး တလုံးပါရှိသည်။

ယနေ့ မွန်းလွဲပိုင်း ၃ နာရီတွင် နေပြည်တော်ရှိ အစိုးရ ၀န်ကြီးဌာနများ အပါအ၀င် နိုင်ငံတ၀န်းလုံး၌ သုံးရောင်ခြယ် အလံသစ် လွှင့်ထူသည့် အခမ်းအနားများကို တပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပြီး နေပြည်တော် မြို့တော်ခန်းမတွင် အလံသစ် လွှင့်တင်ပွဲကို ခမ်းနားစွာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။အလံတင်အခမ်းအနား များပြုလုပ်ရာတွင် အလံဟောင်းကို အင်္ဂါသားသမီး ၀န်ထမ်းများက ဖြုတ်ချရမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသည့် ၀န်ထမ်းများက အလံသစ်ကို လွှင့်တင်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါအလံသစ် ပြောင်းလဲ လွှင့်ထူခြင်းကို ဗေဒင် ယတြာ သဘောဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း နေပြည်တော်ရှိ ဌာနဆိုင်ရာ အရာရှိကြီးတဦးက ပြောသည်။
“ဌာနတွေမှာ အလံသစ်တင်ရင်လည်း အင်္ဂါသားသမီး ၀န်ထမ်းတွေက အလံဟောင်းကို ဖြုတ်ချရမယ်။ ဗုဒ္ဓဟူး သားသမီး တွေက အလံသစ်တင်ရမယ်။ ဒါက မဖြစ်မနေလုပ်ဆောင်ရမယ့် ညွှန်ကြားချက်ပါ” ဟု ၎င်းက ဆိုသည်။အလံဟောင်းများ အားလုံးကိုလည်း မီးရှို့ဖျက်ဆီးကာ မြေမြှုပ်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင်ပင် တပြိုင်နက်တည်း ပြုလုပ်ရမည်ဟု သိရသည်။


အလံသစ်နှင့် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်သစ်
“အင်္ဂါသမီးကို နာမ်နှိမ်တဲ့အနေနဲ့ အင်္ဂါသားတွေကို အလံဟောင်း ဖြုတ်ချခိုင်းတာဖြစ်မယ်။ သဘောကတော့ အင်္ဂါသမီးကြောင့် သူတို့ အာဏာပြုတ်မကျနိုင်အောင် ယတြာချေလိုက်တာမျိုးဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

အလံတင်အခမ်းအနား ပြုလုပ်သည့် အောက်တိုဘာ ၂၁ ရက်နေ့သည် မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့ကျရောက်ပြီး ဗေဒင်သဘောတရားအရ ရက်ရာဇာနေ့ ဖြစ်သည်။ မွန်းလွဲ ၃ နာရီတွင် အလံသစ် တင်မည် ဖြစ်သောကြောင့် ၃ ဂဏန်းသည်လည်း အင်္ဂါနာမ်ဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်မှ အစိုးရ သစ်တောအရာရှိတဦးကိုလည်း အလံသစ်တင် အခမ်းအနားအတွက် ဖိတ်ကြားထားသည်ဟု ပြောဆိုသည်။

“မွန်းလွဲ ၃ နာရီ အလံသစ်တင်အခမ်းအနားကို ရှမ်းပြည်နယ်တိုင်းမှူးနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ အကုန်လုံး တက်ရမယ်” ဟု ရှမ်းပြည်နယ် တောင်ကြီးမြို့မှ သစ်တောဝန်ကြီးဌာန အကြီးအကဲက ပြောသည်။

၂၀၀၉ ခုနှစ်အတွင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်က သမိုင်းဝင် ရှေးဟောင်း ဓနုတ်စေတီတော် ကြီးကို ထီးတော်တင်လှူပြီးနောက် ရက်ပိုင်းအတွင်း ထူးခြားသော နိမိတ်လက္ခဏာများ ပြသက ပြိုကျသွားခဲ့သည်။ ထိုဖြစ်ရပ် နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မိသားစုသည် ဗေဒင်ယတြာများကို ယခင်ထက် ပိုမိုယုံကြည် ပြုလုပ်လာကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအ၀န်း ဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့မှစ၍ အာဏာတည်မည်ဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အလံသစ်ကိုလည်း ယင်းနေ့တွင်မှ စတင်ပြောင်းလဲ အသုံးပြုရမည်ဖြစ်ကြောင်း နိုင်ငံရေးသမားတဦးက ရှင်းပြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှ အလံပြောင်းလို့ရမှာ။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်ခင် ဗေဒင်သဘောနဲ့ အလံပြောင်းတာက သူတို့ပြဋ္ဌာန်းတဲ့ ဥပဒေသူတို့ ချိုးဖောက်တာပါပဲ။ အလံတခု ပြောင်းလို့လည်း ကိုယ်ပြုထားတဲ့ မကောင်းမှု အကုသိုလ်တွေ ကွယ်ပျောက် မသွားပါဘူး” ဟု ၎င်းက ဆိုသည်။

ယနေ့ ညနေ ၃ နာရီခွဲ ခန့်က ရန်ကုန်မြို့တော် ခန်းမ၌ တင်လိုက်သည့် အလံသစ် (ဓာတ်ပုံ - ဧရာဝတီ)
အသစ်ပြောင်းလဲလိုက်သည့် အလံသစ်များကို တနိုင်ငံလုံးအသုံးပြုနိုင်ရန် အခုရေ ၁ သန်းခန့် စတင်ချုပ်လုပ်နေပြီဖြစ်ကြောင်း၊ အလံ ၁ သိန်း ခွဲကို အမှတ် ၁ စက်မှုဝန်ကြီးဌာနက ချုပ်လုပ်မည်ဖြစ်ပြီး ကျန်သည့် အရေအတွက်ကို တင်ဒါစနစ်နှင့် ခေါ်ယူပြီး ပုဂ္ဂလိကအထည်ချုပ်စက်ရုံများအား အပ်နှံမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နယ်ခြားစောင့်တပ်များ၏ စစ်ဝတ်စုံ လက်မောင်းတံဆိပ်များကိုလည်း နိုင်ငံတော်အလံသစ်၏ ပုံစံအတိုင်း အဖြူရောင် ကြယ်ပွင့်ပါ သုံးရောင်ခြယ် အလံတံဆိပ်ပုံစံအဖြစ် အသုံးပြုထားခဲ့ပြီး ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်း အတိုက်ခံခဲ့ရသော မေလ အတွင်းတွင် ဆန္ဒခံယူပွဲများ ကျင်းပ အတည်ပြုခဲ့ရာ ပြည်သူ ၉၂. ၄၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

ရွေးကောက်ပွဲကို လူ ၅၀၀ ကျော် ဆန့်ကျင်ဆန္ဒပြ

2010-10-21

နိုဝင်ဘာ ၇ ရက်နေ့မှာ စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်မှာ ဒေသခံ တိုင်းရင်းသား လူအင်အား ၅၀၀ ကျော်လောက် ဒီကနေ့ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက စုရုံး ဆန္ဒပြခဲ့ကြတယ်လို့ အဲဒီ ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုစောထူးက RFA ကို ပြောပါတယ်။

“စစ်အာဏာရှင် ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုပဲ။ ကျွန်တော်တို့ ကြာအင်းဆိပ်ကြီးနဲ့ ချောင်းနှစ်ခွ ကားလမ်းရဲ့ အနားတဝိုက်မှာပဲ။ အဲဒီမှာ လူထုတွေပဲ။ ကျွန်တော်တို့ မွန်လည်းပါတယ်၊ ကရင်လည်း ပါတယ်၊ ရှမ်းတွေလည်း ပါတယ်၊ ဗမာတွေလည်း ပါတယ်။ အင်အား ၅၀၀ ကျော်ပါခင်ဗျ။”

ဆန္ဒပြခဲ့ကြတဲ့နေရာဟာ ချောင်းနှစ်ခွ ကျေးရွာအုပ်စု၊ သံပုရာကျေးရွာ ရယက ရုံးနဲ့ ၃ မိုင်လောက်ပဲ ဝေးပြီး ၊ စစ်အစိုးရ အာဏာပိုင်တွေဖက်က တစုံတရာ လာရောက် နှောင့်ယှက်တာ မရှိဘူးလို့ သိရပါတယ် ။ ဒေသခံတွေအနေနဲ့ စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကိုစောထူးက ပြောပါတယ် ။

“ကျွန်တော်တို့ ဆက်လက်ပြီးတော့ ပြမယ်၊ ဘာဖြစ်လို့လဲဆိုတော့ တခုပြီးတခုပေါ့နော် ။ ပြည်သူလူထုကလည်း ဒီ ၂၀၁၀ ရွေးကောက်ပွဲ ၊ ဒီ နအဖ ရွေးကောက်ပွဲကို လုံးဝ အယုံအကြည် မရှိဘူးလေ ။ နောက်ပြီးတော့ ဒီ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလည်း ဘယ်သူမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး ။ ဒါကြောင့် ၊ ဒီလှုပ်ရှားမှုတွေက ကျွန်တော်တို့ လှုပ်ရှားခြင်း ဖြစ်တယ်။ ဆက်လက် လုပ်သွားပါမယ် ။”

ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုစောထူး ပြောသွားတာပါ။ စစ်အစိုးရက ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေတချို့ကို မကြာခင်က ကြေညာခဲ့ရာမှာ ကရင်ပြည်နယ်က ဒေသတချို့လည်း ပါဝင်ပါတယ် ။

အများလက်မခံနိုင်တဲ့ ရွေးကောက်ပွဲဟု ကင်တားနား ပြော

Thursday, October 21, 2010

ကိုဝိုင်း | ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ အခြေခံ လူ့အခွင့်အရေးများကို တားမြစ် တင်းကျပ်ထားသဖြင့် မြန်မာရွေးကောက်ပွဲမှ အများလက်ခံနိုင်မည့် ရလဒ်ထွက်လာမည် မဟုတ်ကြောင်း လူ့အခွင့်အရေးသံတမန် မစ္စတာ သောမတ်စ် ကင်တားနားက ယမန်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။


စစ်အစိုးရ၏ ထောက်ခံမှုမရသော ကိုယ်စားလှယ်လောင်းများအနေဖြင့် “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်” တို့ တင်းကျပ်ခံထားရသည်ဟု သူက ဆိုသည်။ ကုလသမဂ္ဂက တောင်းဆိုထားသော ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရမည်ဆိုသည်ကိုလည်း နအဖက မဖော်ဆောင်သေးကြောင်း ထောက်ပြသည်ဟု ကုလညီလာခံက သတင်းထုတ်ပြန်သည်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က မနေ့က ထုတ်ပြန်သည့် ယခုနှစ် သတင်းစာနယ်ဇင်း လွတ်လပ်ခွင့်စံနှုန်း အစီရင်ခံစာတွင် ရဝမ်ဒါ၊ ဆီးရီးယား၊ မြောက်ကိုရီးယားတို့နည်းတူ မြန်မာနိုင်ငံတွင်လည်း သတင်းထောက်များကို ပြင်းထန်စွာ ဆက်လက်ဖိနှိပ်နေသည်ဟု ဖော်ပြထားသည်။

ရွေးကောက်ပွဲ ကျင်းပတော့မည့် မြန်မာနိုင်ငံ၌ လွတ်လပ်မှုအတွက် “နေရာမရှိ” သလို၊ အကျဉ်းချ အဓမ္မခိုင်းစေမှုများအတွက် ထုတ်ဖော်ရေးသားရန်လည်း မလွယ်ကူဟု RSF အစီရင်ခံစာက ဆိုသည်။ စစ်တမ်းပြုခဲ့သော ၁၇၈ နိုင်ငံ၌ မြန်မာနိုင်ငံသည် အဆင့် ၁၇၄ ဖြစ်သဖြင့် သူ့ထက်ဆိုးသော ၄ နိုင်ငံသာ ကျန်သည်ကို တွေ့ရသည်။

ရွေးကောက်ပွဲဥပဒေများက မှတ်ပုံတင်ကာလကို ကန့်သတ်ထားပြီး မှတ်ပုံတင်ကြေး မြင့်မားနေမှုနှင့် စည်းရုံးချိန် တိုတောင်းခြင်းတို့ကြောင့် ဝင်ပြိုင်မည့်သူများ အခက်ကြုံနေရမှုကိုမူ မစ္စတာကင်တားနားက ကုလ၌ ထည့်သွင်းပြောဆိုခဲ့သည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (ဒီ/ငြိမ်း) ဥက္ကဋ္ဌ ဦးအောင်သန်းကလည်း ယှဉ်ပြိုင်ရာတွင် အခြေခံအခွင့်အရေးများ ချိုးဖောက်ခံနေရသည်ဟု လက်ခံထားသည်။ ရွေးကောက်ပွဲဥပဒေအောက်၌ ပါတီအများစုမှာ အချိန်၊ ငွေနှင့် လူအားတို့ဖြင့် “အဖိခံ” ထားရသည်ဟု ဆိုသည်။

“ကြံ့ခိုင်ရေးနဲ့ တစညကလွဲပြီး တခြားပါတီတွေကို လာပြီးစည်းရုံးခွင့် မပေးတဲ့ နေရာတွေ ရှိပါတယ်။ လက်ကမ်းစာစောင်တောင်မှ ဝေလို့မရဘူး။ ပဲခူးတိုင်းထဲမှာ ရယကတွေ၊ ရပ်ကွက်ကော်မရှင်တွေက တားတာ။ ကျနော်တို့ကတော့ ဗဟိုကော်မရှင်ကို စာတင်ထားပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

စည်းရုံးရေးအတွက် ဖြန့်ဝေမည့် လက်ကမ်းစာရွက်များနှင့် ရုပ်သံ/ရေဒီယိုတို့၌ ဟောပြောမည့် အချက်အလက်နှင့် အကြောင်းအရာများကိုလည်း ကော်မရှင်နှင့် စာပေစိစစ်ရေး၏ ခွင့်ပြုချက်ရမှသာ ဖော်ပြ၊ ဟောပြောခွင့် ရကြသည်။ ဒုတိယအကြိမ် ပြန်တင်ပြရသည့်ပါတီများ ရှိသကဲ့သို့ မဟောပြောတော့ရန် ဆုံးဖြတ်ခဲ့သည့် ပါတီများလည်း ရှိသည်။

ပြည်တွင်းသတင်းထောက်တဦးကမူ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိကျပြီး အသေးစိတ် ဖော်ပြနိုင်ရန် သတင်းရင်းမြစ် အခက်အခဲတချို့ ရှိနေကြောင်းနှင့် အထူးသဖြင့် ကြံ့ဖွံ့ပါတီနှင့် ရွေးကောက်ပွဲကော်မရှင်ထံမှ အများသိလိုသည့် အချက်အလက်နှင့် အကြောင်းအရာများ မသိရကြောင်း ပြောဆိုသည်။

“ပြည်ခိုင်ဖြိုးပါတီက အချက်အလက် ဘာမှမရဘူးဆိုတာ အဓိကပြဿနာပဲ။ သူတို့ နာမည်ရေးခွင့်မရဘူး။ ပြောခွင့်မရဘူး။ ရုံးဖွင့်တာလောက်ပဲ ရေးခွင့်ရတယ်။ ကိုယ်စားလှယ်လောင်း အတိအကျတို့၊ ပြီးတော့ သူတို့ဆီက ကိုယ်စားလှယ်လောင်းတွေ အလိုလျောက် ရွေးချယ်ခံရတဲ့ မဲဆန္ဒနယ် ၄ဝ နဲ့ ၅ဝ နီးပါးလောက် ပါတယ်။ ဘယ်သူတွေလဲ၊ ဘယ်မဲဆန္ဒနယ်တွေလဲဆိုတာ ဘာမှမရဘူး” ဟု သူက ပြောသည်။

ကုလအထွေထွေညီလာခံ၌ မစ္စတာကင်တားနားက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ကုလစံနှုန်းများအရ စစ်ရာဇဝတ်မှုမြောက်သည်ဟု ခိုင်လုံသည့် အထောက်အထားများ ရရှိထားကြောင်း တင်ပြခဲ့သည်။ ယင်းရာဇဝတ်မှုများကို စစ်အစိုးရက တာဝန်ယူမဖော်ထုတ်နိုင်သဖြင့် ကုလမှ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့သင့်ကြောင်းလည်း ထပ်မံအကြံပြုတောင်းဆိုခဲ့သည်။

စစ်အစိုးရကိုယ်စားလှယ် ဦးသန့်ကျော်နှင့် ဦးဝဏ္ဏမောင်လွင်တို့ကမူ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အပြည့်အဝရှိသည်ဟု ငြင်းဆိုထားခဲ့ပြီးဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားမရှိပဲ “တည်ဆဲ ဥပဒေ” ချိုးဖောက်သဖြင့် အပြစ်ပေးခံနေသူများသာ ရှိသည်ဟု စစ်အစိုးရက တုံ့ပြန်လေ့ရှိသည်။

ကုလအထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်း၏ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် တရုတ် အာရှ ၄ နိုင်ငံခရီးစဉ်ကို နောက်တပတ် စတင်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း အာဆီယံ-ကုလ အစည်းအဝေးတွင် မြန်မာ့ လူ့အခွင့်အရေးနှင့် ရွေးကောက်ပွဲကိစ္စများ ဆွေးနွေးမည်ဟု အကဲခတ်များက ယူဆနေကြသည်။

စစ်အစိုးရ ထောက်ခံမှုမရသည့် အမတ်လောင်းများ “တပန်းရှုံး” သည်က မဲထည့်သည်ကို စောင့်ကြည့်မည့် မဲရုံကိုယ်စားလှယ်များ ချမပေးနိုင်ခြင်းဟု ဒီ/ငြိမ်း ဥက္ကဋ္ဌ ဦးအောင်သန်းက ပြောသည်။

၁၆ ရက်သာ လိုတော့သည့် “လွှတ်တော်ရွေးကောက်ပွဲ” တွင် ရွေးကောက်ပွဲလေ့လာသည့် ပြင်ပအဖွဲ့အစည်းများကို လက်ခံမည် မဟုတ်သကဲ့သို့ နိုင်ငံခြားသတင်းဌာနများ၏ ဌာနေသတင်းထောက်များ ရှိပြီးဖြစ်သဖြင့် ထပ်မံဝင်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်းလည်း အစိုးရ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက နေပြည်တော်၌ မကြာမီက ပြောဆိုခဲ့ပြီးဖြစ်သည်။

http://mizzimaburmese.com/news/regional/6319-2010-10-21-15-05-09.html